ကေတီဗီနဲ့မာဆပ်တွေရှိတဲ့ ဟိုတယ်မန္တလေးမှာ လူနာ ၂၂ ဦးအထိရှိလာ၊ မြူးဇစ်ဇုန်လို ဖြစ်မည်ကို စိုးရိမ်နေကြ

ကေတီဗီနဲ့မာဆပ်တွေရှိတဲ့ ဟိုတယ်မန္တလေးမှာ လူနာ ၂၂ ဦးအထိရှိလာ၊ မြူးဇစ်ဇုန်လို ဖြစ်မည်ကို စိုးရိမ်နေကြ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်း ၃၇လမ်းနဲ့ ၃၈လမ်းကြားက ဟိုတယ်မန္တလေးမှာ အခုရက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာ ၂၂ ဦးထိရှိလာနေပြီး အဲ့ဒီလူနာတွေဟာ ဟိုတယ်မှာအလုပ်လုပ်နေတဲ့ အမျိုးသမီးဝန်ထမ်းတွေပဲဖြစ်တယ်လို့ သိရပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာတော့ အဲ့ဒီပိုးတွေ့လူနာတွေဟာ ဟိုတယ်ကနေဖွင့်ထားတဲ့ ကေတီဗီ၊ အနှိပ်ခန်းမှာ အလုပ်လုပ်တဲ့သူတွေဖြစ်တယ်လို့လည်း ပျံ့နှံ့နေတာဖြစ်ပြီး ဒေသခံတွေကလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့အတွက် မဟာအောင်မြေမြို့နယ် အမှတ် ၉ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့”ဒါကတော့ ကျွန်တော်တို့က တရားဝင်လို့ပြောလို့မရဘူး၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနတို့ စည်ပင်တို့ အကုန်လုံးရဲ့ထောက်ခံပြီးကာမှ သီချင်းဆိုခွင့်ပေါ့ အဲ့ဒီဟာတွေကတော့ သူတို့မှာလုပ်ထားတာတော့ရှိတယ်ဗျ၊ ကျွန်တော်တို့ ရဲကတော့ ခွင့်ပြုပေးလို့မရပါဘူး၊ ခုကိုဗစ်ကာလမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် မိသားစု ကေတီဗီဖြစ်ဖြစ် ဘယ်ဟာမှမဖွင့်ခိုင်းပါဘူးဗျ၊ ကျွန်တော်တို့သိရသလောက်ကတော့ ဟိုတယ်မှာလုပ်တဲ့ ဝန်ထမ်းတွေပါပဲဗျ၊ ကေတီဗီ၊ မာဆပ်က ဝန်ထမ်းတွေမဟုတ်ပါဘူးဗျ၊ လူစာရင်းကတော့ ကျန်းမာရေးကအသိဆုံးဖြစ်မယ်၊ ခုတွေ့တာက ဟိုတယ်ဝန်ထမ်းတွေနဲ့ လာတည်းတဲ့သူ၊ သူတို့နဲ့ ဆက်စပ်ရာ ဆက်စပ်ကြောင်းလေးတွေပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ရက်နေ့က ဟိုတယ်မန္တလေးမှာ ကိုဗစ်အတည်ပြုလူနာ ၄ ဦးစတင်တွေ့ခဲ့တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနကကြေညာတဲ့ ကိုဗစ်အတည်ပြုလူနာစာရင်းထဲမှာ ဟိုတယ်မန္တလေးက ကိုဗစ်ပိုးတွေ့သူ ၁၈ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

အခုလိုဖြစ်နေတာတွေနဲပတ်သက်ပြီး ဟိုတယ်မန္တလေးကို ဖုန်းနဲ့ဆက်သွယ်ရာမှာတော့ ဖုန်းကိုင်ဖြေကြားမယ့်ဝန်ထမ်းမရှိပါဘူး။ ဟိုတယ်မန္တလေးသွားကြည့်တဲ့အခါမှာတော့ ဟိုတယ်ပတ်ဝန်းကျင်ကို အသွားအလာကန့်သတ်တာတွေ လုပ်ဆောင်ထားတာမရှိသေးဘဲ ဟိုတယ်ရဲ့ဝင်ပေါက်တံခါးကိုတော့ ပိတ်ထားတာကို မြင်ခဲ့ရပါတယ်။

ဟိုတယ်အနီးက ရပ်ကွက်ကတော့ စိုးရိမ်မှုတွေရှိတဲ့အတွက် မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ပြီး ဆေးဖြန်းတဲ့လုပ်ငန်းတွေကို ဒီကနေ့နေ့လယ်ပိုင်းက လုပ်ဆောင်နေတာဖြစ်ပါတယ်။ ရန်ကုန်မြို့က မြူးဇစ်ဇုံ ကေတီဗီနဲ့စားသောက်ဆိုင်မှာ ကိုဗစ်အတည်ပြုလူနာ ၈၀ကျော်တွေ့တာနဲ့ပတ်သက်ပြီး ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

မန္တလေးတိုင်း ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ကိုဗစ်သတင်းမှန်ပြန်ကြားရေး နှင့် သတင်းအမှားဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်ပြီး သတင်းစောင့်ကြည့်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ နေ့လယ် ၁း၃၀ကို ပြန်ဆက်ပေးပါလို့ပြောခဲ့ပြီး နေ့လယ်ပိုင်းမှာ ဖုန်း ၇ ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေကြားတာမရှိခဲ့ပါဘူး။

မန္တလေးတိုင်းမှာ ဒီကနေ့မနက်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၂၀၀ နီးပါးရှိနေပြီး သေဆုံးလူနာ ၁ ဦးရှိနေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page