ကမ္ဘာမှာ တခါမှ မကြားဖူးသေးတဲ့ ဆေးရုံလော့ဒေါင်းချမှု (ဆန်းလွန်းတဲ့ အကွက်တွေကြောင့် လိုက်မမီတော့တဲ့အဖြစ်)

ကျန်းမာရေးစောင့်ရှောက်မှု စနစ်ပြိုလဲခြင်းနဲ့ ကမ္ဘာမှာ တခါမှ မကြားဖူးသေးတဲ့ ဆေးရုံလော့ဒေါင်းချမှု

ဆေးရုံ ​လော့ဒေါင်းများနှင့် ဒေါ်မေမြတ် အမြင်

မြန်မာပြည်ကိုဗစ်အကြောင်းရေးရမှာ ဒေါ်မေမြတ် အတော်လက်တွန့်ပါတယ်။ ဝန်ကြီးထက်တတ်တယ်ထင်လို့လား၊ကျန်းမာ​ရေးဝန်ကြီးဌာနမှာ plan မရှိဘူးလို့ထင်လို့လား အစရှိသဖြင့် အထင်လွဲခံရပါတယ်။ တခါတရံ လူတွေဟာ အလုပ်တခုကို ထဲထဲ ဝင်ဝင် လုပ်ရတဲ့အခါ နေ့စဥ်လုပ်ငန်းတွေနဲ့ ရှုပ်နေတဲ့အတွက် overview မမြင်မိတာတွေ ရှိတတ်ပါတယ်။ အဝေးကလှမ်းကြည့်နေသူအဖို့ bird-eye view နဲ့ မြင်မိတာတွေ ရှိတတ်ပါတယ်။

ကိုဗစ် ကာကွယ် ထိန်းချုပ်ရေးနည်းလမ်းတွေ ရေးရင်း မိတ်ဆွေသူငယ်ချင်းများကြား အမြင်မတူဖြစ်၊ အခင်အမင်ပျက်ရတာတွေကြောင့် ကိုဗစ်နဲ့ ပတ်သတ်ပြီးမရေး​တော့ဘူးလို့ ဒေါ်မေမြတ် ဆုံးဖြတ်ဖူးပါတယ်။ ဒါပေမယ့် ခုတလော မြင်ရကြားရတဲ့ အဖြစ်အပျက်တွေအပေါ် ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ကို မရေးမိရင် ပိုပြီး နောင်တရမိမှာမို့ ရေးမိပြန်ပါပြီ။

သေချာတာ တခုကတော့ ဒေါ်မေမြတ်မှာ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ တိုက်ခိုက်လိုစိတ်အလျှင်းမရှိပါဘူး။ ဒေါ်မေမြတ် စာတွေရေးတာဟာ ကျော်ကြားလိုလို့ မဟုတ်သလို ငွေရလို့လည်းမဟုတ်ပါဘူး။ မြန်မာပြည်ကိုချစ်တဲ့ မြန်မာပြည်သား ဆရာဝန်တယောက်အနေနဲ့ ကိုယ့်ရဲ့ စာပေဗဟုသုတ၊ နိုင်ငံတကာ အတွေ့အကြုံနဲ့ယှဥ်တဲ့ အကြံဥာဏ် နည်းလမ်းများကို ရိုးရိုးသားသား တင်ပြခြင်းသာ ဖြစ်ပါတယ်။

​ပြည်သူလူထုရဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို primary health care ကနေစပါတယ်။ မြို့နေလူထုအတွက်ဆို အထွေထွေဆေးခန်းတွေပါ။ အထွေထွေ တွေခံထားတဲ့အတွက် တော်ရုံတန်ရုံလူနာတွေဟာ ဆေးရုံသွားစရာမလိုဘဲ ကိုယ်ရပ်ကွက်မှာတင် ကျန်းမာရေးစောင့်ရှောက်မှု ပြီးသွားတာများပါတယ်။ secondary health care ဆိုတာ သာမန်ဆေးရုံတွေပါ။ tertiary health care ဆိုတာ အထူး သီးသန့်ဌာနရှိတဲ့ဆေးရုံတွေပါ (ဥပမာ ဦးနှောက်ခွဲစိတ်၊ နှလုံးခွဲစိတ်)။

အခု ကာလမှာ အထွေထွေတွေ အတော်များများ ပိတ်ကုန်ကြပါတယ်။ အကြောင်းရင်းက Q ကြောက်ကြလို့ပါ။ ကိုယ့် ဆေးခန်းကနေ ပိုးတွေ့လူနာထွက်တာနဲ့ ကိုယ်ပါ Q ၂၁ရက် (ယခု ၁၄ရက်) ဝင်ရပါပြီ။ level 2 PPE ကာကွယ်ရေးဝတ်စုံ ဝတ်ပြီးကုသရင် Q ဝင်စရာမလိုပါဘူးလို့ အထက်ကညွှန်ကြားချက်ရှိသော်ငြား မြေပြင်မှာတော့ တပြေးညီ ကျင့်သုံးခြင်းမရှိတဲ့ အတွက် အထွေထွေဆရာဝန် Q ရခြင်းဟာ ပြသနာတရပ် ဖြစ်နေပါတယ်။ ဒီလိုနဲ့ Q တခါထွက်လို့ နောက်လူနာတယောက်မှာ ပိုးတွေ့တာနဲ့ Qပြန်ဝင်ရမယ်ဆို ဒီဆရာဝန်ဟာ အလုပ်လုပ်ချိန်မရှိတော့ပါဘူး။ Q စခန်းမှာပဲ အမြဲနေရတော့မှာပါ။ ဒါ့ကြောင့်လည်း အထွေထွေ ဆရာဝန်တွေဘက်က ကြည့်ရင်လည်း ပိတ်ထားတာကမှ သူတို့အတွက် ပိုအဆင်ပြေသလိုဖြစ်လို့ ပိတ်ကုန်ကြတာပါ။

အဲ့လို အထွေထွေဆေးခန်းတွေပိတ်တဲ့အတွက် အကျိုးဆက်က ဘာဖြစ်သွားလည်းဆိုတော့ primary health care ပြိုသွားတဲ့အတွက် secondary health care မှာ သွားပုံပါတယ်။ ဆေးရုံတွေကို သွားရပါပြီ။ ငွေကြေးတတ်နိုင်သူက ပုဂ္ဂလိက ဆေးရုံသွားပါတယ်။ မတတ်နိုင်သူက အစိုးရဆေးရုံ သွားပါတယ်။ အဲ့ဒီမှာ ပြသနာစပါပြီ။ တဖက်က ပြသလိုသူ လူနာတွေက ပိုများလာသော်ငြား ကိုဗစ် အတွက်ခွဲပေးလိုက်ရလို့ ကျန်းမာ​ရေး အင်အားလျော့ပါးမှုနဲ့ ဆေးရုံတွေဟာ မူလ လုပ်ငန်းတွေထက် ထက်ဝက်၊ သုံးပုံတပုံသာ ဝန်ဆောင်မှုပေးနိုင်ပါတော့တယ်။

အကျိုးဆက်အနေနဲ့ကတော့ ကိုဗစ်ရောဂါမဟုတ်သူ လူနာများ အလွန့်အလွန် နစ်နာရ၊ ဒုက္ခ ရောက်ရပါတယ်။ ရောဂါတွေ ပိုဆိုးလာပါတယ်။ ခွဲစိတ်မှုတွေ နောက်ရွှေ့တာတို့၊ ကင်ဆာကုထုံးတွေ မပေးနိုင်တာတို့၊ အမြဲ စောင့်ကြည့်ရမယ့်လူနာတွေကို မလုပ်နိုင်တာတို့ကြောင့် အသက်ဆုံးရှုံးရတာဟာ ကိုဗစ်သေဆုံးမှု ၁၄ ဦးထက် အဆပေါင်းများစွာရှိနေမယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ ဒီလို ကိုဗစ်မဟုတ်တဲ့ လူနာတွေအတွက် ပြေးစရာ မြေရှားပါးနေချိန်မှာ ပုဂ္ဂလိက ဆေးရုံအချို့ လော့ဒေါင်း လုပ်ခံရတာ၊ အစိုးရဆေးရုံရဲ့ အချို့သော အတွင်းလူနာ ward တွေ လော့ဒေါင်း လုပ်တာ၊ ဆေးရုံ ပြင်ပလူနာဌာန အချို့ လော့ဒေါင်း လုပ်တာကို ကြားရတဲ့အခါ ဒေါ်မေမြတ် အကြီးအကျယ် ရှော့ ရပါတယ်။

ဒီလို ဆုံးဖြတ်ချက်ကို အတော်ကြီးတုန်လှုပ်မိပါတယ်။ ကမ္ဘာပေါ်မှာ တခါမှ မကြားဖူးသေးတဲ့ ဆေးရုံလော့ဒေါင်း ပေါ်လစီပါ။ ဆေးရုံကူးစက်မှု ထိန်းချုပ်ရေး ပေါ်လစီ ဆိုတာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးဝတ်စုံ PPE ဆိုတာတွေဟာ ဒီလို ဆေးရုံဆေးခန်းတွေ ပိတ်မပြစ်ရအောင် ကာကွယ်ပေးထားတဲ့ လက်နက်တွေ ဖြစ်ပါတယ်။ ဆေးရုံဆေးခန်းဆိုတာဟာ ရောဂါကုဖို့နေရာဖြစ်တဲ့အတွက် ဆေးရုံဆေးခန်းမှာ ပိုးတွေ့ခြင်းဟာ မဆန်းသလို ရှောင်လွှဲလို့လည်းမရပါဘူး။

ကိုဗစ်ဟာ ကမ္ဘာပေါ်က ချက်ချင်း ပျောက်ကွယ်သွားမယ့် ရောဂါမဟုတ်တဲ့အတွက် ဒီလိုသာ ပိုးတွေ့တိုင်း ဆေးရုံ ​လော့ဒေါင်း မယ်ဆို လူနာတွေ အတွက် ပြေးစရာမြေမရှိတော့ပါဘူး။ ကျန်းမာရေးစနစ် လုံးဝ ပြိုလဲသွားမှာ ဖြစ်သွားပါမယ်။ တခြားနိုင်ငံတွေကို လေ့လာကြည့်ပါ။ အာရှထဲက အိမ်နီးချင်းတွေ ပဲကြည့်ကြည့်၊ အနောက်ဥရောပ အမေရိကားပဲ ကြည့်ကြည့် ဘယ်နိုင်ငံမှာမှ ဆေးရုံ လော့ဒေါင်း ဆိုတာ မရှိသလို လုပ်ဖို့လည်း မသင့်လျှော်ပါ။

တကျော့ပြန် ကိုဗစ်ကြောင့် ရှေ့တန်းက ကျန်းမာရေး ဝန်ထမ်းတွေ အတော်ပင်ပန်းဝန်ပိနေကြတာ ကြားသိမြင်နေရတာ အတော် စိတ်မကောင်းဖြစ်ရသလို ကိုယ့်ရဲ့ ဆေး​​လောကညီအကိုမောင်နှမဟီးရိုးများအတွက် လေးစားဂုဏ်ယူရပါတယ်။ တပြိုင်နက်တည်းမှာလည်း ဆေးရုံတွေရဲ့ အလုပ်ပိနေမှုကို ဖြေလျော့ဖို့ အရေးတကြီးလိုအပ်နေပြီလို့ ယူဆပါတယ်။ အဲ့ဒီအတွက် ပြိုလဲသွားတဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု စနစ် ကို ပြန်အသက်သွင်းရပါမယ်။ အထွေထွေကု တွေကို level 2 PPE နဲ့ ဖွင့်ခွင့်ပြုပြီး လူနာပိုးတွေ့သော်ငြား Q စရာ မလိုအောင် အာမခံချက် ပေးရပါမယ်။

ညွှန်​ကြားချက်အတိုင်း မြေပြင်မှာ တပြေးညီဖြစ်စေဖို့ စောင့်ကြည့်သင့်ပါတယ်။ နောက်တခါ ကိုဗစ် လူနာများ ဆေးရုံတင်လာရင် လုပ်ရမယ့် လုပ်ငန်းစဥ်တွေ ကို ပြောင်းကို ပြောင်းရပါမယ်။ လက္ခဏာ မပြတဲ့ လူနာတွေ နဲ့ သိပ်မပြင်းထန်တဲ့ လူနာများကို လူ့အရင်းအမြစ် အနည်းဆုံး နဲ့ သီးသန့်အဆောင် တခုမှာသာကုသပြီး ဆေးရုံ ကို မသုံးမပြုစေသင့်ပါဘူး။ ဒါမှသာ ဆေးရုံရဲ့ အလုပ်ပိမိမှုကို လျေ့ကျပြီး ရေရှည်တောင့်ခံနိုင်မှာပါ။ အရေးအကြီးဆုံးကတော့ ဆေးရုံတွေမှာ (ပုဂ္ဂလိက ရော၊ အစိုးရ ရော) ကူးစက်မှု ထိန်းချုပ်ရေးကော်မတီ ဖွဲ့ပြီး အမြဲမပြတ် ကြီးကြပ်စေခြင်းနည်းလမ်းနဲ့ ဆေးရုံပိတ်ခြင်းကနေ ရှောင်လွှဲဖို့ပါ။ ဒါမှသာလျှင် ကျန်းမာရေးစနစ်ပြိုလဲခြင်းက ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ် အနေနဲ့ကတော့ တာဝန်ရှိသူများအနေနဲ့ ကိုဗစ်ထိန်းချုပ်မှုမှာ မိမိရဲ့ ရင်းမြစ် တွေကို မှန်မှန်ကန်ကန် အသုံးချပြီး သင့်လျော်တဲ့မူဝါဒများ ချမှတ်လို့ ကိုဗစ် နဲ့ ကိုဗစ်မဟုတ်တဲ့ လူနာများကို အချိုးကျကျ ဖြစ်ဖြစ် ချိန်ညှိနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ ချစ်တဲ့ မြန်မာပြည်သူပြည်သားများ ကျန်းမာချမ်းသာကြပါစေ။

မေတ္တာဖြင့်
ဒေါ်မေမြတ်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page