ဆေးရုံ ကုတင်များ ပြည့်နေသောကြောင့် လှိုင်မြို့နယ်ရှိ ပိုးတွေ့လူနာများကို ကုသရန် အခက်အခဲ ဖြစ်နေ

ဆေးရုံ ကုတင်များ ပြည့်နေသောကြောင့် လှိုင်မြို့နယ်ရှိ ပိုးတွေ့လူနာများကို ကုသရန် အခက်အခဲ ဖြစ်နေ

လှိုင်မြို့နယ်မှာ အနံ့ပျောက်သံသယလူနာတွေနဲ့ ဖျားနာလူနာတွေကို ဆေးရုံကိုပို့ဖို့ အခက်အခဲရှိနေလို့ သူတို့ကို သီးသန့်ထားဖို့ စီစဉ်နေတယ်လို့ လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

လှိုင်မြို့နယ် ဖျားနာကုအခမဲ့ဆေးခန်းမှာ ဖွင့်ရက်တစ်ရက်ကို လူ (၄၀) ဝန်းကျင်လောက် လာပြနေကြပြီး အနံ့ပျောက်တဲ့သူ အယောက် (၂၀) ကို နှာခေါင်းတို့ပတ်စစ်ဆေးရာမှာ (၁၉) ယောက်မှာ ပိုးတွေ့ရှိတာ ဖြစ်တယ်လို့ ဦးကျော်ကျော်ထွန်းက ရှင်းပြပါတယ်။

အဲဒီလိုလူတွေကို ဆေးရုံတွေကို ပို့ပေမယ့် အခုနောက်ပိုင်းဆေးရုံတွေ မှာလည်း ကုတင်တွေပြည့်နေ တာကြောင့် လက်မခံနိုင်လို့ သံသယလူနာတွေကို အိမ်ပြန်လွှတ်နေရတယ်လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

“ရပ်ကွက်ကလည်း ဒီလောက်အနံ့ပျောက်နေတဲ့လူကို အိမ်ပြန်လာတာကို သိပ်လက်သင့်မခံချင် ဘူး။ နောက်တစ်ခု က သူတို့ကိုယ်တိုင်ကိုယ်ကလည်း မိသားစုကများတဲ့လူတွေရှိတယ်။ တစ်ခါ တစ်လေကျရင်နေရထိုင်ရတာက ကြပ်တည်းတော့ သူတို့ကိုယ်တိုင်ကို အိမ်မှာမနေချင်ဘူးပေါ့လေ။ တစ်ခြားလူကြီးတွေ ဘာတွေကူးမှာစိုးလို့ အဲလိုအနေအထားမှာ ကျွန်တော်တို့ တော်တော်လေးအဆင်မပြေ ဖြစ်တာပေါ့။ Quarantine စင်တာလိုမျိုးသဘောမျိုး တစ်ခု လုပ်ပြီးတော့ ဒီလူတွေကို စောင့်ရှောက်ထားမလို့ပေါ့။ ဆေးရုံရတဲ့နေ့ ဆေးရုံအားတဲ့နေ့ ဆေးရုံကရပြီဆိုရင် လွှဲပေး ချင်တာပေါ့။ ဆေးရုံကတော့ ဘယ်လိုလုပ် လည်းဆိုတော့ ဖျားနာတဲ့သူကိုတော့ သူတို့မရရအောင် လက်ခံပေးတယ်။ နှစ်ယောက်သုံးယောက် လောက်ကိုတော့ သူတို့လက်ခံပေးနေတယ်။ ကျန်တာကတော့သူတို့လက်မခံနိုင်ဘူး ဖြစ်နေတယ်” ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

လှိုင်မြို့နယ်မှာ အနံ့ပျောက်၊ ဖျားနာတဲ့ သံသယလူနာတွေကို Quarantine စင်တာလိုမျိုးသီးသန့် ထားရှိဖို့လုပ်ဆောင်နေပေမယ့် တိုင်းကျန်းမာရေးကိုလည်းစာတင်ထားပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲကို တိုင်းကိုဗစ်ကော်မတီကိုလည်း တင်ပြထားတယ်လို့ပြောပါတယ်။

လှိုင်မြို့နယ်မှာဆို ပိုးတွေ့ရှိတဲ့လူနာ ၁၄၀ ဝန်းကျင်လောက်ရှိနေပြီး ပြန်လည်သက်သာလာသူတွေလည်းရှိသလို သေဆုံးသူ ၁ ဦးရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page