ဒီဇင်ဘာ ခရစ္စမတ်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် အင်းယားကန်ဘောင် လုံးဝမဖွင့်ဟု ဦးဖြိုးမင်းသိန်းပြော
ဒီဇင်ဘာ ခရစ္စမတ်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် အင်းယားကန်ဘောင် လုံးဝမဖွင့်ဟု ဦးဖြိုးမင်းသိန်းပြော
ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ Stay at Home စည်းကမ်းများကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားမည်ဖြစ်ပြီး အင်းယားကန်ဘောင်ကိုလည်း ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောပါတယ်။
“ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွေမှာ Stay at Home ကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်မှာပါ။ နှစ်သစ်ကို ကျန်းမာစွာဖြင့်ဖြတ်သန်းနိုင်ဖို့ဆောင်ရွက်မှာပါ” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ၎င်း၏ လူမှုကွန်ရက်မှတဆင့် အသိပေး ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးည အင်းယားကန်ဘောင်ဖွင့်လှစ်ထားမှု ရှိ မရှိ နှင့်ပတ်သက်၍ မေးမြန်းမှုကိုလည်း “မဖွင့်ပါဘူး၊ တင်းကြပ်မှာပါ”ဟု ပြန်လည်ဖြေကြားထားပါတယ်။
အင်းယားကန်ဘောင်တွင် အများပြည်သူ အပန်းဖြေနိုင်မည့်နေရာ သုံးနေရာရှိပြီး ပြည်လမ်းဘက်ခြမ်းတွင် တနေရာ၊ ကမ္ဘာအေးလမ်းဘက်ခြမ်းတွင် နှစ်နေရာအဖြစ် ရှိနေပါတယ်။
နှစ်သစ်ကူးည အင်းယားကန်ဘောင်တွင် လုံခြုံရေးဆောင်ရွက် ထားရှိနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ရန်ကုန်စည်ပင်၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ ဌာနမှူးဦးကိုကိုလင်းက ပြောပါတယ်။
“စည်ပင်က ဒီဘက်ကို အင်အား ၅၀ ၊ ဟိုဘက်ကိုလည်း အင်အား ၅၀ တိုးတယ်။ လုံစည်းကလည်း ၁၀ ယောက်စီ ထပ်တိုးတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးကို တင်ပြထားတာကတော့ ထွေအုပ်ရယ်၊ နယ်မြေခံရဲရယ်၊ မီးသတ်တပ်ဖွဲ့ရော ပူးပေါင်းဆောင်ရွက်ပေးဖို့ တင်ပြထားတယ်။ အဲဒီမှာ ကြပ်မတ်မယ်။ စည်းကမ်းထိန်းသိမ်းမယ်။ မလိုလားအပ်တဲ့ ပြဿနာမဖြစ်အောင် ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ သတိပြုနိုင်အောင် နှိုးဆော်သွားဖို့ ဆောင်ရွက်ထားပါတယ်” ဟု ၎င်းက ပြောပါတယ်။
ရန်ကုန်မြို့ ပြည်လမ်းရှိ အင်းယားကန် ဘောင်တွင် နှစ်သစ်ကူးကြိုဆိုရန် လာရောက်လည်ပတ်သူ နှစ်စဉ်များပြားလေ့ ရှိပါတယ်။