လျှပ်စစ်မီး (၅) နာရီလာ (၅) နာရီပျက်မည် ဆိုသည့် လတ်တ‌လော ပွတ်လောရိုက်နေတဲ့ ကိစ္စ

လျှပ်စစ်ဓာတ်အားလိုင်းအား ၅ နာရီလာ ၅ နာရီပျက်မည်ဆိုသည့် သတင်းကြောင့် မြို့နေပြည်သူများအကြား ​ပြောဆိုနေကြရုံတင်မက လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ပါ ပြောဆိုနေကြသည်ကို တွေ့လာရပါတယ်။

“အခု တောင် လာချင်တဲ့ အချိန်လာ ပျက်ချင်တဲ့ အချိန်ပျက်နေတာကို ၅ နာရီလာ ၅ နာရီပျက်ဆိုလို့ကတော့ ထမင်းချက်စားဖို့ ၊ ရေတင်ဖို့တွေ ဘယ်လို လုပ်ရပါတော့မလည်း၊ ညသန်းခေါင် ဟင်းထချက်မယ့် ပုံမှာရှိတယ်၊ သတင်းကကြားနေရပြီး ဟုတ်လား မဟုတ်လားတော့ စောင့်ကြည့်ရမှာပဲ” ဟု မရမ်းကုန်မြို့နေ ပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိကာလတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အများစု၌ လျှပ်စစ်မီး မမှန်သည့် ပြဿနာများကြုံတွေ့နေရပြီး အလှပြင်ဆိုင်လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ စာစီစာရိုက်နှင့် မိတ္တူလုပ်ငန်းများ၊ CNG ဖြည့် ရသည့် မော်တော်ယာဥ်များ အစရှိသည့် လျှပ်စစ်မီးအသုံးပြုနေရသည့် လုပ်ငန်းများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်းသိရသည်။

“မီးမမှန်တာကတော့ တော်တော်ဆိုးတယ်၊ မီးမမှန်တဲ့ကြားက စက်သုံးဆီဈေးတွေကလည်းတက်နေတယ်လေ အချိန်ကျကျခက်ခဲနေပေမယ့် ဆံပင်တခါလျှော်တာကို ၃ထောင်ထက်ပိုတောင်လို့မရဘူးလေ ဒါတောင် လွန်လှပြီ အခုက ဆီက တစ်လီတာကို ၅၀၀၀ ပေးရတယ် ဒဂုံမှာ က အဲ့တော့ မီးပျက်ချိန်ဆို ပုန်းနေရတယ်၊ ဘယ်လိုမှ မကိုက်လို့ မီးလာမှ ပြန်လာဖို့ လာသမျှ ကာစတန်မာတွေကိုတောင်းပန်ပြီး ပြန်လွှတ်နေရတယ်” ဟု အရှေ့ဒဂုံ၌ ဖွင့်လှစ်ထားသည့် အလှပြင်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

၅ နာရီလာ ၅ နာရီပျက်မည်ဟု လျှပ်စစ်ဌာနမှ ကြေညာခဲ့သည်မှာ ရေစကြိုမြို့ အတွက်ဖြစ်ပြီး ရေစကြိုမြို့၌ နိုဝင်ဘာလ ၄ ရက်လောက်ကစတင်ကာ လျှပ်စစ်မီး ပြတ်တောက်လာခဲ့ပြီး လာမည့် နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်အား ၅ နာရီလာ ၅ နာရီပျက်သည့် စနစ်ဖြင့် ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး တချို့နေရာများ၌ overload ကြောင့် ပျက်ချိန် ၅ နာရီမက ကြာမည်ဖြစ်ပြီး လာချိန် ၄ နာရီသာ ရှိမည့် နေရာများလည်းရှိနိုင်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ထိုကဲ့သို့ လျှပ်စစ်မီးများပြတ်တောက်နေရခြင်းမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဆောခီးဒေါရွာအနီးရှိ လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင် တိုင်အမှတ် (၁၁၀) A2 အမျိုးအစား Suspension တိုင်နှင့် တိုင်အမှတ် (၁၁၁) Ba2 အမျိုးအစား Tension တိုင်တို့အား နိုဝင်ဘာ ၃ ရက်၊ ည ၈ နာရီခန့်က မိုင်းပေါက်ကွဲကာ တာဝါတိုင်များကျိုးကျပျက်စီးခဲ့ပြီး ၁၃၂ ကေဗွီ ဘီလူးချောင်း (၂)-တီကျစ် ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့​ခြင်းကြောင့် အခြားသော မြို့နယ်များတွင်ပါ လျှပ်စစ် ဝန်အားလျော့ချကာ တစ်နိုင်ငံလုံးမီးလင်းရေးအတွက် မျှဝေပေးနေရကြောင်း ရေစကြို လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ ဓာတ်အားပေးစက်ရုံအားလုံးဟာ link ချိတ်ပြီး System လိုင်းပေါ်မှာ ပေါင်းထားတာပါ အာ့တော့ ကယားမှာရှိတဲ့ လောပိတဟာ တစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်၊ စက်ရုံအားလုံးထုတ်လုပ်နိုင်တဲ့အခါ balance ဖြစ်ပေမယ့် စက်ရုံတစ်ရုံ ပြုတ်သွားရင် လူဆယ်ယောက်ကန်နေတဲ့ ဘောလုံးပွဲ တစ်ခုမှာ တစ်ယောက်အနီကတ်ပြခံလိုက်ရသလိုပါပဲ ထုတ်ခံလိုက်ရတာ တိုက်စစ်မှူး ဆိုပေမယ့် Teamwork နဲ့ သွားရတာဖြစ်လို့ ကွင်းလယ် ခံစစ် အကုန်လုံးအားနည်းသွားရပါတယ်” ဟု ရေစကြို လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ယက်မှ တစ်ဆင့် ​ပြောကြားထားသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်ထားသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပေါ်နေခြင်းကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (433)MW ခန့် လျော့နည်းလျက်ရှိ​သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ နေရာအချို့တို့၌ ယာယီဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါကြောင်းကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page