ထိုင်းမှာ ရောင်းချနေတဲ့ EV လျှပ်စစ်ကား‌ စျေးနှုန်းများနှင့် မြန်မာပြည်မှာ EV ကား အခွန်ကင်းလွှတ်ခွင့်ပေးတဲ့ ကိစ္စ

ယခုလ အစပိုင်းမှ စ၍ BYD ကား Showroom ရှေ့မှာ ATTO3 လျှပ်စစ်ကားများ ဝယ်ယူရန် ထိုင်းတစ်ချို့ တန်းစီစောင့်စိုင်းခဲ့ကြပါတယ်။ ထိုင်းမှာ လျှပ်စစ်ကားတွေဟာ လူကြိုက်များလာပြီး နာမည်ကြီး ကားထုတ်လုပ်သူတွေဟာ လျှပ်စစ် ကားတွေကို ပိုမိုထုတ်လုပ်လာကြပါတယ်။

လျှပ်စစ်ကားတွေဟာ လောင်စာဆီ ကုန်ကျမှု သက်သာစေပြီး သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု နည်းပါးစေတဲ့အကျိုး ကျေးဇူးတွေ ရှိပါတယ်။ ထိုင်း အစိုးရက လျှပ်စစ်ကား ဝယ်ယူမှုကိုထောက်ပံ့တဲ့ မူဝါဒတွေ ချမှတ်ထားတဲ့အတွက် ထိုင်းမှာ လျှပ်စစ်ကားတွေကို စိတ်ဝင်စားမှုများစွာ ရှိလာပါတယ်။ အဲဒီအတွက် ထိုင်းမှာ လျှပ်စစ်ကားရောင်းချမှုနဲ့ လျှပ်စစ်ကား အားသွင်းစက်တွေ များလာပါတယ်။ လက်ရှိ ထိုင်းမှာ လျှပ်စစ်ကား မော်ဒယ် ၁၀ ခုကျော်ရောင်းချထားပြီး တန်ဖိုးနည်း ကားကနေ တန်ဖိုးကြီး ဇိမ်ခံကားတွေအထိ ရှိပါတယ်။ လျှပ်စစ်ကားတွေရဲ့စျေးနှုန်းကို ဖော်ပြပေးလိုက်ပါတယ်။ (ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၈၀ ခန့်)

၁။ Pocco Duoduo

လျှပ်စစ်ကား နယ်ပယ်မှာ ရှေ့တန်းရောက်နေတဲ့ တရုတ်က ထုတ်တဲ့ တန်ဖိုးနည်း လျှပ်စစ်ကား ၁ စီးဖြစ်ပြီး Pocco Duoduo ဟာ မြင့်မားပြီး တံခါး ၄ ပေါက်နဲ့ ထိုင်ခုံ ၄-၅ ခု တပ်ဆင်ထားပါတယ်။ အရွယ်အစား ကျစ်လစ်ပြီး ဒီဇိုင်းက ခေတ်ဆန်ပါတယ်။ လျှပ်စစ် မော်တာမှာ အမြင့်ဆုံး မြင်းကောင်ရေ ၃၉ (၂၉ ကီလိုဝပ်) ရှိပြီး ၁ နာရီကို ၁၀၀ ကီလိုမီတာ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။

သူ့ကို မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပြီးဘက်ထရီ အရွယ်အစား 10.3 kWh မော်ဒယ်အားသွင်းရင် ၆ နာရီကနေ ၈ နာရီ ကြာမြင့်ပြီး ၁၂၈ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်က ၃၈၉,၀၀၀ ဘတ် ကနေစတင်ပါတယ်။ ဘက်ထရီ အရွယ်အစား 14.5 kWh မော်ဒယ်အားသွင်းရင် ၆ နာရီကနေ ၈ နာရီ ကြာမြင့်ပြီး ၁၇၈ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ ဈေးနှုန်းက ၄၄၉,၀၀၀ ဘတ် ဖြစ်ပါတယ်။

၂။ Wuling Hongguang MINI EV

Wuling Hongguang MINI EV ကိုလည်း တရုတ်မှထုတ်လုပ် ထားတာ ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ် မော်တာကို သုံးထားပါတယ်။

အမြင့်ဆုံး မြင်းကောင်ရေ ၂၇ (၂၀ ကီလိုဝပ်) ရှိပြီး ဘက်ထရီ အရွယ်အစားက 13.9 kWh ဖြစ်ပါတယ်။ အားသွင်းရင် ၉ နာရီကြာပြီး ၁၂၀ ကနေ ၁၇၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်ပါတယ်။ ထိုင်းမှာ ၃၉၄,၈၃၀ ဘတ်နဲ့ ရောင်းချထားပါတယ်။

၃။ FOMM One

ကမ္ဘာ့ အသေးဆုံး ၄ ယောက်စီး လျှပ်စစ်ကား ဖြစ်ပြီး အရောင်စုံ ဒီဇိုင်း သုံးထားပါတယ်။ ရေလွှမ်းမိုးနေတဲ့ နေရာတွေမှာ မောင်းနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ 5kW မော်တာ ၂ လုံး တပ်ဆင်ထားပြီး လျှပ်စစ်စွမ်းအင်ကို ၁၀၀ ရာခိုင်နှုန်း သုံးထားပါတယ်။

အမြင့်ဆုံး မြင်းကောင်ရေ ၁၃.၄ (၁၀ ကီလိုဝပ်) ရှိပြီး အားသွင်းရင် ၆ နာရီကနေ ၈ နာရီအထိ ကြာပါတယ်။ ၁၆၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး ၄၉၉,၉၀၀ ဘတ် သတ်မှတ်ထားပါတယ်။

၄။ Takano TTE500

Takano TTE500 ဟာ လျှပ်စစ် ပစ်ကပ် ထရပ်ကား ဖြစ်ပါတယ်။ ၃၀၀ ကီလိုဂရမ် အလေးချိန် တင်ဆောင်နိုင်ပြီး အမြင့်ဆုံး မြင်းကောင်ရေ ၆.၇ ရှိပါတယ်။ အမြန်ဆုံးနှုန်း အနေနဲ့ ၁ နာရီကို ၆၀ ကီလိုမီတာပဲ မောင်းနှင်နိုင်တဲ့အတွက် ခရီးတိုသွားဖို့ပဲ သင့်တော်ပါတယ်။

ဘက်ထရီအရွယ်အစားက 11kWh ဖြစ်ပြီး အားသွင်းရင် ၆ နာရီကနေ ၇ နာရီကြာပါတယ်။ ၁၀၀ ကနေ ၁၂၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး ထိုင်းမှာ ၄၉၀,၀၀၀ ဘတ်နဲ့ ရောင်းချထားပါတယ်။

၅။ LEXUS UX 300e

LEXUS UX 300e ဟာ တန်ဖိုးကြီး ဇိမ်ခံလျှပ်စစ်ကား စီးချင်သူတွေအတွက် ထုတ်လုပ်ထားတာပါ။ LEXUS ရဲ့ လျှပ်စစ်စွမ်းအင်ကို ၁၀၀ ရာခိုင်နှုန်း သုံးထားတဲ့ ပထမဆုံးကား ဖြစ်ပြီး ဒီဇိုင်းက ခန့်ညားပါတယ်။ မြင်းကောင်ရေ ၂၀၁ ရှိပြီး 54 kW ဘက်ထရီကို ၈ နာရီ အားသွင်းရပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃,၄၉၀,၀၀၀ ဘတ် သတ်မှတ်ထားပါတယ်။

သင်ဟာ လျှပ်စစ်ကား ဝယ်ဖို့ စိတ်ဝင်စားနေပြီး ဘယ်ကား ဝယ်ရမလဲ ရွေးချယ်ရခက်နေရင် ကားရဲ့ စွမ်းရည်၊ ဒီဇိုင်းနဲ့ သင့် သုံးမယ့် ငွေကြေးတွေကို စဉ်းစားရမှာပါ။ ထိုင်းမှာ အထက်ဖော်ပြပါ လျှပ်စစ်ကား ၅ စီးဟာ ရွေးချယ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။

(ဘန်ကောက်လမ်းညွန်ကိုစိုင်း)

မြန်မာပြည်မှာလည်း ဘက်ထရီကနေ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်တဲ့ လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle – BEV) အမျိုးအစားအတွက် အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ မှာ သတ်မှတ်ထားတဲ့ အကောက်ခွန်နှုန်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သုညရာခိုင်နှုန်း (0%) ကို လျှော့ချသတ်မှတ်လိုက်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအရ လျှပ်စစ်သုံးယာဉ်တွေ အသုံးပြုမှုနဲ့ ဆက်စပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ဆိုပြီး ပြည်ပကနေ Completely Built Up-CBU စနစ်၊ Completely Knocked Down-CKD စနစ်နဲ့ Semi-Knocked Down-SKD စနစ်တို့နဲ့ တင်သွင်းတဲ့ လျှပ်စစ်သုံးယာဉ်တွေကို အခွန်မကောက်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ယာဉ်အမျိုးအစားတွေထဲမှာ နောက်တွဲယာဉ်ကို ဆွဲသည့်ယာဉ်၊ (၁၀)ဦးနှင့် အထက် စီးနင်းနိုင်သော ခရီးသည်တင်မော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ လူစီးယာဉ်၊ သုံးဘီးယာဉ်(လူစီး)၊ သုံးဘီးတပ်ယာဉ်(ကုန်တင်)၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်စက်ဘီး၊ လူနာတင်ယာဉ်၊ ထောင်ကားနဲ့ နိဗ္ဗာန်ယာဉ်တို့ကို ဖော်ပြထားပါတယ်။

BEV တွေနဲ့ စပ်လျဉ်းပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထောက်ခံချက်ပါ အားသွင်းရုံနဲ့ အားသွင်းစနစ်စတဲ့ လျှပ်စစ်သုံးယာဉ်တွေရဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ စက်မှုဝန်ကြီးဌာနထောက်ခံချက်ပါ လျှပ်စစ်သုံးယာဉ်တွေရဲ့ အပိုပစ္စည်း (Spare Part) တွေ အပေါ်မှာလည်း တင်သွင်းတဲ့အခါ အခွန်မကောက်ဖို့ ဆုံးဖြတ်ထားပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဘက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ နေရာ(၅)ခုမှာ လျှပ်စစ်ကားတွေ အားသွင်းနိုင်မယ့် အားသွင်းရုံ (၅) ခုကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပြီး အားသွင်းရုံ (၁) ခုမှာ EV (၅၀) စီး အားဖြည့်နိုင်မယ်လို့ ဆိုထားပါတယ်။

အားသွင်းရုံ (၅)ခုကို ဇီးရိုးမိုင် အမှတ်(၃)လမ်းဆုံ၊ (၁၁၅)မိုင် ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၂) နေပြည်တော်စီလမ်းဆုံ၊ မိုင်တိုင် (၂၈၄/၄) သီးကုန်းယာဉ်ရပ်နားစခန်းနဲ့ မိုင်တိုင် (၃၅၂/၃) စကားအင်းလမ်းဆုံတို့မှာ တည်ဆောက်ဖို့ လျာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page