လာမယ့် နှစ်ရက်အတွင်း မြန်မာ့ကမ်းရိုးတန်းတွင် လှိုင်းကြီးပြီး မိုးပြင်းထန်စွာ ရွာမည်

လာမယ့် နှစ်ရက်အတွင်း မြန်မာ့ကမ်းရိုးတန်းတွင် လှိုင်းကြီးပြီး မိုးပြင်းထန်စွာ ရွာမည်

လာမည့် ၄၈နာရီ(နှစ်ရက်) အတွင်း မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနှင့် မိုးလေဝသပညာရှင်တို့က ခန့်မှန်းထားပါတယ်။

ပင်လယ်ပြင်အတွင်း ခရီးသွားလာသူများနှင့် အလုပ်လုပ်ကိုင်နေသူများ အနေဖြင့် အဆိုပါအချက်ကို သတိပြု သွားလာရန် လိုကြောင်း အဆိုပါပညာရှင်များက ပြောပါတယ်။

တိုင်းထွာချက်များအရ လေဖိအားနည်းဆဲလ်တစ်ခုသည် မြန်မာနိုင်ငံတောင်ပိုင်းမှဖြတ်၍ ကပ္ပလီပင်လယ်ပြင် သို့ရောက်ရှိနေပြီး အဆိုပါဆဲလ်အရှိန်ကြောင့် အောက်တိုဘာ ၂ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းနှင့် အနောက် အလယ်ပိုင်းတို့၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နိုင်ကြောင်း မိုးလေသဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“သူက အိန္ဒိယကို ဝင်မှာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ ဒီရက်ပိုင်းတွေမှာတော့ မြန်မာ့ကမ်းရိုးတန်းတွေမှာ မုတ်သုံလေအားကောင်းနေတဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာ တစ်ခါတလေကျရင် မိုးသက်လေပြင်း ကျနိုင် ပြီးတော့မှ လှိုင်းကြီးတာတို့ဘာတို့ ပင်လယ်ပြင်မှာဖြစ်နိုင်တယ်ပေါ့နော်။ ပင်လယ်ပြင်မှာ ခရီးသွားလာနေတဲ့ ပြည်သူတွေ ဒီဟာလေးတွေ သတိပြုဖို့လိုတယ်”ဟု မိုးလေသဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးဦးကပြောပါတယ်။

မိုးလေဝသပညာရှင် ဦးချစ်ကျော်ကလည်း လာမည့် အောက်တိုဘာ ၁ရက်နှင့် ၂ရက်နေ့တို့တွင် လေပွေလှိုင်းတစ်ခု မြန်မာနိုင်ငံသို့ ဖြတ်ကျော်လာနိုင်ဖွယ်ရှိပြီးအဆိုပါလေပွေလှိုင်းသည် ထိုင်းပင်လယ်ကွေ့တွင် စတင်ဖြစ် ပေါ်ကာ မြန်မာနိုင်ငံဘက်သို့ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်ဘက်မှ ဖြတ်လာနိုင်ဖွယ်ရှိကြောင်း ဆိုပါတယ်။

မုတ္တမကွေ့ နှင့် မြစ်ဝကျွန်းပေါ် ပင်လယ်ပြင်တွင် မိုး လေလှိုင်း ကြီးနိုင်သည့်အတွက် ရေလုပ်သားများအနေဖြင့် အထူးသတိပြုရမည့် အခြေအနေဖြစ်ပြီး တနင်္သာရီမြို့အနီးတဝိုက်တွင် မိုးများပါက မြေပြိုသည့် အန္တရာယ်နှင့် ကြုံရနိုင်ကြောင်း ၎င်းက ဆိုပါတယ်။

“သူကအရှေ့ကနေပြီးတော့ အနောက်ကို တသတ်မတ်ထဲ တိုက်တဲ့အတွက် အကယ်၍ မုတ္တမကွေ့မှာ ငါးဖမ်းနေတဲ့ ငါးဖမ်းလှေတွေ ငါးဖမ်းဖောင်တွေ ဒါတွေရှိခဲ့လို့ရှိရင် အခု ဒီသတင်းကိုရပြီးတော့ ဘေးသင့်တဲ့နေရာ တွေကို ရှောင်နေတယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ သတင်းတွေကိုရပေမယ့်လည်း ဒီလောက်တော့ အန္တရာယ်မရှိလောက်ပါဘူးကွာဆိုပြီးတော့ သူတို့ဆက်နေလို့ အန္တရာယ်က ပြင်းထန်ခဲ့ရင် သူတို့ဖောင်တွေပျက်ပြီးတော့ အဲ့ဒီအရှေ့ လေနဲ့အတူ အနောက်ဘက်ကမ်းခြေပင်လယ်ပြင်ဘက်ကို ရောက်သွားနိုင်တယ်” ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ဆိုပါတယ်။

ဖော်ပြပါ လေပွေလှိုင်းကြောင့် မိုးရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် ရေးမြို့နယ်တို့တွင် မိုးများနိုင်သည့်အခြေအနေ ရှိကာ မိုးရေချိန် ပမာဏ ၅လက်မခန့် အထိရွာသွန်းနိုင်ကြောင်း ဦးချစ်ကျော်က ခန့် မှန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page