လှည်းကူးစက်ရုံတွင် အနံ့ပျောက် အလုပ်သမားများ ရှိသော်လည်း စက်ရုံဆက်ဖွင့်နေ၍ လူစုလူဝေးဖြစ်

လှည်းကူးစက်ရုံတွင် အနံ့ပျောက် အလုပ်သမားများ ရှိသော်လည်း စက်ရုံဆက်ဖွင့်နေ၍ လူစုလူဝေးဖြစ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊လှည်းကူးမြို့နယ်၊ ပြည်တော်သာ စက်မှုရပ်ကွက်ရှိ Mila Golden Co.,Ltd ဖိနပ်စက်ရုံတွင် ကိုဗစ်ရောဂါဖြင့် အဆောင်နေအမျိုးသမီးတစ်ဦး သေဆုံးသည်ဆိုသော သတင်းစကားကြောင့် မနေ့က နံနက် ၉ နာရီခန့်မှစတင်၍ စက်ရုံရှေ့တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့ သဖြင့် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့မှ လာရောက်ညှိနှိုင်း ဖြေရှင်းပေးကာ လူစုခွဲခဲ့ရကြောင်း သိရသည်။

“တစ်ယောက် ဆုံးသွားတယ်ဆိုတာက ကျန်ခဲ့တဲ့ ၂ ရက်ခန့်က နှလုံးသွေးကြောကျဉ်းပြီးတော့ ဆုံးသွားတာ သေမှုသေခင်း ဖွင့်ထားတာတော့ရှိတယ်။ ဒီစက်ရုံက အဆောင်မှာနေတဲ့ မိန်းကလေးတစ်ယောက်ပါ။ လတ်တလောဆရာဝန်ကြီး ပြောကြားချက်အရသူဟာ နှလုံးသွေးကြောကျဉ်းပြီးတော့ ဆုံးသွားတယ်လို့ သိရတယ်။ ဟိုတစ်နေ့က အလုပ်သမား ၃ ယောက် အနံ့မရဘူးဆိုပြီး ဆေးရုံသွားတယ်။ အဲ့ဒါ Negative ထွက်တယ်လို့ပြောတယ်။

အခု ကျွန်တော်ရောက်ရှိလာတာကတော့ လုံခြုံရေးအရ လာရောက်တာဖြစ်တယ်။ ဒီကလေးတွေလည်းဘာမှ မဖြစ်စေချင်ဘူး။ စက်ရုံကိုလည်းဘာမှ မဖြစ်စေချင်ဘူး။ သူ့ဟာနဲ့သူ ပြောစရာရှိတာကိုတော့ပြောပေါ့။ အလုပ်ရှင်နဲ့ အလုပ်သမား သူတို့အချင်းချင်းပဋိပက္ခဖြစ်ကြတာ အဲ့ဒီ ပဋိပက္ခဖြစ်ပေါ်တဲ့အပေါ်မှာ ကျွန်တော်တို့လာတာကတော့ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် မလိုအပ်တဲ့ ပြသနာမဖြစ်ကြစေဖို့ လာရောက်တာဖြစ်ပါတယ်” ဟု လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက ပြောသည်။

လက်ရှိအခြေအနေတွင် စက်ရုံတွင်း၌ အနံ့မရရှိသူများ တွေ့နေရပြီး အလုပ်ရှင်မှ အလုပ်ရုံပိတ်မပေးသည့်အပြင် အလုပ်ဆက်တိုက်ခိုင်းနေသောကြောင့်အလုပ်မှ အပြီးနှုတ်ထွက်လာသူ အလုပ်သမားအချို့လည်း ရှိနေသည်။

“စက်ရုံထဲမှာလူတစ်ယောက်သေတယ်သတင်းကြားတယ်။ အဲဒါကို သူတို့ကအလုပ်မပိတ်ပေးဘူး။ အဲဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ်အလုပ်ထဲက ထွက်လာတာပါ။ အခုလိုထွက်လာတဲ့အတွက် ပြန်ဝင်လို့မရတော့ဘူး။ အလုပ်က ပြုတ်ပြီ။ ကိုဗစ်ကိုကြောက်တယ် သူတို့က အလုပ်နားမပေးပဲ ဆက်ခိုင်းနေတဲ့အတွက်စိုးရိမ်ရတယ်။ အရင်နေ့တွေကလည်း အနံ့မရတဲ့တဲ့သူတွေတွေ့တယ် ဆိုပြီးလာခေါ်သွားတာရှိတယ်။ အထဲမှာ ကျန်နေခဲ့တဲ့ သူငယ်ချင်တွေကိုလည်းဒီရောဂါအခြေအနေကြောင့် ဆက်မလုပ်စေချင်ဘူး ” ဟု အလုပ်မှအပြီးထွက်လာသူ မရွှေစင်ထွန်းက ပြောသည်။

စက်ရုံအတွင်း ကိုဗစ်ရောဂါပိုးပျံ့နှံ့နေသည်ဆိုသော သတင်းမှာ ကောလဟလသာဖြစ်ပြီး စက်ရုံအတွင်း ကျန်းမာရေးဌာနမှ ညွှန်ကြားချက်များကို စနစ်တကျလိုက်နာ အကောင်အထည်ဖော်ထားကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်မတို့ဆီမှာ ကိုဗစ်ရောဂါကူးစက်ခံရလို့ဆုံးသွားတယ် ဆိုတဲ့ အလုပ်သမားတစ်ယောက်မှမရှိပါဘူး။ အခုမနက် မူးလဲသွားတယ်ဆိုတဲ့ မိန်းကလေးကလည်း ရိုးရိုးမူးတာပါ။ စက်ရုံထဲမှ ကျန်းမာရေးနဲ့အညီ လုပ်ဆောင်ပေးတာတွေရှိပါတယ်။ လိုင်းထဲမှာ သူတို့ကို Saftyတွေတပ်ခိုင်းတယ်။ နှာခေါင်းစည်းတွေ တပ်ခိုင်းတယ်။ အရက်ပျံဗူးတွေချပေးထားတယ်။ လက်ဆေးဘေစင်တွေလုပ်ပေးထားတယ်။ လိုင်းထဲမှာလည်းသူတို့တွေကို တသီးတသန့်လေးတွေ ဖြစ်အောင်လုပ်ပေးထားတာပါ။ ထမင်းစားတဲ့နေရာမှာဆို အကာအကွယ်တွေလုပ်ပေးထားတယ်။ အပြင်မှာ ကောလဟလကြောင့် ကြောက်ကြတာပါ။ တကယ်တမ်းကတော့ တအားကြီးစိုးရိမ်စရာမရှိပါဘူး။ မြို့နယ်ကျန်းမာရေးအဖွဲ့က ကျန်းမာရေးလာရောက် စစ်ဆေးပေးတာရှိပါတယ်။ ရောဂါဆိုတဲ့နေရာမှာ လူတိုင်းကသွေးနဲ့ကိုယ်သားနဲ့ကိုယ်လေ စက်ရုံမှာ မူးလဲတာလည်းရှိတယ်၊ ခေါင်းကိုက်တာလည်းရှိတယ်။ ဒါတွေကအရင်ကတည်းကရှိခဲ့တာမျိုးပါ။ အခု ကိုဗစ်ရောဂါဆိုတဲ့အသံကြောင့် တစ်ယောက် မူးလဲရင်လည်းဒီရောဂါပဲ အဲ့လိုဖြစ်တာပါ” ဟု ထုတ်လုပ်မှုတာဝန်ခံ မဝေက ပြောသည်။

စက်ရုံအလုပ်သမားများ တိုက်ရိုက်နစ်နာနေတဲ့ အခက်အခဲများ ရှိသကဲ့သို့ မီးလောင်ရာလေပင့် အဆင်းဘီးတွန်းချင်သော နိုင်ငံရေးအဖွဲ့အစည်းတချို့က တွန်းအားပေးမှုပါဝင်နေသည်ကိုတွေ့ရကြောင်း၊ စက်ရုံပြင်ပမှ” စက်ရုံ လည်ပတ်တာ A အဆင့်ရှိလို့လား” ဆိုသည့် မဆီလျော်သောမေးခွန်းထုတ်တာ မျိုးတွေလည်း တွေ့ရကြောင်း လှည်းကူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က ယင်းအေခြအနေကို သုံးသပ်ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၂၃ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အရေးပေါ်တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်ပြီး အလုပ်သမားများ အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page