ဟားခါးတွင် အနိမ့်ဆုံးအပူချိန်ရောက်ရှိပြီး ရေခဲပြီ (အအေးလှိုင်းလက္ခဏာ စတင်ပါပြီ)

ဟားခါးတွင် အနိမ့်ဆုံးအပူချိန်ရောက်ရှိပြီး ရေခဲပြီ (အအေးလှိုင်းလက္ခဏာ စတင်ပါပြီ)

ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ အနိမ့်ဆုံးအပူချိန် အနုတ် ၄.၄ ဒီဂရီစင်တီဂရိတ်ရောက်ရှိခဲ့တယ်လို့ ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံကသိရပါတယ်။ ဟားခါးမြို့မှာ ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီဇင်ဘာ(၁၉)ရက် မနက်ပိုင်းက အချိန်တိုင်းတာချက်အရ အနိမ့်ဆုံးအပူချိန် အနုတ် ၄.၄ ဒီဂရီစင်တီဂရိတ်ရှိပြီး ရေခဲတာတွေအထိ အအေးပိုနေခဲ့တယ်လို့ဆိုပါတယ်။

“ဟားခါးမြို့မှာ ဒီနေ့ မနက်ပိုင်းက တိုင်းတာချက်အရ အပူချိန်က အနုတ် ၄.၄ ဒီဂရီစင်တီဂရိတ် ရှိတယ်။ အဲဒီအအေးပိုတာပေါ့။ ရေခဲတာတွေဖြစ်တယ်။ ဒီမနက်မတိုင်ခင်ကတော့ အပူချိန် ၉.၈ ဒီဂရီစင်တီ ဂရိတ်အထိရှိတယ်။ ၉.၈ကနေ ၆ ကိုကျတယ်။ ၆ကနေ ၃ ကျတယ်။ ၃ကနေ အနုတ်၄အထိရောက်သွားတာ။ အရင်တုန်းကလဲဖြစ်ဘူးတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ၃၁ ရက်နေ့က အပူချိန်အနုတ် ၅ ဒီဂရီစင်တီဂရိတ် အထိရောက်ဖူးတယ်”လို့ ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ငွေစာရင်းကိုင်(၂)ဒေါ် ထွေးသယ်က ပြောပါတယ်။ ချင်းပြည်နယ်မှာ ဆောင်းရာသီကာလ ရောက်လာရင် ပုံမှန်အေးသာဖြစ်ပြီး ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေကတော့ အအေးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဟားခါးမြို့မှာ အနိမ့်ဆုံးအပူချိန် အနုတ် ၄.၄ ဒီဂရီစင်တီဂရိတ် ရောက်ရှိတာကြောင့် ရေခဲတာတွေလည်း ဖြစ်ပေါ်နေတာပါ။ “တော်တော်အေးတယ်။အေးတော့ မနက်အစောကြီးမထနိုင်ဘူး။ လ္ဘက်ရည်ဆိုင်တွေဆိုရင် စောစောဖွင့်လို့မရဘူး။ အေးတော့ လူတွေက သိပ်မလာဘူး။ ဒီနှစ်က ဖြစ်တာစောတယ်။ အရင်တုန်းက ဇန်နဝါရီလပထမအပတ်မှာ အအေးလိုင်းပိုပြီး ဖြစ်တတ်တယ်။ အခုဟာက ခရစ္စမတ်တောင် မရောက်သေးဘူး။ တော်တော်အေးလာပြီ။ အသက်ကြီးရွယ်အိုတွေ အပြင်မထွက်ဖို့နဲ့ကျန်းမာရေး ချို့ယွင်းတဲ့သူတွေ ကျန်းမာရေး ဂရုစိုက်ရမယ်”လို့ ဟားခါးမြို့က ဒေသခံ ဦးကျုံဟူးက ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ မနက်အစောကြီး စျေးထွက်ရောင်းရတယ်။ မနက် အရမ်းအေးလာတော့ အနွေးထည်တွေ၊စောင်တွေခြုံရတယ်။ အခက်အခဲတော့ရှိပါတယ်၊၊ဒါပေမယ့် စျေးထွက် မရောင်းရင်လည်းမရဘူးပေါ့” ဟု နံနက်စျေးရောင်းသည့် စျေးသည်တစ်ဦးက ပြောပါတယ်။

ဟားခါးမြို့ပေါ် ရပ်ကွက်များတွင် ရေခဲခြင်း၊ နှင်းရည်ခဲခြင်းများအထိ အအေးပိုသောကြောင့် နံနက်စျေးရောင်း၊စျေးဝယ်သည့်ပြည်သူများအနေဖြင့် အခက်အခဲများကြုံတွေ့ နေရကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page