ဂရိကို တုံ့ပြန်နိုင်ရန် ဆိုက်ပရပ်စ်ကျွန်းမြောက်ပိုင်းတွင် တူရကီစစ်ရေးလေ့ကျင့်မှု စတင်

ဂရိကို တုံ့ပြန်နိုင်ရန် ဆိုက်ပရပ်စ်ကျွန်းမြောက်ပိုင်းတွင် တူရကီစစ်ရေးလေ့ကျင့်မှု စတင်

မြောက်ပိုင်းဆိုက်ပရပ်စ် တူရကီသမ္မတနိုင်ငံအဖြစ် ခွဲထွက်ထူထောင်ထားတာကို အသိအမှတ်ပြုတဲ့ တူရကီနိုင်ငံက အဲ့ဒီဒေသမှာ စက်တင်ဘာ ၉ ရက်က နှစ်စဉ်ပုံမှန်စစ်ရေးလေ့ကျင့်မှု စတင်ခြင်းနဲ့ မြေထဲပင်လယ်အရှေ့ပိုင်းမှာ တူရကီနဲ့ ဂရိအကြား တင်းမာမှု ဆက်လက်မြင့်တက်စေခဲ့ပါတယ်။

မြေထဲပင်လယ်မုန်တိုင်း လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ကြောင်း တူရကီဆိုက်ပရပ်စ် လုံခြုံရေး ကွပ်ကဲမှုတိုင်းက ဒုတိယဥက္ကဌ ဖုအက်အုပ်တေက ပြောဆိုခဲ့ပါတယ်။ စွမ်းအင်ရင်းမြစ်အရန်သိုက်တည်နေရာအဖြစ် ဂရိနိုင်ငံက ကြေညာထားတဲ့နေရာကို တူရကီလည်း ပိုင်ဆိုင်မှုအဖြစ် ကြေညာထားလို့ နေတိုးအဖွဲ့ဝင်တွေဖြစ်တဲ့ နှစ်နိုင်ငံအကြား မပြေမလည် ဖြစ်နေကြပါတယ်။

နိုင်ငံလုံခြုံရေးနဲ့ မြောက်ပိုင်းဆိုက်ပရပ်စ်တူရကီသမ္မတနိုင်ငံ တည်ရှိမှုကို သံတမန်ရေးအရ အဖြေရှာရဖို့က ဦးစားပေးတွေ ဖြစ်တယ်လို့ အုပ်တေက ပြောပါတယ်။ စက်တင်ဘာ ၁၀ ရက်အထိ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုကို အောင်မြင်စွာ ဆက်လက်ကျင်းပမယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနကလည်း ကြေညာခဲ့ပါတယ်။

ဆိုက်ပရပ်စ်ဟာ ဂရိအုပ်ချုပ်တဲ့ တောင်ပိုင်း(အီးယူအဖွဲ့ဝင်)နဲ့ တူရကီဆိုက်ပရပ်စ်မြောက်ပိုင်း ဆိုပြီး ကွဲပြားနေပါတယ်။ ၁၉၇၄ မှာ ကျူးကျော်အပြီး မြောက်ပိုင်းကျွန်းမှာ တူရကီက စစ်သည်ထောင်ချီတပ်စွဲထားပြီး ဂရိမှာတော့ အင်ဂျင်နီယာတစ်ဦးက အာဏာသိမ်းရာက စစ်အုပ်ချုပ်ရေးသက်ရောက်ခဲ့ပါတယ်။

တူရကီသမ္မတ ရီဆက်တေးရစ် အာဒိုဂမ်နဲ့ ဥရောပကောင်စီဥက္ကဌ ချားလ်မစ်ချယ်တို့ဟာ မြေထဲပင်လယ် အရှေ့ပိုင်အရေးကို စက်တင်ဘာ ၇ ရက်က ဖုန်းဆက်ဆွေးနွေးခဲ့ကြပါတယ်။ ဥရောပခေါင်းဆောင်တွေဟာ စက်တင်ဘာ ၂၄-၂၅ မှာ တွေ့ဆုံဖို့ရှိပြီး တူရကီကို ဆုပေးဒဏ်ပေးစနစ်သုံး ဆက်ဆံဖို့ သင့်မသင့် ဆုံးဖြတ်ကြမှာပါ။

စက်တင်ဘာ ၇ ရက်ကပဲ သမ္မတ အာဒိုဂမ်ဟာ လစ်ဗျားဝန်ကြီးချုပ် ဖာယက်ဇ် အဲလဲဆာရာ့ဂ်ျနဲ့လည်း အစ္စတန်ဘူလ်မှာ ဆွေးနွေးခဲ့ပါသေးတယ်။ တူရကီနဲ့ လစ်ဗျားတို့ဟာ မြေထဲပင်လယ်အရှေ့ပိုင်းကို ခြုံငုံမိစေတဲ့ နှစ်နိုင်ငံရေကြောင်းနယ်နိမိတ် သဘောတူညီချက်ကို ၂၀၁၉ နိုဝင်ဘာမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဂရိအနေနဲ့ နိုင်ငံရေးနဲ့ သံတမန်ရေးရာစကားတွေကို ကောင်းကောင်းနားလည်သင့်တယ်၊ ဒီလိုမှ မဟုတ်ရင် ခါးသီးတဲ့ အတွေ့အကြုံတွေ ရင်ဆိုင်ရလိမ့်မယ်လို့ သမ္မတအာဒိုဂမ်က စက်တင်ဘာ ၆ ရက်က ပြောဆိုခဲ့ပါတယ်။

ဂရိ၊ ဆိုက်ပရပ်စ်တို့နဲ့ ပတ်သက်ပြီး ပဋိပက္ခအရှိန်မြင့်နေတဲ့ တူရကီကို ပိတ်ဆို့ရေးဟာ ဒီလ ဥရောပကောင်စီ စည်းဝေးပွဲမှာ အဓိက အကြောင်းအရာ ဖြစ်လိမ့်မယ်လို့ ပြင်သစ်က သတိပေးခဲ့ပါတယ်။

ဂရိနဲ့ ဆိုက်ပရပ်စ်အကြားက ရေပြင်မှာ ရေနံသဘာဝဓာတ်ငွေ့ ရှာဖွေမှုကို စစ်တပ်အကူအညီနဲ့ တူရကီက သြဂုတ် ၁၀ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဂရိက ရေကြောင်းပိုင်နက်ကာကွယ်ရေး ရေတပ်လေ့ကျင့်ခန်းကို ပြင်သစ်တိုက်လေယာဉ် ရေယာဉ်တွေ ဖြန့်ချမှုနဲ့အတူ ပြုလုပ်ရင်း တုန့်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page