မြန်မာနယ်စပ်မှာ မိုင် ၁၃၀၀ ရှည်တဲ့ ခေတ်သစ်ဂရိတ်ဝေါ ခြံစည်းရိုးရှည်ကြီး တရုတ်တည်ဆောက်နေ

မြန်မာနယ်စပ်မှာ မိုင် ၁၃၀၀ ရှည်တဲ့ ခေတ်သစ်ဂရိတ်ဝေါ ခြံစည်းရိုးရှည်ကြီး တရုတ်တည်ဆောက်နေ

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်ခြားမှာ မိုင် (၁၃၀၀) ရှည်တဲ့ ခြံစည်းရိုးခတ်နေပြီး ဒီစည်းရိုးကို တောင်ပိုင်းဂရိတ်ဝေါလို့ တင်စားခေါ်ဝေါ်ကြောင်း အမေရိကန်အစိုးရအထောက်ပံ့ခံ အာအက်ဖ်အေ သတင်းဋ္ဌာနက ရေးသား ဖော်ပြထားပါတယ်။

ဒီသတင်းကို တရုတ်အစိုးရက တရားဝင်မထုတ်ပြန်ခဲ့သလို မြန်မာအစိုးရဘက်ကိုလည်း အကြောင်းမကြားဘဲ လုပ်နေတာဖြစ်ကြောင်းနဲ့ ဒေသခံလူမှုကွန်ရက် စာမျက်နှာတွေမှာသာ စည်းရိုးအကြောင်းဖော်ပြတာကို တွေ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံသက်သေတွေကို တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဝန်ဒင်းနဲ့ ရိုင်လီ (Wanding and Ruili) မြို့လေးတွေက သူတို့မြို့နားက ဖြတ်တဲ့ စည်းရိုးတွေကို ဖော်ပြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက မြန်မာပြည်တွင်းမီဒီယာ တချို့မှာ မြန်မာစစ်တပ်၊ အစိုးရနဲ့ ဒေသခံတွေက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တရုတ်ဘက်က စည်းကျော်ပြီး ခြံစည်းရိုးလာခတ်တာကို ကန့်ကွက်လို့ နောက်ပြန်ဆုတ်ပေးသွားတဲ့အကြောင်း ပါရှိခဲ့ပါသေးတယ်။
တရုတ်ပြည်တွင်းမီဒီယာတချို့ရဲ့ဖော်ပြမှုမှာတော့ သမ္မတရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံနဲ့ စည်းရိုးကာခြင်းဟာ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်လိုတာကြောင့် နဲ့ တရားမဝင် နယ်ခြားစည်းကျော်မှုတွေကို တားဆီးဖို့လို့ ဖော်ပြရှိပါတယ်။

ဒါပေမဲ့လည်း တရုတ်ဘက်က မြန်မာအရေးကျွမ်းကျင်သူတွေက ကိုဗစ်ထိန်းချုပ်ရေးတစ်ခု တည်းကြောင့်မဟုတ်ဘဲ နယ်ခြားစည်းကျော်ပြီး တရုတ်ဘက်က ရာဇဝတ်သားတွေ ထွက်ပြေးလွတ်မြောက်တာကို တားဆီးဖို့၊ တရားမဝင် မှောင်ခိုလုပ်ငန်းတွေကို တားဆီးဖို့အတွက်ပါရည်ရွယ်ပြီး စည်းရိုးကာတာဖြစ်တယ်လို့ သုံးသပ်ခဲ့ကြတယ်။

ဒီစီမံကိန်းကို တရုတ်တွစ်တာပို့စ်တစ်ခုမှာ တောင်ပိုင်းမဟာတံတိုင်းလို့ နာမည်ပေးထားပြီး အခုအချိန်မှာ မြန်မာနယ်ခြားစည်းရိုးကို မိုင် (၄၁၀) ပြီးအောင် တည်ဆောက်ပြီးဖြစ်ကြောင်းနဲ့ စည်းရိုးစီမံကိန်းကို ၂၀၂၂ အောက်တိုဘာလမှာ အပြီးသတ်မယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရဟာ ဗီယက်နမ်နယ်စပ်မှာလည်း ကိုဗစ်ကာကွယ်ရေးအကြောင်းပြချက်နဲ့ ခြံစည်းရိုးကာနေပြီး ဒီစည်းရိုးတွေမှာ ဗို့အားမြင့်လျှပ်စစ်ဓာတ်လွှတ်ပေးထားမှာဖြစ်သလို စောင့်ကြည့်ကင်မရာတွေ၊ အနီအောက်ရောင်ခြည်သုံး လေဆာအာရုံခံကိရိယာတွေပါ တပ်ဆင်ထားမယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page