ကမ္ဘာကျော် ဂုတ်ထိပ်တံတားအတွက် ဘဝကို ပေးဆပ်ခဲ့ရသူ (သို့) စစ်သားဟောင်းကြီး ဦးလှမိုး

“ကမ္ဘာကျော် ဂုတ်ထိပ်တံတားအတွက် ဘဝကိုပေးဆပ်ခဲ့ရသူ (သို့) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ (၉၀၁)မှာ ၁၈ နှစ်ကျော် ကြာတာဝန်ထမ်း ဆောင် ခဲ့တဲ့ ပင်စင်စားအဘိုးအို ဦးလှမိုး´´

ပေ ၂၀ ပတ်လည် မြေစိုက်အိမ်တစ်လုံးရဲ့ စောင်းတဲထဲမှာ အသက် ၇၀ ကျော်အဖိုးအိုတစ်ဦး လှဲပြီး အိပ်နေတယ်။ သူ့ခန္ဓာကိုယ်ကိုယ် သာမန်လူတွေလို ကိုယ်လက်အင်္ဂါ အပြည့်စုံမပါဘူး။ မျက်လုံးတစ်ဖက် ၊ ခြေထောက်တစ်ဖက် နဲ့ လက်နှစ်ဖက် မပါတဲ့ မသန်စွမ်းအဘိုးအို တစ်ဦးဖြစ်ပါတယ်။

သူနေတဲ့နေရာလေးက မိုးရာသီဆို မိုးမလုံသလို ၊ အခုလိုဆောင်းရာသီဆိုရင် ဘေးအကာကွယ် မရှိတဲ့အတွက် အအေးဓာတ်လွှမ်းမိုးနေတယ်။ အဘိုးအိုအိပ်တဲ့နေရာက လွဲရင် ကျန်တဲ့နေရာမှာ ရေဒီယိုလေး နှစ်လုံး ၊ တီဗွီ အဟောင်းလေး တစ်လုံး ၊ မိုးကုတ်ဆရာတော် ဘုရားရဲ့ တရားခွေ ၊ စားစရာတင်တဲ့စားပွဲတစ်လုံးနဲ့ သူ့ရဲ့ အခြား အသုံးအဆောင် ပစ္စည်းတွေနဲ့ တဲလေးထဲမှာ ပြည့်နေပါတယ်။

အဲဒီအဘိုးအိုဟာ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ(၉၀၁)မှာ ၁၈ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင် ခဲ့တဲ့ ပင်စင်စားအဘိုးအို ဦးလှမိုးပဲဖြစ်ပါတယ်။ သူ့ရဲ့မျက်လုံးတစ်ဖက် ၊ ခြေထောက်တစ်ဖက်နဲ့ လက်နှစ်ဖက်ဟာ မိုင်းထိလို့ပျက်စီးခဲ့တာဖြစ်ပါတယ်။ ဦးလှမိုးဟာ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ (၉၀၁)မှာ ၁၉၆၂ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ပြီး မိုင်းကျွမ်းကျင်သူ ဖြစ်တဲ့ အတွက် ဂုတ်ထိပ်တံတားမှာ မိုင်းရှင်းဖို့ တာဝန်ပေးခံခဲ့ရတာပါ။

၁၉၇၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းရှင်းရင်း သူ မိုင်းထိခဲ့တယ်။ အဲသည်တုံးက ဂုတ်ထိပ်တံတားကို မိုင်းရှင်းခဲ့သူ၁၂ ဦးရှိပြီး ၆ဦး မိုင်းထိမှန်ခဲ့တယ်။ မိုင်းထိခံရသူတွေထဲက ဦးလှမိုး တစ်ဦးတည်း အသက်ရှင် ကျန်ခဲ့ပါတယ်။

“ဗကပ က ၁၂ လပိုင်းကုန်ရင် ဂုတ်ထိပ်တံတားကိုသိမ်းမယ်ဆိုပြီးကြေငြာထားတယ်။ အဲဒီမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆင်ထားတဲ့မိုင်းအဟောင်းတွေကို ပြန်ဖြုတ်ပြီး ဘကြီးတို့က အသစ်ပြန် ဆင်ရတယ်”လို့ ဦးလှမိုးကပြောပါတယ်။ ရန်သူ ဘက်က လာရောက်သိမ်းမယ်လို့ ကြေငြာထားတဲ့အတွက့် အရင်က ဆင်ထားတဲ့ မိုင်းတွေကို အစရှာဖို့ ၊ နောက်ထပ် အသစ်ပြန်ဆင်ဖို့ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရဲဘော် ၁၂ ယောက်ကို ဦးလှမိုးဦးဆောင်ပြီး မိုင်းရှာတဲ့ လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။

ဒီဇင်ဘာလဖြစ်တဲ့အတွက် မိုင်းရှင်းတဲ့နေ့ မနက် ၈ နာရီလောက်မှာ နှင်းတွေကလည်း ကျနေတယ်။ ဦးလှမိုးတို့ အဖွဲ့ဟာ မိုင်းဖော်ဖို့ ဂုတ်ထိပ်တံတား ညာဘက်ထိပ်ကနေ ဘယ်ဘက်ကို ဆင်းလာကြတယ်။ ဦးလှမိုးတို့ အဖွဲ့ဖော်ခဲ့တဲ့မိုင်းဟာ မြေပုံမှာ တိုက်မိုင်းလို့ဖော်ပြထားတဲ့အတွက် တိုက်မိုင်း ဖြုတ်တဲ့နည်းအတိုင်း ကြိုးကိုဖြတ်လိုက်ပါတယ်။ ကြိုးဖြတ် လိုက်ချိန်မှာပဲ ဂျိမ်းဂျိမ်းဂျိမ်းဆိုတဲ့အသံ ထွက်သွားတယ်။ အဲဒီအချိန်မှာ သူသိလိုက် တာက ယမ်းနံ့နဲ့ သွေးနံ့တွေက သူ့နှာခေါင်းထဲတိုး ဝင်လာတယ်။ မိုင်းကြိုးကိုဖြတ်လိုက်တာဟာ သူ့ရဲ့ဘဝကို တစ်စစီဖြစ်စေခဲ့တာပါပဲ။

“အမှန်က ရန်သူကိုလှည့်ထားတာ။ တိုက်မိုင်းဆိုပြီးပြထားတယ်၊ ပြန်လုပ်ထားတာက တင့်လွတ်မိုင်းပြန်လုပ်ထားတယ်။ မြေပုံမှာရန်သူကို လှည့်ထားတဲ့အတိုင်း ပြထားတော့ဖော်တဲ့သူတွေ မှာဒုက္ခရောက်တာပေါ့”လို့ သူတွေ့ကြုံခဲ့ရပုံကို ဆက်ပြောပါတယ်။

ထွက်လာတဲ့ မိုင်းကွဲသံနဲ့အတူ ဦးလှမိုးရဲ့ မျက်လုံးတစ်ဖက်ဟာ အပေါ်ကို ကျွတ်ထွက် သွားတယ်။ လက်နှစ်ဖက်နဲ့ ခြေတစ်ဖက်မှာ အရိုးတွေလည်း ကြေမွပျက်စီးသွားတယ်။ ဒဏ်ရာရထားတဲ့နေရာတွေက အရေပြားတွေဟာ တွဲလောင်းကျ နေတယ်။ အဲဒီအချိန်အထိ ့ကိုသူ မိုင်းထိပြီး ဒဏ်ရာအကြီးကျယ်ရမှန်းမသိပဲ စိတ်ထဲမှာ အခြားရဲဘော်တွေအတွက်ပဲ စိတ်ပူနေတုန်းပါပဲ။

“သွေးတအားပူနေလို့ထင်တယ် ထိလို့ထိမှန်းကိုမသိဘူး။ ဒီနားမှာ သွေးနံ့လိုလို ၊ မိုင်းနံ့လိုလို ရတယ် ၊ ဒီနားကို ဆင်းမလာဖို့ အပေါ်မှာရှိနေတဲ့ရဲဘော်တွေကိုလှမ်းပြောတယ်”လို့ ဦးလှမိုးက ပြောတယ်။ ဒဏ်ရာရပြီး ခဏအကြာမှာ ဆေးတပ်သားလေးဦးက သူဒဏ်ရာရတဲ့နေရာကို ဆင်းလာပါတယ်။ ဦးလှမိုးကို သွေးလန့်မှာဆိုးလို့ မိုင်းထိပြီး ဒဏ်ရာရနေတဲ့အကြောင်းကို ဆေးတပ်သားတွေက အသိမပေးခဲ့ပါဘူး။

ဆရာနောက်နား ဆုတ်ပြီး ပတ်လက်လှဲ လိုက်ပါလို့ ပြောတော့မှ တစ်ခုခုဖြစ်ပြီဆိုတာ သတိထားမိတယ်။ ဒါပေမယ့် နာတာ ၊ ကျဉ်တာမရှိပဲ သွေးတအားထွက်လို့ ရေဆာနေတာပဲရှိတယ်လို့ သူကဆိုတယ်။ ရေဆာပေမယ့် ဆေးတပ်သားတွေက ရေတိုက်ရင် သွေးခဲပြီး သေသွားနိုင်တာကြောင့် ရေမတိုက်ပဲ အရက်အနည်းငယ်ကို ဂွမ်းစလေးနဲ့ တစ်စက်ချင်းသာ ပါးစပ်အတွင်းဆေးတပ်သားတွေက ထည့်ပေးခဲ့တယ်။

ဦးလှမိုးဟာ မိုင်းထိပြီးပြီးချင်း ၄၅ မိနစ်ခန့်သာ သတိရခဲ့ပြီး ရက်ပေါင်း ၃၁ ရက်ကြာအောင် သတိလစ်နေခဲ့တယ်။

လားရှိုးဘက်ကို စစ်ကြောင်းထွက်လာတဲ့ မိတ္ထီလာ အမြောက်တပ် (၃၀၂) က ရထားနဲ့ သူ့ကို ကျောက်မဲ ခမရ (၂၂) ကို သယ်လာပါတယ်။ ကျောက်မဲပြည်သူ့ဆေးရုံရောက်တော့ သွေး ၁၀ ပုလင်း သွင်းပြီး ဆေးရုံမှာ သွေးကကုန်သွားပါတယ်။

ဦးလှမိုးတစ်ယောက် ကံကောင်းချင်တော့ ဆေးရုံမှာသူနာပြုသင်တန်းလာတက်တဲ့ မြစ်ဆုံဘက်က သူနာပြုဆရာမနှစ်ဦးက သူ့ကို သွေးလှူခဲ့ပါတယ်။

“သူတို့ကို မိုးမိတ်တုန်းက ဘကြီးက ကူညီခဲ့တယ်။ အဲဒီကျေးဇူးကို သိတော့ ဆေးရုံမှာ ဒါက ဆရာလှမိုး မို့လားမေးပြီး လာလှူသွားတယ်။ ကံကောင်းချင်တော့ သွေးအမျိုးအစားချင်းကလည်း တူနေတယ်” လို့ သူကပြောပါတယ်။

သူဟာ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ( ၉၀၁ ) မှာ တာဝန်ထမ်းဆောင်စဉ်က အားကစားမှာ ထူးချွန်သူတစ်ဦးဖြစ်ခဲ့တယ်။ ရေကူးပြိုင်ပွဲမှာလည်း ဆုရရှိခဲ့ဖူးတယ်လို့ တဲနံရံမှာ ချိတ်ထားတဲ့ ဆုရရှိစဉ်ကပုံကို လက်မောင်းအရင်းပိုင်းလောက်သာ ကျန်တဲ့ သူ့ရဲ့ညာဘက်လက်နဲ့ညွှန်ပြပြီး ပြောပါတယ်။

စကားပြောရင်း မောလာတဲ့အတွက် သူ့ဘေးက စားပွဲအသေးလေးပေါ်မှာ အဆင်သင့်ပြင်ပေးထားတဲ့ လဖ္ဘက်ရည်ခွက်ကို ပိုက်နဲ့ တစ်ကြိုက်စုပ်လိုက်ပါတယ်။ ရေနွေးကြမ်းထည့်ထားတဲ့ခွက်ကိုလည်း ဆာတဲ့အချိန်အဆင်သင့် သောက်နိုင်အောင် ပိုက်တပ်ထားပါတယ်။ မိုင်းဒဏ်ရာရရှိလို့ ဆေးရုံမှာ ဆရာဝန်တွေခွဲစိပ်ကုသနေပေမဲ့ အားကစားဝါသနာပါသူဖြစ်လို့ ကယောင်ကတမ်းနဲ့ ပါးစပ်ကနေ ဘောလုံးကို ဘယ်လိုကန်ရတယ်၊ ရေကူးရင် လက်ကိုဘယ်လို အနေထားထားမယ် ဆိုပြီး ပြောနေခဲ့တယ်။ မိုင်းဒဏ်ကြောင့် မျက်လုံးတစ်ဖက် ၊ လက်နှစ်ဖက်နဲ့ ခြေတစ်ဖက် ဆုံးရှုံးခဲ့ပေမယ့် အားကစားစိတ်ဓာတ်ရှိ သူမို့ ဦးလှမိုး စိတ်ဓာတ်မကျခဲ့ပါဘူး။

“ဘာကိုမှအခက်ခဲလို့ သဘောမထားဘူး ။ စိတ်ဓာတ်ကျပြီး မျက်ရည်ကျတဲ့အထဲမှာမပါဘူး”လို့ ဦးလှမိုးကပြောတယ်။

ဦးလှမိုးဟာမိုင်းထိလို့ ခန္ဓာကိုယ်အစိတ်ပိုင်းအချို့ ပျက်စီးဆုံးရှုံးခဲ့ရပေမယ့် သူ့နဲ့ တချိန်တည်းမိုင်း ထိခဲ့သူတွေက မိုင်းဒဏ်ကြောင့် သေဆုံးခဲ့ရတယ်။ သူကတော့ အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့ရသူဖြစ်တယ်။ ကျောက်မဲ ဆေးရုံကနေ လားရှိုး ၊ လားရှိုးကနေတစ်ဆင့် မန္တလေးကို လေယာဉ်နဲ့ ဦးလှမိုး ကိုသယ်ဆောင်ခဲ့တယ်။

မိုင်းဒဏ်ရာတွေရနေတဲ့ကြားက ဦးလှမိုးတစ်ယောက် လေယာဉ်ပေါ်မှာလည်း အသက်အန္တရာယ်ဘေးကြုံခဲ့ရပါသေးတယ်။

မန္တလေးကိုမရောက်ခင်မှာ လေယာဉ်နဲ့သယ်လာချိန်မှာ လေယာဉ်က လေကြောင်းပြတ်ပြီး တုန်ခါသွား ခဲ့သေးတယ်။ လေယာဉ်တုန်ခါမှုကြောင့် ပတ်လက်အနေထား သွေးသွင်းပိုက်တန်းလန်းနဲ့ ဦးလှမိုးဟာ အပေါ်ကိုမြောက်သွားပြီး လေယာဉ်မျက်နှက်ကြက်နဲ့ ခိုက်မိတယ်။ ပြန်အကျမှ ပက်လက်အနေထား ကနေ မှောက်ခုံဖြစ်သွားခဲ့တယ်။

“အဲဒီတုန်းက လိုက်စောင့်ပေးတဲ့တပ်ကြပ်ကြီးကပြောတယ်။ ခင်ဗျားတင်ထားထားတဲ့စင်ပေါ် ပြန်ကျလို့ ၊ ကြမ်းပြင်ပေါ်သာ ကျရင် တခါတည်းကြွ (သေ)သွားနိုင်တယ်လို့ ဆေးရုံမှာလာ ပြောတယ်”လို့ ဦးလှမိုးကပြောတယ်။

မင်္ဂလာဒုံ ဆေးရုံကို သယ်စဉ်မှာ လေယာဉ်ကွင်းရောက်တဲ့အထိ ဦးလှမိုးတစ်ယောက် ကံဇာတာက တက်မလာသေးပါဘူး။ လေယာဉ်ပေါ်မှာ ပါတဲ့လူနာ ၇ ယောက်ကိုတော့သယ်ပြီး လေယာဉ်တံခါးနဲ့ ကွယ်နေတဲ့ ဦးလှမိုးကိုတော့ ကျန်နေခဲ့တာလည်း ဖြစ်ခဲ့သေး တယ်။ လေယာဉ်တံခါးလာပိတ်တဲ့ဝန်ထမ်းကတွေ့ပြီးအကြောင်းကြားလို့ ဦးလှမိုး မင်္ဂလာဒုံဆေးရုံကို ရောက်ရှိခဲ့တယ်။

မင်္ဂလာဒုံဆေးရုံကို သူနဲ့အတူမိုင်းထိခဲ့သူတွေထဲက မိုင်းဒဏ်ရာကြောင့် ခြေတစ်ဖက်ဖြတ် ခံထားရတဲ့ ရဲဘော်တစ်ယောက် ပါလာသေးတယ်။ အဲဒီရဲဘော်ဟာ နောက်ခြေတစ်ဖက်ဖြတ် ရလိမ့်မယ်ထင်တယ်လို့ ဆရာဝန်တွေ အချင်းချင်းပြောတာကို ကြားသွားတယ်။ ဦးလှမိုးလို ဒဏ်ရာအကြီးကျယ် မရခဲ့တဲ့ အဲဒီရဲဘော်ကို အားပေးစကားပြောခဲ့တယ်။ ဒါပေမယ့် ရဲဘော်က စိတ်ဓာတ်ကျပြီး သူ့ကိုယ်သူ ဆေးရုံမှာပဲအဆုံးစီရင်ခဲ့တယ်။

ဦးလှမိုးဟာ မင်္ဂလာဒုံ ဆေးရုံမှာ တစ်နှစ်ခွဲလောက်ဆေးကုသမှုခံယူခဲ့ရပါတယ်။ ဆေးကုသမှုခံယူပြီးတော့လည်း ကံကောင်းခြင်းတွေက စစ်သားဟောင်းကြီး ဦးလှမိုးစီကို အလှည့်ရောက်မလာပါဘူး။သူရဲ့မိန်းမက သူလျော်ကြေးရတဲ့ ငွေကျပ်နှစ်သောင်းကို ယူပြီးဦးလှမိုးနဲ့ သားသမီး ငါးယောက်ကို ထားခဲ့ကာ အိမ်ထောင်သစ်ထူထောင်သွားခဲ့တယ်။

သားသားမီးငါးယောက်နဲ့ မသန်စွမ်းဘဝကိုရောက်နေတဲ့ ဦးလှမိုးကို ပစ်ထားခဲ့ပါတယ်။ အကောင်းတိုင်း ကျန်နေတဲ့ မျက်လုံးတစ်ဖက်ရယ် ၊ ခြေထောက်တစ်ဖက်တည်းနဲ့ နှစ်ပေါင်း ၄၀ လောက် ဘဝကို ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် ဦးလှမိုးဟာ စိတ်ဓာတ်မကျ ဇွဲမလျော့ပဲ သူ့သားသမီးငါးယောက်ကို တစ်လမှာရရှိတဲ့ ပင်စင်ကြေး ၃၅၀ ကျပ်နဲ့ လောက်ငှ အောင် ရုန်းကန်ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့တယ်။

“သမဆိုင်မှာ ဆန်တစ်ပြည် ၁ ကျပ် ၉၅ ပြားကို တစ်ပြည်ထုပ်ထုပ်ပြီး ၂ ကျပ် တစ်မတ်နဲ့ ပြန်ရောင်းတယ်။ တပ်က အရာရှိတွေကို ဆန်တို့ဆီတို့ထောက်ပံ့ပေးဖို့ပြောတယ်။ ဆန်တစ်အိတ်ပေး ရင် ပြန်ရောင်းအဲဒီလိုနဲ့ သားသမီးငါးယောက် စားတယ်”လို့ ကြာခဲ့ပြီဖြစ်တဲ့ သူ့ဘဝအကြောင်းတွေကို မှတ်မှတ်ရရပြန်ပြောတယ်။ နှစ်ပေါင်း ၄၀ လောက်ခက်ခက်ခဲခဲ ရှာဖွေကျွေးမွေးခဲ့တဲ့ သားသမီးငါးယောက်ဟာ အခုချိန်ဆိုရင် သားလေးယောက်က တပ်မတော်မှာ တာဝန်ထမ်းဆောင် နေပြီး သမီးကလည်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှာ တာဝန်ထမ်း ဆောင်နေပြီဖြစ်ပါတယ်။

ယခုအခါ ဦးလှမိုးက သူ့ရဲ့သမီးနဲ့သာ အတူ ရဲဘော်စိုက်ကွင်း အရှေ့ပိုင်း ၊ ချမ်းမြ သာယာရပ်ကွက်မှာ နေထိုင်ပါတယ်။ သူမိုင်းထိစဉ်က အသက် ၃၅ နှစ်အရွယ်ဖြစ်ပြီး အခုဆို အသက်က ၇၅ နှစ်ရှိပြီ ဖြစ်တယ်။နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရင်း မသန်စွမ်းဖြစ်ခဲ့တဲ့ ဦးလှမိုးနေထိုင်တဲ့နေရာဟာ မိုးကမလုံ ၊ အကာရံမရှိနဲ့ ပြည့်စုံမှုမရှိပါဘူး။

အသက်ငယ်ရွယ်စဉ်က သူ့အတွက် ကူဖော်လောင်ဖက်မလိုပေမယ့် အသက်ကြီးလာတဲ့အခါ တောက်တိုမယ်ရခိုင်းဖို့ လိုအပ်လာပါတယ်။ အဲဒါကြောင့် သူတို့ရပ်ကွက်ထဲက မိဘတွေကပစ်ထားတဲ့ ခြောက်နှစ်အရွယ် ကျောင်းသားတစ်ဦးကို မွေးစားထားပါတယ်။

“သူ့ကိုကျောင်းထားပေးတယ် ၊ ထမင်းကျွေးတယ် ၊ တနေ့မုန့်ဖိုးငါးရာပေးတယ်။ အပေါ့တည် တာတို့ဘာတို့ သူလုပ်ပေး တယ်” လို့ ပြောတယ်။ မိုင်းမထိမီက ဦးလှမိုးဟာ အားလပ်ချိန်တွေမှာ ချင်းတွင်းဂျာနယ်မှာ ကဗျာတွေ ၊ စာတွေ ရေးခဲ့ တယ်။ အခုချိန်မှာတော့ သူ့ရဲ့တနေ့တာကို မိုးကုတ်ဆရာတော်ရဲ့ တရားတော်တွေ နာကြားရင်း အချိန်ကုန်စေခဲ့တယ်။

တကယ်လို့သာ သူဟာမိုင်းမထိပဲ ခြေလက် အစုံအလင်နဲ့ အကောင်းပကတိအတိုင်းရှိခဲ့မယ် ဆိုရင် ခုချိန်မှာ မိသားစုနဲ့ အတူ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေလိမ့်မယ်လို့ စိတ်ကူးထားခဲ့ပေမယ့် သူရဲ့စိတ်ကူးက မပြည့်စုံခဲ့ပါဘူး။

အသက် ၇၅ နှစ်ကျော်ရောက်လာပြီဖြစ်တဲ့ ဦးလှမိုးဟာ ကျန်နေသေးတဲ့အချိန်မှာ သူ့ဘဝအတွက် ရည်မှန်းထားတာတွေ ရှိပါတယ်။ အဲဒါကတော့ သူနေထိုင်တဲ့နေရာလေးကို မိုးလုံလေလုံဖြစ်ချင်တယ်။ အလှူတန်းတွေလုပ်ပြီး မြန်မာနိုင်ငံအနှံ့ ဘုရားဖူးသွာချင်တယ်လို့ ပြောတယ်။ နောက်ပြီး သူက အဝေးတစ်နေရာကို ငေးပြီးစကားတစ်ခွန်းပြောတယ်။ “အသက် ကလည်း ရပြီ ၇၅ နှစ်ဆိုတာ ညနေဆည်းဆာရောက်ပြီ” ခုတော့…ဒီလိုဘဝနဲ့ဘဲနေဝင်တော့မယ်ထင်ပါရဲ့…။

ဇော်ဇော်မင်း{မန္တလေး}

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page