ကားတာယာ သက်တမ်း၊ ကားတာယာ လဲသင့်တဲ့အချိန်နှင့် ဝယ်လဲတော့မယ်ဆိုရင် ဂျင်းမမိကြစေဖို့

ကားတာယာဆိုတာ ကားတစ်စီးအတွက် အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းပါ။ ကားဘရိတ်ဘယ်လောက် ကောင်းကောင်း၊ ကားမောင်းသူဘယ်လောက် ကျွမ်းကျွမ်း၊ လမ်းဘယ်လောက် ကောင်းကောင်း ကားတာယာ မကောင်းရင် အရမ်းအန္တရာယ်ကြီးပါတယ်။

ယခင်က ကားပိုင်ရှင်တချို့က ကားတာယာကို ကြိုးပေါ်တဲ့အထိ (တာယာပန်းကုန်) အသုံးပြုကြပါတယ်။ ယနေ့ခေတ်မှာတော့ ကားနှင့်ပါတ်သက်ပြီး အတွေ့အကြုံများလာခြင်း၊ ဗဟုသုတကြွယ်ဝလာခြင်းနှင့်အတူ လိုအပ်တဲ့အစိတ်အပိုင်းတွေကို သတ်မှတ်အချိန်၊ သတ်မှတ်ကာလာ၊ သတ်မှတ်ကီလို (မိုင်) အလိုက် လဲလှယ်လာကြပါတယ်။

ဒါပေမယ့် လောဘသားကောင်များက ဈေးနှုန်းလျော့ချ မက်လုံးများပေးကာ ကားပစ္စည်းများကို ပြုပြင် ပြင်ဆင်ပြီး ပြန်ရောင်းနေကြပါတယ်။

အင်ဂျင်ကူးလန့်အတု၊ အင်ဂျင်ဝိုင် အတု၊ ဒီဇယ်ဆီအတု၊ ပလပ်အတု စသည်တွေအပြင် ကားရဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တဲ့ ကားတာယာတွေကိုလည်း ထုတ်လုပ်သည့်ခုနှစ်များပြင်ဆင်ကာ ဈေးကွက်မှာ တင်သွင်းလာကြပါတယ်။

ကားရဲ့ တခြားအစိတ်အပိုင်းတွေက ကားအသုံးပြုသူကို အန္တရာယ်ဖြစ်လောက်သည်အထိ တိုက်ရိုက်မထိခိုက်နိုင်သော်လည်း ကားတာယာကို ထုတ်လုပ်သည့်ခုနှစ် (Tire Date) ပြောင်းလဲပြီး ပြန်ရောင်းတာကတော့ တော်တော်လေးကို အောက်တန်းကျတဲ့ စီးပွားရှာနည်းဘဲဖြစ်ပါတယ်။

သက်တမ်းလွန်နေတဲ့ ကားတာယာတွေရဲ့ ထုတ်လုပ်သည့်ခုနှစ် (Tire Date) တွေကို သေချာပြုပြင်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချကြပါတယ်။ ကားတာယာရဲ့သက်တမ်းက ထုတ်လုပ်ထားတဲ့အချိန်မှစပြီး အများဆုံး ၆ နှစ်သာအသုံးပြုသင့်တာပါ။

အကယ်၍ လုံးဝအသုံးမပြုရသေးဘဲ တာယာဂိုဒေါင်၊ တာယာအရောင်းဆိုင်မှာ သက်တမ်း ၆ နှစ်ပြည့်သွားခဲ့တယ်ဆိုရင်လည်း အဲ့ဒီတာယာကို မသုံးသင့်တော့ပါဘူး။

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ကားတာယာဝယ်တော့မယ်ဆိုရင် တာယာသက်တမ်းကို သေချာစစ်ဆေးသင့်သလို မိမိယုံကြည်စိတ်ချရတဲ့ တာယာဆိုင်တွေမှာသာ ဝယ်ယူအသုံးပြုသင့်ပြီး နားလည်တတ်ကျွမ်းသူများနှင့်သာ ဝန်ဆောင်မှု ရယူစေချင်ပါတယ်။ (လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ)

ခရမ်းသားလေး

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page