ကမ္ဘာမြေ သာယာဝပြောရေး အတွက် တာဝန်ကြေခဲ့သူ မြန်မာ တောင်သူတဦး
သူဟာ ကြွယ်ဝစွာနေထိုင် လုပ်ကိုင်ခဲ့သူ တောင်သူ တစ်ယောက်ပါပဲ။ သူ့ နာမည်က ‘ ဦးအောင်ဝင်း ‘ ဦးအောင်ဝင်းသည် မျိုးစေ့၊ မျိုးဆံ များကို တစိုက်မတ်မတ် စုဆောင်း ဖြန့်ဝေခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။
သူဟာ ကမ္ဘာမြေ သာယာဝပြောရေး အတွက် တာဝန်ထမ်းရွက်ခဲ့ပါတယ်။ အစားအစာဖူလုံရေး၊ ယဉ်ကျေးမှု ထိန်းသိမ်းရေး နဲ့ ဥတုရာသီပျက်ကပ်ဘေး ရင်ဆိုင်ရေး အလုပ်များကို တစ်ကြိမ်ထဲနဲ့ ထိရောက်မှုရှိရှိ လုပ်မယ်ဆိုရင် ” မျိုးစေ့ ” Seeds ထိန်းသိမ်းရေးကို စတင်လုပ်ဆောင်နိုင်ပါတယ်။ ကျမ အဖေက ပုသိမ်မြို့နယ် ရွာသစ်ကုန်းကျေးရွာက တောင်သူ တစ်ယောက်ပါ။ အဖေ ကျမတို့ကို အမှာစကားပါးခဲ့တာရှိပါတယ်။
” မျိုးစေ့တွေစုနေရတယ် ဆိုတာက မျိုးစေ့ ပျောက်ဆုံးလာရင် လူမျိုး ကွယ်ပျောက်သွားသလိုဖြစ်မယ်။ မျိုးစေ့ ပျောက်ရင်၊ စိုက်စရာ မြေမရှိရင် ဘာမှလုပ်လို့မရတော့ဘူး။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် သမီးတို့ မောင်နှမတတွေ ‘ လယ်မြေ ‘ ကို မရောင်းကြနဲ့။ မဖြစ်မနေ ရောင်းမှ ရမယ်ဆိုရင် ခြံ နဲ့ မြေကွက် ကိုပဲ ရောင်းကြပါ။ လယ်မြေ ဆိုတာ ငါတို့ရဲ့ အသက်ပဲ ” (ဦးအောင်ဝင်း) ကျမတို့ အဖေ မှာခဲ့တဲ့အတိုင်း ရင်ထဲ မှတ်သားထားပါတယ်။ အဖေ က အသက် (၆၅) နှစ် ၂၀၂၂ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါပြီ။
သူတစိုက်မတ်မတ် စုခဲ့တဲ့ မျိုးစေ့ မျိုးစုံကို သူမကွယ်လွန်ခင် သူကိုယ်တိုင် သူ့မိတ်ဆွေတွေ ဆီကို ဖြန့်ဝေပေးခဲ့ပါတယ်။ စပါးမျိုး (၃၀)၊ ရာသီသီးနှံ (၁၅) မျိုး၊ ဆေးဘက်ဝင် အပင် (၃၀) မျိုးအထိ စုဆောင်းထားတာပါ။ အဖေ က သဘာဝကို ချစ်တဲ့သူပါ။ ဟိုး အရင်ကတည်းက သဘာဝနည်း လမ်းအတိုင်း စိုက်ပျိုးရေးလုပ်ခဲ့တာဖြစ်ပါတယ်။ အဖေတို့ခေတ်မှာ နွေစပါးစီမံကိန်းပေါ်လာတော့ ဓာတုဆေးတွေ သုံးလာကြပါတယ်။
အဖေ ကိုယ်တိုင်ကတော့ သဘာဝ ဂေဟမပျက် စိုက်ပျိုးနည်းကိုပဲ ယုံကြည်ချက်ရှိခဲ့တယ်။ နောက်ပိုင်းမှာ သူယုံကြည်တဲ့ အတိုင်း အသက်ထက်ဆုံး လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာမြေအတွက် ရှင်သန်ခဲ့သော လူသားတစ်ဦးမို့ မြင့်မြတ်သော နေရာသို့ ရောက်ရှိနေမှာပါ။
“မျိုးစေ့ထိန်းခြင်းသည် မြေကမ္ဘာကို စောင့်ရှောက်ခြင်းဖြစ်၏”