ကိုဗစ်ပျောက်ကင်းသွားသူတွေမှာ သေဆုံးနိုင်တဲ့ ပြင်းထန်မှိုရောဂါ ဖြစ်ပွားနေကြောင်း အိန္ဒိယဆရာဝန်များတွေ့ရှိ

ကိုဗစ်ပျောက်ကင်းသွားသူတွေမှာ သေဆုံးနိုင်တဲ့ ပြင်းထန်မှိုရောဂါ ဖြစ်ပွားကြောင်း အိန္ဒိယဆရာဝန်များတွေ့ရှိ

ကိုဗစ်ကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာခဲ့တဲ့ လူနာတချို့ဆီမှာ ဖြစ်တောင့်ဖြစ်ခဲ မှိုရောဂါတစ်မျိုးဖြစ်ပွားနိုင်ပြီး အသက်သေဆုံးနိုင်တဲ့အထိ ရင်ဆိုင်ရနိုင်တယ်လို့ အိန္ဒိယဆရာဝန်တွေက သတိပေးလိုက်ပါတယ်။ နယူးဒေလီက ဆာဂမ်ဂါရမ် ဆေးရုံက ဆရာဝန်တွေက အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ ပြန်လည်သက်သာလာသူတွေဟာ ပြင်းထန်တဲ့ မှိုရောဂါကို ခံစားခဲ့ရကြောင်း ဆိုပါတယ်။

ပုံမှန်အားဖြင့် ရက်ပေါင်း ၁၅ ရက်ကနေ ၃၀ ရက်အထိ ကြာမြင့်လေ့ရှိတဲ့ မြူကိုမိုင်ကိုးဆစ် မှိုဟာ ကိုဗစ်ဖြစ်ပွားဖူးတဲ့ လူနာတွေဆီမှာ ၂ရက်ကနေ ၃ ရက်အတွင်း မြန်ဆန်စွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒီမှိုဟာ ကိုယ်ခန္ဓာအတွင်းပိုင်းက ဘယ်နေရာမှာမဆို ပျံ့နှံနိုင်ပြီး ပျံ့နှံ့တဲ့ နေရာပေါ်မူတည်ကာ ဆိုးဝါးတဲ့ရလဒ်တွေဖြစ်ပေါ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

တချို့ဖြစ်စဉ်တွေမှာတော့ ဒီမှိုရောဂါကြောင့် နှာခေါင်းနဲ့မေးရိုးကို ဖယ်ထုတ်ရနိုင်ပြီး မျက်စိအမြင် ဆုံးရှုံးနိုင်ချေလည်းရှိနေပါတယ်။ ဒါ့အပြင် ဦးနှောက်အတွင်း ပျံ့နှံ့ခဲ့မယ်ဆိုပါက လူနာတွေရဲ့ သေဆုံးနှုန်းဟာ ၅၀ % အထိရှိတယ်ဆိုတာကိုလည်း တုန်လှုပ်ဖွယ်ရာ စစ်ဆေးတွေ့ရှိခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်ကျော်ခန့်က ဆေးရုံမှာ လူနာ ၁၀ ဦးကို ခွဲစိတ်ကုသခဲ့ရပြီး မှိုစွဲနေတဲ့ တစ်ရှူးစတွေကို ဖယ်ထုတ်ခဲ့ရပါတယ်။ လူနာငါးဦးဟာ အမြင်အာရုံ ဆုံးရှုံးခဲ့ပြီးတော့ ငါးဦးကတော့ သေဆုံးခဲ့ပါတယ်။ စီနီယာခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာမန်နစ်ရှ်မန်ဂျယ်လ်က အိန္ဒိယ အေအန်အိုင် သတင်းအေဂျင်စီကို ရှင်းပြခဲ့ရာမှာတော့ ဒီမှိုရောဂါဟာ ကိုဗစ်ကြောင့် ကိုယ်ခံအားနည်းပါးတဲ့ လူနာတွေကို ပိုမိုပြီး အကျိုးသက်ရောက်စေတယ်လို့ ဆိုပါတယ်။

ကိုယ်ခံအားစနစ်ရဲ့ ဆိုက်တိုကိုင်း တုန့်ပြန်မှုကို အသုံးချပြီး ခန္ဓာကိုယ်အတွင်းကို မှိုကဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်ခဲ့ကြပါတယ်။ “သူက နှာခေါင်းရင်းကနေ မျက်စိ၊ ဦးနှောက်ကို ဖြတ်သန်းသွားပါတယ်၊ စမ်းသပ်လို့ တွေ့ရှိခြင်းမရှိရင် ရက်ပေါင်းများစွာကြာပြီးနောက် ရောဂါဖြစ်ပွားသူတွေရဲ့ ၅၀ % အထိကို သေစေနိုင်ပါတယ်” လို့ ဒေါက်တာမန်ဂျယ်လ်က ပြောပါတယ်။

ကူးစက်ရောဂါ ကျွမ်းကျင်သူ ဒေါက်တာအတူလ်ပါတယ်လ်ကလည်း ဒီမှိုရောဂါဟာ ပြန်လည်သက်သာလာတဲ့ ကိုဗစ်လူနာတွေဆီမှာ အများစုဖြစ်ပွားပြီး ပြီးခဲ့တဲ့ ၃ လအတွင်းမှာ ပိုမိုသိသာခဲ့တယ်လို့ မှတ်တမ်းတွေရှိကြောင်း ဆိုပါတယ်။ ဒီမှိုရောဂါရဲ့ လက္ခဏာတွေကတော့ မျက်နှာတခြမ်းယောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အဖျားတက်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာခေါင်း ဒါမှမဟုတ် ပါးစပ်အတွင်းမှာ အနက်ရောက်အစက်အပြောက်တွေ ကြီးထွားလာမှုတွေ ပါဝင်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page