ပြင်သစ်နိုင်ငံအနေနဲ့ ကိုဗစ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဟု ပြင်သစ် ဆရာဝန်များ ပြောကြားလိုက်ပြီ

ပြင်သစ်နိုင်ငံအနေနဲ့ ကိုဗစ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဟု ပြင်သစ် ဆရာဝန်များ ပြောကြားလိုက်ပြီ

ပြင်သစ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို ထိမ်းချုပ်နိုင်စွမ်းရှိပုံမရတော့ဘူးလို့ ဆေးသိပ္ပံကောင်စီ ဆရာဝန်တဦးက သတိပေးလိုက်ပါတယ်။ တရက်တည်း ပိုးတွေ့လူနာ ၅၂၀၀၀ ဦးရှိတယ်လို့ အစိုးရဖက်က မနေ့က သတင်းထုတ်ပြန်ပြီးနောက် ပြင်သစ်အစိုးရရဲ့ ဗိုင်းရပ်စ်ဆိုင်ရာ အကြံပေးအဖွဲ့ ဆေးသိပ္ပံကောင်စီဥက္ကဌ ဒေါက်တာ Dr. Jean-François Delfraissy က အဲဒီလို ပြောလိုက်တာပါ။

“အကြပ်အတည်းကာလ အခြေအနေဟာ အတော်ခက်ခဲနေပါတယ်။ တရက်ကို ၅ သောင်းကျော်ချည်း နေ့တိုင်းဖြစ်နေ နိုင်ပါတယ်။ ကျနော်တို့ သိပ္ပံကောင်စီရဲ့ ခန့်မှန်းချက်အရဆိုရင် တသိန်းအထိတောင် ဖြစ်ကောင်းဖြစ်လာနိုင်တယ်” ဆိုပြီး ဒေါက်တာ Delfraissy က RTL ရေဒီယိုကိုပြောခဲ့ပါတယ်။

ပြင်သစ်ဟာ ဒီလအစောပိုင်းကပဲ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပြီး ညမထွက်ရ အမိန့်အပါဝင် တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံတွေမှာ ကိုဗစ် လူနာတွေများလာနေပြီး ICU အထူးကြတ်မတ်ကုသဆောင်တွေရဲ့ ၅၀% ကျော်ဟာ ကိုဗစ် လူနာတွေနဲ့ ပြည့်နေပါတယ်။

ပဲရစ်မြို့ရှိ Pitie-Salpetriere ဆေးရုံရဲ့ ကူးစက်ရောဂါဌာနအကြီးအကဲ Dr. Eric Caumes ကလည်း ”ကူးစက် ကပ်ရောဂါကို မထိန်းချုပ်နိုင်တာဟာ မနေ့ကမှ ဖြစ်တာမဟုတ်ဘူး။ လွန်ခဲ့တဲ့သီတင်းပတ်တွေကတည်း ဖြစ်နေတာပါ” လို့ ပြောဆိုပြီး တင်းကျပ်မှုတွေ ထပ်လုပ်ဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ ကိုဗစ်ကြောင့် ဥရောပတိုက်ရဲ့ သေဆုံးမှုဟာ ၂၅၀၀၀၀ အထိရှိနေပြီဖြစ်ပြီး တကမ္ဘာလုံးစာရင်းကတော့ ၁.၁ သန်းရှိနေပြီဖြစ် ပါတယ်။

ပြင်သစ်ဟာ ဗိုင်းရပ်စ်တွေ့သူ တသန်းကျော်လာတဲ့ ဥရောပတိုက်ထဲက ဒုတိယနိုင်ငံဖြစ်ပြီး ပထမ ကတော့ စပိန်ဖြစ်ပါတယ်။ ပြင်သစ်မှာ အခုချိန်အထိ ဗိုင်းရပ်စ်ပိုးတွေ့သူ ၁၁၃၈၅၀၇ ဦးရှိပြီး သေဆုံးသူကတော့ ၃၄၇၆၁ ရှိနေပြီဖြစ်ပါတယ်။

စပိန်မှာလည်း ဗိုင်းရပ်တွေ့သူ ၁၁၁၀၃၇၂ ဦးရှိပြီ သေဆုံးသူ ၃၄၅၇၂ ဦးရှိပါတယ်။ ဒီနိုင်ငံ နှစ်ခုဟာ ဥရောပတိုက်မှာ ပထမဆုံး ပိုးတွေ့လူနာ တသန်းကျော်တဲ့နိုင်ငံတွေဖြစ်ပြီး အခြား ဥရောပနိုင်ငံတွေ အားလုံးဟာလဲ ကိုဗစ် ဒုတိယလှိုင်းရိုက်ခတ်မှုကို အကြီးအကျယ်ခံနေရတယ်လို့ သိရပါတယ်။ ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page