ရှိသမျှအားကို စုစည်းပြီး တိုက်မယ့် ရန်ကုန်စစ်မျက်နှာပြင်က ကိုဗစ်အဆုံးသတ်တိုက်ပွဲ

“သေခြင်းတရားနှင့် နောက်ဆုံးတိုက်ပွဲ”

ကမ္ဘာပေါ်မှာ လက်ရှိအချိန်အထိ ကိုဗစ်ကပ်ရောဂါကြောင့် လူ ၃၂ သန်းကျော် ကူးစက်ခံထားရပီး ၁ သန်းနီးပါး သေဆုံးခဲ့ရပါပီ။ သေနှုန်းကတော့ ၀.၃၁% ပါ။ မြန်မာပြည်မှာက နမူနာပေါင်း ၂ သိန်းခွဲနီးပါး စစ်ဆေးခဲ့ပီး ပိုးတွေ့လူနာ ၁၀၀၀၀ ကျော် တွေ့ရှိထားကာ သေဆုံးသူ ၂၀၀ ကျော်ရှိပါတယ်။ ဒီလိုရလဒ်တွေအရ ကြည့်ရင်တော့ သိပ်မဆိုးဘူးထင်ရပေမယ့် မြေပြင်မှာက ခက်ခဲမှုများစွာ ရှိနေပါတယ်။ အဓိကကတော့ System ထက် လူ့စွမ်းအားအရင်းအမြစ်နဲ့ အခြေခံအဆောက်အဦးတွေ အားနည်းမှုရှိတာ၊ ခေတ်အဆက်ဆက် ကျန်းမာရေးဘတ်ဂျတ် သိပ်မရခဲ့တာတွေက အခုချိန်မှာ ခံစားနေရတာပါပဲ။ ဒီရောဂါက တိကျတဲ့ ဗျူဟာမရှိပါဘူး။ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံအလိုက် အဆင်ပြေမယ့်နည်းတွေနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြရပါတယ်။

ဒီနေရာမှာ လက်ရှိ မြန်မာပြည်ရဲ့ Epicenter လို့ ပြောရမယ့် ရန်ကုန်မြို့ဟာ အကြီးမားဆုံးခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပါတယ်။ တခုထဲသော မြို့ပြစစ်စစ်ဖြစ်တဲ့ ရန်ကုန်ဟာ ဒီတိုက်ပွဲမှာ အလူးအလဲပါပဲ။ ဘယ်လိုတွေဖြစ်နေလဲ။ တကယ့်မြေပြင်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို ပြည်သူတွေအနေနဲ့ တကယ်ကို သိဖို့လိုနေပါတယ်။ အကြောက်တရားမရှိပဲ လျှောက်လုပ်နေခြင်းဟာ အလွန်ဆိုးရွားပီး ရှေ့တန်းက တိုက်ပွဲဝင်နေရသူတွေကိုလဲ ဒုက္ခပေးရာရောက်ပါတယ်။ ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေဟာ အခုချိန်မှာ အတော်ကို ကြမ်းတမ်းခက်ခဲတဲ့အနေအထားကို ရောက်နေပါတယ်။ ရန်ကုန်မြို့ရဲ့ ဆေးရုံအားလုံးနီးပါးဟာ ပြည့်နေပီးဖြစ်ပီး ကျန်းမာရေးဝန်ထမ်းတွေလဲ Q ဝင်သူ P ဖြစ်သူတွေနဲ့ အင်အားနည်းနေပါတယ်။ ရန်ကုန်ရဲ့ အဓိကဆေးရုံကြီးဖြစ်တဲ့ YGH အကြောင်းကိုပဲ ပြောပါမယ်။ အခြားဆေးရုံတွေလဲ အတူတူပါပဲ။ အိမ်မပြန်နိုင်ဘူး။ ကြုံသလိုအိပ် ကြုံသလိုစားပီး ပြည်သူအတွက် အလုပ်လုပ်နေကြပါတယ်။

လက်ရှိသွားနေတဲ့ Process က ဒီလိုပါ။ ဆေးရုံကို ရောက်လာရင် သံသယလူနာလို့ သတ်မှတ်ရင် သီးသန့်အဆောင်တွေမှာ ထားပါတယ်။ Swab ယူပါတယ်။ NHL ပို့ပါတယ်။ P ဖြစ်တဲ့လူနာတွေ စာရင်းပြန်ပို့လာရင် အဲဒီလူနာတွေကို တာဝန်ကျ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက လိုက်ရှာရပါတယ်။ သွေးပေါင်ချိန်၊ အဖျားတိုင်း၊ အောက်ဆီဂျင်တိုင်းတာတွေ လုပ်ပီး တင်ပြရပါတယ်။ ညစဉ်တိုင်းမှာ ဆရာကြီး ဆရာမကြီးတွေက အစည်းအဝေးထိုင်ပီး ဘယ်လူနာကို ဘယ်ကိုပို့မယ်။ အခြေအနေဆိုးတဲ့သူကို ICU ပို့ဖို့ ဘယ်ဆေးရုံလွှဲမယ်ဆိုတာ ဆုံးဖြတ်ရပါတယ်။ မနက်ကျရင် အဲလို စီစဉ်ထားတဲ့အတိုင်း မနက်ကျ သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ဆေးရုံတွေကို ခေါ်သွားပါတယ်။ ဒါက အရင်ကပါ။

အခုဆိုရင် သံသယလူနာတွေ အရမ်းများလာလို့ အဆောင် ၇ ခုလောက် တိုးချဲ့ထားရပါတယ်။ ရွက်ဖျင်တဲတွေလဲ ထိုးထားရပါတယ်။ အဲဒါတောင် အဲဒီအဆောင်တွေမှာ လူနာတွေပြည့်နေပါတယ်။ P စာရင်းပြန်ပို့လာရင် ဘယ်လူနာက ဘယ်နားမှာရှိမှန်းတောင် မသိတော့ပါဘူး။ အဲဒီအဆောင်တွေထဲ လူတွေ အဲလောက်များနေပါတယ်။ N နဲ့ P တွေ ရောနေသလို အခုလို လူနာတွေ ဆက်တိုက်တွေ့လာချိန်မှာ P တွေကို မနက်ကျရင် လွှဲပို့ဖို့ နေရာတွေက ချဲ့မလောက်ဖြစ်နေလို့ အခုဆိုရင် P လူနာတွေဟာ YGH မှာပဲ သောင်တင်နေတာ ၃ ၄ ရက်ရှိနေပါပီ။ COVID Center တွေကို ပို့ဖို့ လာမခေါ်နိုင်တော့ပါဘူး။ ဒါကြောင့် အခုဆို လာသမျှလူနာတွေကို ဆေးရုံမှာ လက်မခံနိုင်ပါဘူး။ လွတ်နေတဲ့ ကုတင်အနေအထားအလိုက်ပဲ လက်ခံနိုင်ပီး အတော်များများကို အိမ်ပြန်လွှတ်နေရပါတယ်။ တာဝန်ကျ ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေဟာ မလျှော့သောဇွဲနဲ့ ကမ္ဘာပျက်နေသလို အနေအထားမှာ တိုက်ပွဲဝင်နေရပါတယ်။ တညလုံး မအိပ်ရဘူး။ ၂၄ နာရီ အပြည့် မအိပ်ပဲ ရဲစွမ်းသတ္တိပြောင်မြောက်စွာ ပေးဆပ်မှုများစွာနဲ့ တိုက်ပွဲဝင်နေရပါတယ်။ Duty ထွက်ရင် အသံတွေဝင်၊ နာကျင်ကိုက်ခဲနေတဲ့အကြားက ဒီရောဂါကြောင့် ထွက်မပြေးပဲ ရင်ဆိုင်ခုခံနေကြပါတယ်။ အခြားဆေးရုံအားလုံးက ကျန်းမာရေးဝန်ထမ်းအားလုံး ဒီလိုပါပဲ။

နောက် ရောဂါရဲ့ အကြောင်းလဲ ပြောချင်ပါသေးတယ်။ မသေဘူးတို့ အေးဆေးပါတို့ကို မေ့လိုက်ပါ။ ဂျင်းပြုတ်က မကယ်ပါဘူး။ အသက် ၆၀ အထက် လူနာအားလုံးဟာ အသက်တဝက်ကို သေမင်းဆီ အပ်ထားရတာပါ။ လူနာတွေဟာ ကြည့်နေရင်း အကောင်းကနေ SPO2 တွေ ပြုတ်ကျပီး ကွယ်လွန်ကုန်ကြပါတယ်။ အောက်ဆီဂျင်ပေးထားတာတောင် SPO2 90 ပတ်ချာလည်ပဲ ရှိပါတယ်။ တချို့ ၄၀ အရွယ်လူတွေပါ အဲလိုပြုတ်ကျနေတာပါ။ မနက်က အကောင်း၊ ညကျရင် မရှိတော့တာတွေ အများကြီးပါ။ ဒါဟာ တကယ်ကို ကြောက်ဖို့ကောင်းတဲ့အနေအထားပါ။ သူတို့တွေဟာ တစုံတယောက်ရဲ့ ဖခင်၊ မိခင်၊ အဖိုးနဲ့ အဖွားတွေဖြစ်ပါတယ်။ မိသားစုတွေအတွက်လဲ ဖြေစရာမရသလို ဆရာဝန်တွေလဲ ဘယ်သူမှ စိတ်မကောင်းပါဘူး။ ICU ထဲထည့်ဖို့ကလဲ လူတိုင်းကို ထည့်ဖို့ ကုတင်မရှိပါဘူး။ ICU ရှိတဲ့ COVID center တွေကလဲ ကုတင်တွေပြည့်နေပါတယ်။ ကြေကွဲဝမ်းနည်းစွာနဲ့ လူနာတွေကို လက်လွှတ်နေရပါတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်ရဲ့သားနဲ့ စည်းကမ်းမရှိတာတွေကြောင့် အခုလို ကြုံတွေ့နေရတာပါ။

ဒါ့အပြင် ခင်ဗျားမှာ တခြားရောဂါတခုခုရှိတယ်ဆိုရင် ပိုတောင်ဆိုးပါတယ်။ ကျောက်ကပ်လူနာတွေ P ဖြစ်ပီဆို ဘယ်အပြင်ဆေးခန်းကမှ ကျောက်ကပ်မဆေးပေးပါဘူး။ သမားတော်တွေကလဲ မဆေးနိုင်ပါဘူး။ ထို့အတူပါပဲ အခြားခွဲစိတ်စရာတွေ၊ ဆီးချိုကြောင့် ခြေထောက်အနာဖြစ်တာတွေအတွက်လဲ လုပ်ရခက်ပါတယ်။ ခွဲစိတ်တွေ၊ အရိုးအထူးကုတွေကလဲ P အဖြစ်ခံပီးကို ခွဲစိတ်ပေးနေကြပေမယ့် ဆေးရုံမှာ ပြန့်နေတဲ့ပိုးတွေ P လူနာတွေကြောင့် အရာရာဟာ အခက်အခဲရှိနေပါတယ်။ မတ်လထဲကနေ ဆေးပညာနဲ့မေ့ဆေး သမားတော်တွေ၊ အထူးကုတွေကပဲ ကုပေးနေရပေမယ့် အခုတော့ တခြားဌာနတွေဖြစ်တဲ့ ကင်ဆာတို့ ပြန်လည်ထူထောင်ရေးတို့ အရိုးတို့ OG တို့ ခွဲစိတ်တို့ အရေပြားအစရှိတဲ့ ဌာနတွေက အထူးကုတွေကပါ ဝင်ရောက်ပီး ဆရာဝန်စိတ်ရှိရှိနဲ့ ဝင်ရောက်ကုသပေးနေကြရပါတယ်။ ဘယ်လောက်ပဲပိုက်ဆံရှိရှိ ဘယ်နိုင်ငံက ဘယ်ဆေးရုံကမှ လက်ခံမကုပေးပါဘူး။ ကွယ်လွန်ချိန်မှာလဲ အနားမှာ မိသားစု မရှိနိုင်သလို သဂြိုဟ်တဲ့အခါလဲ ဘာထုံးတမ်းအစဉ်အလာအတိုင်း ခမ်းခမ်းနားနားမရှိပါဘူး။ သိပ်ကြောက်ဖို့ ကောင်းနေလို့ သတိပေးနေတာဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ ရန်ကုန်ဟာ ရေစုန်မျောနေပါတယ်။ Center တွေထပ်ချဲ့ရမယ်။ အဲဒါက ချဲ့လို့ရပေမယ့် ထပ်ထည့်ဖို့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းက မရှိတော့ပါဘူး။ ဒီတော့ တင်းကြပ်သော Stay at home လုပ်ပါတယ်။ လူတွေက ဟဲဟဲဟဲဟဲပါပဲ။ ၂၄ ရက်နေ့မှ စတင်တင်းကြပ်ပေမယ့်လဲ အကြောင်းမရှိပဲ လမ်းထွက်နေတုန်းပါပဲ။ ဒါကြောင့် ဒီနေ့ကစ တင်းကြပ်ပါတယ်။ ဒါဟာ LD သဘောမျိုးကို ချဉ်းကပ်တာဖြစ်ပါတယ်။ ထို့အတူ စစ်တဲ့ပုံစံပြောင်းလိုက်ပါတယ်။ အချိန်ကော လူအင်အားကော များစွာကုန်တဲ့ PCR ကနေ Antigen Test ကို ပြောင်းလိုက်ပါတယ်။ ဒီအခါမှာ မြောက်မြားစွာတဲ့ P တွေ ထပ်ထွက်လာမှာဖြစ်လို့ အဲဒီလူအားလုံးကို ထည့်ဖို့ Center အသစ်တွေလိုနေပါတယ်။ အခု Center အသစ်တွေ အများကြီးဖော်ထုတ်နေသလို တပ်ကလဲ ကုတင် ၁၀၀၀ ခန့်ရဖို့ ပြင်ဆင်ထားပါတယ်။

ဒါဆို ဒီထပ်တိုးချဲ့လိုက်တဲ့နေရာတွေအတွက် ဆရာဝန်တွေနဲ့ ကျန်းမာရေးလုပ်သားတွေက ဘယ်ကရမလဲဆိုရင် တိုင်းနဲ့ပြည်နယ် အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေက ရန်ကုန်ကို ချီတက်လာကြပါပီ။ ရန်ကုန်က အပြင်က စေတနာဝန်ထမ်းဆရာဝန်တွေကလဲ လျှောက်လွှာတွေ တင်နေကြသလို ဆေးကျောင်းသားတွေကလဲ သူတို့တတ်နိုင်တဲ့ဘက်က တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေကြပါပီ။ တိုက်ပွဲဝင်နေရသူတွေကလဲ ရောဂါကို ကြောက်လို့ ထွက်မပြေးပဲ ဆရာဝန်စိတ်ဓာတ်အပြည့်နဲ့ ပိုးအကူးခံရတာတောင် ဆက်လက်တိုက်ဖို့ အသင့်ပြင်နေရကြပါတယ်။ ဒါဟာ နောက်ဆုံးဖောင်ဖျက်တိုက်ပွဲပါပဲ။ တိုက်ပွဲကာလက ၁ ပတ်ခွဲပါ။

ဒီတိုက်ပွဲကို ဘာကြောင့်တိုက်ရသလဲဆိုရင် ဒါဟာ Containment system ရဲ့ နောက်ဆုံးကြိုးစားခြင်းအနေနဲ့ ကြိုးစားတာဖြစ်ပါတယ်။ ရှိသမျှ လူအင်အား၊ ပစ္စည်းနဲ့ နေရာတွေ အကုန်ရင်းနှီးပီး တိုက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ တွေ့သမျှလူနာတွေကို Center တွေထဲထည့်မယ်။ Q တွေထဲ ကျန်နေတဲ့ လူအားလုံးကို စစ်မယ်။ ထည့်မယ်။ ရှိသမျှလူအင်အားနဲ့ ကုသကာကွယ်မယ်။ ဒါက ကျန်နေတဲ့ ခင်ဗျားတို့အားလုံး ၇ သန်းရှိတဲ့ ရန်ကုန်သူ ရန်ကုန်သားအားလုံး ထပ်မံကူးစက်မှုကို အစွမ်းကုန်လျှော့ချဖို့ပါ။ ဒီတိုက်ပွဲမှာ ကျန်းမာရေးဘက်က တာဝန်ကျေခဲ့ပီ။ ရှေ့တန်းမှာ အားလုံး အလုံးအရင်းနဲ့ တိုက်ကြတော့မယ်။ အဓိက တာဝန်ကျေရမှာကတော့ ၇ သန်းသော ပြည်သူတွေဖြစ်ပါတယ်။ ဒီ ၂ပတ်ခန့်ကို ရန်ကုန်တမြို့လုံး ရှိသမျှလူအားလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် အိမ်ထဲမှာနေပါ။ အိမ်အောက်က လမ်းထဲကိုတောင် ဖြစ်နိုင်ရင် မဆင်းပဲ နေပါ။ ဒီတိုက်ပွဲမှာ ပြည်သူတွေ တိုက်ပွဲဝင်ရမယ့်ပုံစံက အိမ်ထဲမှာ အိပ်နေပေးဖို့ပါပဲ။ အသက်စွန့်ပီး ကျည်ဆံတွေကြားသွားရမှာ မဟုတ်ပါဘူး။ အိပ် စား TV ကြည့် Ph ပွတ်နေရုံပါပဲ။ သိပ်ကို လွယ်ပါတယ်။

မနက်ဖြန်ကစပီး Antigen test တွေ စပါပီ။ ရှေ့တန်းမှာ ခြေကုန်လက်ပန်းကျနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ တခြားပြည်နယ်တိုင်းက လာရောက်ပူးပေါင်းကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ Volunteer တွေနဲ့ ပူးပေါင်းပီး လက်ကျန်အားနဲ့ အစွမ်းကုန်တိုက်ပွဲ စဝင်ကြပါပီ။ ရန်ကုန်အတွက် နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲကြပါပီ။ ဒီလောက် အပြင်းအထန်တိုက်မယ့်ပွဲကြီးထဲမှာတောင် အိမ်မှာမနေပဲ လမ်းသလားနေကြမယ်။ ပျော်ပါးနေကြမယ်ဆိုရင်တော့ ၂ ပတ်ကျော်သွားရင် ဆေးရုံတွေမှာလဲ နေစရာပြည့်နေပီ။ ICU တွေလဲ လူလျှံနေပီ။ ကျန်းမာရေးဝန်ထမ်းတွေလဲ ခြေကုန်လက်ပန်းကျသွားကြပီဆိုရင်တော့ သေခြင်းတရားဟာ ခင်ဗျားတို့ရဲ့ တံခါးတွေကို လာခေါက်ပါလိမ့်မယ်။ အလွန်လွယ်ကူတဲ့ Mask ကို မတပ်ကြလို့ အသက်များစွာ သေခဲ့ကြရပီ။ အချိန်လွန်မှ နောင်တမရပါနဲ့။ သေခြင်းတရားနဲ့ စစ်ခင်းရတော့မယ့် နောက်ဆုံးတိုက်ပွဲမှာ ခင်ဗျားဟာ တာဝန်ကျေတဲ့ တပ်သားတယောက်၊ နိုင်ငံသားတယောက်အဖြစ် ပါဝင်နိုင်ပါစေ။ မနက်ဖြန်မှာ မနိုင်ခဲ့ရင် မနက်ဖြန်တွေဟာ မသေချာတော့ဘူး။ ဒါကြောင့် သာယာတဲ့ မနက်ဖြန်များစွာကို ပိုင်ဆိုင်ရဖို့ မနက်ဖြန်ရဲ့လမ်းများပေါ်မှာ..

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page