တရုတ် မြန်မာနယ်စပ်က မိုင် ၁၃၀၀ ကျော် ရှည်လျားမယ့် ခြံစည်းရိုးကြီးရဲ့ နောက်ကွယ်

တရုတ် မြန်မာနယ်စပ်က မိုင် ၁၃၀၀ ကျော် ရှည်လျားမယ့် ခြံစည်းရိုးကြီးရဲ့ နောက်ကွယ်

တရုတ်အစိုးရသည် မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာနေချိန်တွင် ကီလိုမီတာ ၂,၀၀၀ ခန့် ရှည်လျားသည့် မြန်မာနယ်စပ် တလျှောက် ခြံစည်းရိုး ကာနေသည့် သတင်းများ ထွက်ပေါ် လာနေခဲ့သည်။

သတင်းအရ ယခုနှစ် စောစောပိုင်းကတည်းက စတင် ဆောက်လုပ်နေခြင်း ဖြစ်ပြီး “တောင်ပိုင်း မဟာတံတိုင်း” စီမံချက်ဟူ၍ပင် အမည်ပေးထားကာ ၆၅၉ ကီလိုမီတာ အထိ ပြီးစီးနေပြီ ဖြစ်သည်ဟု သိရသည်။ ရွှေလီရှိ ဆိုရှယ်မီဒီယာများ မှ ထွက်ပေါ်လာသော သတင်းများမှာ ယူနန် နှင့် မြန်မာ နယ်စပ်တွင် တည်ဆောက်နေခြင်း ဖြစ်ပြီး အားဖြည့် သံမဏိတိုင်များ ပေါ်တွင် သံဆူးကြိုးများ စိုက်ထူ ကာရံထားခြင်း ဖြစ်သည်။

ဘီဂျင်းသည် မြန်မာအစိုးရ အုပ်ချုပ်မှု နှင့် ကင်းလွတ်နေပြီး သဘောရှိ အုပ်ချုပ်နေသည့် မြန်မာဖက်ခြမ်းရှိ တိုင်းရင်းသား လက်နက်ကိုင်များ ကြီးစိုးရာ နယ်မြေများ နှင့် ထိစပ်နေသော ယူနန် နယ်ခြားဒေသကို ထိန်းချုပ်နိုင်ရန် ကြိုးစားလာခဲ့သည်မှာ ကာလကြာမြင့်လာပြီ ဖြစ်သည်။

ယူနန် နယ်ခြားဒေသသည် ၁၉၈၀ နောက်ပိုင်းမှစ၍ တရားမဝင် ကုန်စည် ကူးသန်း ရောင်းဝယ်ရေး တွင် အချက်အချာ ဖြစ်လာခဲ့သည်။ ကျောက်စိမ်း၊ အဖိုးတန် ကျွန်းသစ်၊ ကားများ၊ ဆေးပြားများ ချက်လုပ်သည့် ဓါတု ပစ္စည်းများ အစရှိသည်တို့ အဓိကနေရာမှ ပါဝင်လျှက် ရှိသည်။ ထို့အပြင် တရားမဝင် အလုပ်လုပ်ကိုင်သူများ၊ နေ့ချင်းပြန် ကုန်သည်များ၊ တရုတ်နိုင်ငံသားများ အတွက် အိမ်ထောင်ဖက် အဖြစ် ခိုးသွင်းလာသော မြန်မာ အမျိုးသမီးများ အစရှိသည်တို့ဖြင့် စည်ကားနေပြန်သည်။ အနောက်တိုင်း မီဒီယာများကတော့ ခြံစည်းရိုး တည်ဆောက်ခြင်းသည် တရုတ် အစိုးရနှင့် သဘောကွဲလွဲသူများ ထွက်ပြေးခိုလှုံမည့် အရေးကို ဟန့်တားရန် ဖြစ်သည်ဟု ယူဆရေးသားလျှက် ရှိသည်။

ဤသည်ကလည်း သေချာပေါက် အကြောင်းတချက် အဖြစ် ပါဝင်နေသည်။ ယူနန် ပြည်နယ် ထွက်ပေါက်သည် အနောက် နိုင်ငံများတွင် နိုင်ငံရေး ခိုလှုံရန် ကြံစည်နေသည့် တရုတ်ပြည်ရှိ ဝီဂါများ၊ အခြား အစိုးရ ဆန့်ကျင်သူများ အတွက် ကာလကြာမြင့်စွာကပင် ထွက်ပေါက် တခု အဖြစ် ရှိနေခဲ့သည်။ ထိုအထဲတွင် မြောက်ကိုရီယား ဒုက္ခသည်များ အထိ ပါဝင်လာခဲ့သည်။

သို့သော် တရုတ်တို့၏ အမှန်တကယ် ရည်ရွယ်ခဲ့သည်မှာ ဒီထက် မက ကျယ်ပြန့်သည် ဟု ယူဆစရာ ရှိနေပေသည်။ ပထမဆုံး အကြောင်းက တရားမဝင် နယ်ခြားဖြတ်ကျော်လာခြင်း ကြောင့် ကိုဗစ်-၁၉ ပိုး ပျံ့နှံလာမည့် အရေး ဖြစ်သည်။ ဤသည်ကိုလည်း အဓိက ရည်ရွယ်ရာ အဖြစ် တရုတ် အာဏာပိုင်များက ပြောဆိုခဲ့ကြသည်။ စက်တင်ဘာလအတွင်း တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာသူ သုံးဦး ထံမှ ကိုဗစ် ကူးစက် ခံထားရသည်ကို တွေ့ရှိလာပြီး နောက်တွင် ရွှေလီသည် ‘စစ်ပွဲကာလ အရေးပေါ် အနေအထား” အထိ တပ်လှန့်လာခဲ့သည်။ ထိုင်းနိုင်ငံသည် လည်း အလားတူ ကူးစက်ခံရမှု အနည်းငယ်နှင့် ရင်ဆိုင်နေရသည်။

ထိုမျှလောက်နှင့် ၂,၀၀၀ ကီလိုမီတာ အရှည်အား သံဆူကြိုးများ ဖြင့် တံတိုင်းကြီး ကာမည့် အရေးက အလွန်အကျွံ လုပ်ဆောင်ခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။ ဘီဂျင်းအဖို့ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကို အမြစ်ဖြတ် နိုင်ခဲ့ပြီဟု ပြဆိုနိုင်ရေးသည် လွန်စွာ အရေးပါနေရသည်မျိုး ရှိနေပေသည်။ သို့မှသာ အာရှအား ကပ်ရောဂါဘေးကြီး ထဲမှ စီးပွားရေး နာလံထူနိုင်အောင် တရုတ်မှ ဦးဆောင် ဆွဲထုတ် ပေးနိုင်မည်ဟု ပြော၍ ရမည် ဖြစ်သည်။ တရုတ်၏ အုပ်ချုပ်မှု ပုံစံသည် ရောဂါတိုက်ဖျက်ရေး တွင် အမေရိကန်၊ အနောက်နိုင်ငံများ နှင့် မည်မျှ ကွာခြားစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းကို လည်း ဝါဒဖြန့်ချင်နေပြန်သည်။

ဒုတိယတကြောင်းဖြစ်သည့် မြန်မာနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသူ များ ဆိုသည်ကို ဘန်ကောက် တွင် အခြေစိုက်သော သတင်းစာဆရာ ပက်ထရစ် ဝင်း မှထောက်ပြခဲ့သည်။ ထိုသို့ ဝင်ရောက်လာသူ အများစုသည် တရုတ် အစိုးရ ဆန့်ကျင်ရေး သမားများ မဟုတ်ဘဲ တရုတ်နိုင်ငံတွင် တရားမဝင်ဟု ကြေညာထားသော ဒုစရိုက် လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေကြသူများသာ ဖြစ်သည်ဟု ဆိုသည်။

၎င်းကိုယ်တိုင် ၂၀၁၄ တွင် အန်ဒီအေအေ ထိန်းချုပ်နယ်မြေ မြို့တော် မိုင်းလားကို ရောက်ရှိခဲ့ရာတွင် ဂိုဏ်းများ နှင့် ဆက်စပ်နေသည်ဟု သံသယ ဖြစ်ဖွယ် ရှိသည့် တရုတ်နိုင်ငံသား အများအပြားကို ကာဆီနိုများတွင် တွေ့ခဲ့ရပြီး သူတို့အားလုံးသည် မိုင်းလား နှင့် ယူနန်ကို ဆက်သွယ်ထားသည့် တရားဝင် စစ်ဆေးရေး ဂိတ်ကို မဖြတ်ဘဲ အခြားလမ်းကြောင်းများမှ ဝင်ရောက် လာခဲ့ကြသူများသာ ဖြစ်သည်ဟု ဆိုသည်။

တရုတ်အစိုးရ ဆန့်ကျင်သူ တဦး အဖို့ ယူနန်ကို ဖြတ်ကျော်ပြီး မြန်မာထဲ ဝင်ရောက်လာခဲ့လျှင်ပင် တရုတ်အစိုးရနှင့် ကာလကြာမြင့်စွာ ဆက်ဆံရေး တည်ဆောက်ပြီး ဖြစ်သည့် အန်ဒီအေအေ နှင့် ဝ တို့က မည်သို့မျှ လက်ခံမည်လည်း မဟုတ်ပေ။
သေချာသည့် ကတော့ တရုတ်တို့သည် ဂယ်ပေါက်များစွာ ရှိနေသည့် မြန်မာ နယ်စပ်တွင် ဆေးဝါး နှင့် လူကုန်ကူး လုပ်ငန်း များအပြင် တရားမဝင် ငွေကြေး ဖြတ်ကျော် ယိုစိမ့်နေမှုများ အတွက် စိုးရိမ်မကင်း ရှိနေကြခြင်းပင် ဖြစ်သည်။ ယခင်က ၎င်းတို့ နိုင်ငံဖက်မှ လောင်းကစားသမား များ ကို ဟန့်တားရန် မြန်မာ နှင့် လာအို နယ်စပ်ရှိ ကာစီနိုများကိုပင် ပိတ်ပင်ခဲ့ကြရုံမက တရားမဝင် ကုန်စည် ကူးသန်းနေမှုများကိုပါ အခါအားလျှော်စွာ စစ်ဆင်ရေး ပြုလုပ်ပြီး နှိမ်နှင်းခဲ့ကြသည်။

သို့သော် နယ်စပ်ရှိ အခြေအနေများ အလွန်အကျွံ ဖြစ်မလာမချင်း တရုတ်အစိုးရအတွက် အဆင်ပြေနေသည်။ မြန်မာ မှ တရားမဝင် ဝင်ရောက်လာသော ကုန်စည်များ စီးဝင်နေမှုသည် ၎င်းတို့ အားထားနေရသည့် တိုင်းရင်းသား လက်နက်ကိုင်များ ကြီးစိုးနေသည့် ဒေသ စီးပွားရေး ကို အဆင်ပြေ အောင် ပြုလုပ်ပေးရာလည်း ရောက်သည်။ ထိုအဖွဲ့များ အဆင်ပြေနေရန်လည်း တရုတ်တို့က လိုလားသည်။ တရုတ်တို့ ဖက်မှ မဟာဗျူဟာ မြောက် အကျိုးစီးပွားကို မျှော်ကိုးပြီး လုံးဝဥဿုံ ပိတ်ပြစ်ရန် ကြိုးစားမည် မဟုတ်ပေ။

ကိုဗစ်သည် ယခုအခါ တရုတ်အစိုးရ အတွက် မြန်မာ နယ်ခြားနှင့် ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်နေမှုများ အတွက် အကြောင်းပြ ကောင်းတခု အဖြစ် ဖန်တီးပေးခဲ့သည်။ တရားမဝင် ကုန်ကူးသန်းရောင်းဝယ် နေမှုအား ပိတ်ဆို့ရန်အတွက်တော့မဟုတ်ပဲ ဘယ်နေရာ၊ ဘယ်အချိန်နှင့် မည်သို့ပုံစံမျိုးဖြင့် ပြုလုပ်ခွင့်ပေးမည် ဆိုသည်အပေါ် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ခွင့် ရရှိနိုင်ရေး အတွက်ပင် ဖြစ်သည်။

နယ်စပ် ခြံစည်းရိုးသည်သာ တရုတ်တို့ ရည်ရွယ်သလို ဖြစ်လာမည်ဆိုက မြန်မာအစိုးရကိုသော်၎င်း၊ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်နယ်မြေ များကိုပါ လိုလျှင်လိုသလို ဖိအားများ ပေးခြင်း၊ ဆုလဒ်များ ချီးမြှင့်ခြင်းများ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

မြန်မာဖက်က ၁၉၆၁ ခု နှစ်နိုင်ငံ နယ်နမိတ် ဆိုင်ရာ သဘောတူညီချက်ကို ကိုးကားပြီး နယ်ခြားမျဉ်း၏ ဆယ်မီတာ အတွင်း မည်သည့် ပုံစံမျိုးကို မဆို တည်ဆောက်ခွင့် မရှိဆိုကာ ကန့်ကွက်လျှက် ရှိနေသည်ဟု သိရသည်။

လှစိုး‌ဝေ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page