ကျောင်းမဖွင့်ဘဲ စာမေးပွဲ မစစ်နိုင်၊ ကလေးတွေကို စာသင်ပြီးမှသာ စာမေးပွဲ စစ်မည်ဟုဆို

ကျောင်းမဖွင့်ဘဲ စာမေးပွဲ မစစ်နိုင်၊ ကလေးတွေကို စာသင်ပြီးမှသာ စာမေးပွဲ စစ်မည်၊ စာမေးပွဲတွေရှိတယ်ဆိုတာ သတင်းမှားဟု ဒုညွှန်ချုပ်ဆို

ကျောင်းများ ပုံမှန် ဖွင့်လှစ်နိုင်မှသာ ကျောင်းသူ ကျောင်းသားများ ပုံမှန် သင်ယူမှု ဖြစ်ပြီး စစ်ဆေးတိုင်းတာမှုစာမေးပွဲများ ပုံမှန် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၊ အခြေခံ ပညာ ဦးစီးဌာန မှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

လတ်တလောတွင် အခြေခံ ပညာ ကျောင်းများကို ယာယီ ပိတ်ထားသော်လည်း ဒဿမတန်း စာမေးပွဲ ကျင်းပမည်ဟု သတင်းထွက်နေခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ၄င်းက ရှင်းပြပါတယ်။

ကျောင်းပိတ်ထားသည့် ကာလ တွင် ကျောင်းသားများ သင်ယူမှု အဆက်မပြတ်စေရန် အတွက် အခမဲ့ ရုပ်မြင်သံကြား လိုင်းများ နှင့် ရေဒီယို ကတဆင့် သင်ကြားမှုများ လုပ်ရန် အတွက်လည်း ပညာရေး ဝန်ကြီး ဌာန က စီစဉ်နေပြီး ဝဘ်ဆိုက်မှ တဆင့် လေ့လာနိုင်ရန် အတွက် ဆောင်ရွက်ရန် စီစဉ်နေပါတယ်။

“Grade 10 တွေ 11 တွေ စာမေးပွဲ ရှိတယ် ဘာညာ ဆိုတာ မဟုတ်ပါဘူး။ လုံးဝမဟုတ်ဘူး။ မဟုတ်ဘူး ဆိုတာက စာမေးပွဲ စစ်ဆေးနိုင်ဖို့ ဆိုတာက ရှေ့မှာ သင်ကြား၊ သင်ယူမှု ရှိနေရဦးမယ်။ သင်ကြား သင်ယူမှု အကောင်းဆုံး ဖြစ်ဖို့ကလည်း ကျောင်းက ဖွင့်ရဦးမယ်။ ကျောင်းမှ မဖွင့်နိုင်ပဲတော့ ဒီ သင်ကြား သင်ယူမှုက အပြည့်အဝ မရနိုင်ရင် စာမေးပွဲ ဆိုတာ မဖြစ်နိုင်ဘူးလေ။ တကယ်လို့ ကျောင်းတွေ ဖွင့်လာနိုင်ပြီ ဆိုရင်တော့ နောက်တစ်ပိုင်း ဝိုင်းပြီး စဉ်းစားမှာပေါ့။ အရေးအကြီးအဆုံးက ဒီအချိန်မှာ အကုန်လုံး မကူးစက်ရေး အတွက် အန္တရာယ်ကင်းရေး အရေးကြီးတာပဲလေ” ဟု ဒေါက်တာ တင်မောင်ဝင်း က ပြောပါတယ်။

စစ်မေးပွဲ စစ်ဆေးကျင်းပခြင်းသည် ကျောင်းသူ၊ ကျောင်းသား ၏ တတ်မြောက်မှုကို ဆန်းစစ် ဖော်ထုတ်ခြင်း ဖြစ်ကြောင်း၊ စစ်ဆေးတိုင်းတာမှု စာမေးပွဲ မတိုင်မီတွင် ကျောင်းသူ၊ ကျောင်းသားများ ၏ သင်ယူမှု ပမာဏ ဦးစွာ ရှိရန်မှာ အရေးအကြီးဆုံး ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“စာမသင်ပဲ နဲ့ သင်ကြားမှု မရှိပဲနဲ့စစ်ဆေးတိုင်းတာမှု ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဆရာတို့ အခု အွန်လိုင်းက သင်တယ်တို့ မီဒီယာက သင်တယ်ဆိုတာ ဆိုတာက တဝက်တပျက် အစိတ်အပိုင်း တစ်ခုပဲ သင်ယူမှု ရမှာ။ တကယ့် Face to face ကတော့ အထိရောက်ဆုံးပဲ။ အဲ့ဒီလို သင်မှ ကလေးရဲ့ သင်ယူမှု ပို အားကောင်းမယ်” ဟု ဒေါက်တာ တင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page