အားလုံးစောင့်မျှော်နေတဲ့ ကိုဗစ်ကာကွယ်ဆေး နိုဝင်ဘာလကုန် ရပါပြီ
အားလုံးစောင့်မျှော်နေတဲ့ ကိုဗစ်ကာကွယ်ဆေး နိုဝင်ဘာလကုန် ရပါပြီ
လုံခြုံစိတ်ချရပြီး အကျိုးသက်ရောက်မှုရှိသည့် ကိုဗစ် ကာကွယ်ဆေးကို နိုဝင်ဘာလကုန်ပိုင်းတွင် ရရှိတော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ် ထရန့်၏ အကြီးတန်းအကြံပေးဖြစ်သူ ဒေါက်တာ အန်တိုနီဖော့စီ ကပြောကြားလိုက်သည်။ ထို့အတူ ဗြိတိန်တွင်လည်း ကျန်းမာရေးနယ်ပယ်မှ ဝန်ထမ်းများအားလုံးကို လာမည့် ခရစ္စမတ်မတိုင်မီ အဆိုပါ ကာကွယ်ဆေးကို ထိုးပေးနိုင်ရန် စတင်စီစဉ်နေပြီလို့ ဆိုပါတယ်။
အမေရိကန်နှင့် ဗြိတိန်တို့မှာ ကိုဗစ် ကာကွယ်ဆေးထုတ်လုပ်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဗြိတိန်ရှိ ကမ်းဘရစ်ချ်တွင် ကမ္ဘာလုံးဆိုင်ရာ ရုံးချုပ် အခြေစိုက်ပြီး ဆွီဒင်၌လည်းရုံးခွဲရှိသည့်ဆွီဒင်-ဗြိတိန် ဖက်စပ် Astra Zeneca ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီနှင့် ဗြိတိန်ရှိ အောက်စ်ဖို့ဒ်တက္ကသိုလ်တို့ကလည်း ကိုဗစ် ကာကွယ်ဆေးကို ပူးပေါင်းထုတ်လုပ်ရန် ကြိုးစားခဲ့ကြသည်။
Oxford University-AstraZeneca ကိုဗစ်ကာကွယ်ဆေးကို ကနဦးစမ်းသပ်ခဲ့ကြပြီးနောက် အရေးပါသည့် အဆင့်စမ်းသပ်မှုများကို ပြီးခဲ့သည့်စက်တင်ဘာ ၁၃ ရက်က ထပ်မံစမ်းသပ်ခဲ့ပြီးနောက်ပိုင်းတွင်လည်း စိတ်ချ ၊ အကျိုးသက်ရောက်မှု ရလဒ်များရရှိခဲ့သည်ဟု ဆိုသည်။
အမေရိကန်အစိုးရကလည်းအောက်စဖို့ဒ်တက္ကသိုလ် နှင့် AstraZeneca တို့ပူးပေါင်းထုတ်လုပ်နေသည့် ကာကွယ်ဆေးအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံလှူဒါန်းပေးထားသည်။ ထို့အတူ အမေရိကန်အစိုးရက အဆိုပါ Oxford University-AstraZeneca ကို ဗစ်ကာကွယ်ဆေး ထိုးဆေးအကြိမ်ရေ သန်း ၄၀၀၊ ဗြိတိန်အစိုးရက ထိုးဆေးအကြိမ်ရေ သန်း ၁၀၀ ကို မှာကြားထားသည်။
တနင်္ဂနွေနေ့က ဘီဘီစီ ရုပ်သံမှ Andrew Marr နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးခန်း Show အစီအစဉ် တွင်လည်း ကာကွယ်ဆေးကို အသုံးပြုရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှ ခွင့်ပြုချက်ရထားပြီး ဖြစ်သည်ဟု ဒေါက်တာ ဖော့စီ က ဖွင့်ဟပြောကြားခဲ့သည်။ သို့သော် ကာကွယ်ဆေးကို လူတိုင်းတွင် ထိုးပေးနိုင်ရန်မှာမူ မလွယ်ကူသေးဘဲ ၂၀၂၁ အတွင်း လအတန်ကြာနိုင်သည်ဟုလည်း ၎င်းက မှတ်ချက်ပေးခဲ့သည်။
ဗြိတိန်မှ အချို့သောသူများတွင် ယခု ၂၀၂၀ နှစ်ကုန် ပိုင်း၊ ၂၀၂၁ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် စတင်ထိုးပေးနိုင်မည်ဖြစ်သော်လည်း အများစုကို ထိုးပေးနိုင်ရန်မှာမူ ၂၀၂၁ နှစ်ကုန်ပိုင်းအထိစောင့်ရနိုင်သည်ဟု ဒေါက်တာ ဖော့စီက ခန့်မှန်းပြောကြားခဲ့သည်။
ဒေးလီးမေးလ် သတင်းစာကမူ ၎င်းတို့မြင်တွေ့ခဲ့ရသည့် အီးမေးလ်အရ ဗြိတိန်ရှိ ကျန်းမာရေးနယ်ပယ်မှ ဝန် ထမ်းများတွင် လာမည့် ဒီဇင်ဘာလအစောပိုင်း၌ ကိုဗစ် ကာကွယ်ဆေးထိုးရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဗြိတိန်နှင့်ဝေးလ်တွင် အမျိုးသားအဆင့်ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် အဖွဲ့(NHS Trust )မှ အကြီးအကဲတစ်ဦးက ၎င်း၏ ဝန်ထမ်းထံသို့တနင်္ဂနွေနေ့က ပေးပို့ခဲ့သည့် အီးမေးလ်ကို သတင်းစာက မြင်တွေ့ခွင့် ရခဲ့ခြင်းဖြစ်သည်။
အဆိုပါ အီးမေးလ်ပါ အချက်အလက်များအရ ဗြိတိန် အစိုးရက တစ်နိုင်ငံလုံးရှိ ကျန်းမာရေးနယ်ပယ်မှ ဝန် ထမ်းများအားလုံးတွင် အဆိုပါ ကာကွယ်ဆေးကို ခရစ္စမတ်မတိုင်မီ ထိုးပေးနိုင်ရန် အစီအစဉ်များ လုပ်ဆောင်နေသည်ဟု ဒေးလီးမေးလ်က ဖော်ပြသည်။
Oxford University-AstraZeneca က ထုတ်လုပ်နေသည့် ကိုဗစ်ကာကွယ်ဆေးကို ” AZD 1222 ” ဟု ကနဦး သတ်မှတ်ထားသည်။ အဆိုပါထိုးဆေးကို ၂၈ ရက်ခြား၍ ၂ ကြိမ်ထိုးရဖွယ်ရှိသည်ဟုလည်း သိရသည်။
ဗြိတိန်ရှိ ကြေးမုံသတင်းစာကလည်း ၎င်းတို့၏ ကျန်းမာရေးသတင်းအရင်းအမြစ်များကို ကိုးကား၍ ယနေ့( အောက်တိုဘာ ၂၆ )ဖော်ပြခဲ့သည့်သတင်းအရ လန်ဒန်မြို ့မှ ဆေးရုံများသို့ Oxford Astra- Zenica ကိုဗစ်ကာကွယ်ဆေးကို လာမည့် နိုဝင်ဘာ ၂ ရက်နေ့မှစကာ ဖြန့်ဖြူးပေးသွားရန် အစိုးရက စီစဉ် ထားပြီးဖြစ်သည်ဟု သိရသည်။