ကိုဗစ်ကာလမှာ အလုပ်ရှင်တွေက ဝန်ထမ်းတွေကို ထည့်နေတဲ့ ဂျင်းတွေ (ဒါမျိုးတွေ လုံးဝ မဖြစ်သင့်ပါဘူး)

ကိုဗစ်ကာလမှာ အလုပ်ရှင်တွေက ဝန်ထမ်းတွေကို ထည့်နေတဲ့ ဂျင်းတွေ (ဒါမျိုးတွေ လုံးဝ မဖြစ်သင့်ပါဘူး)

AYA ဘဏ် ပိုင်ရှင် ဦးဇော်ဇော်က သူ့ဘဏ်ဝန်ထမ်းတွေထဲက ကိုဗစ်ကူးစက်ခံရသူတွေကို ဗီဒီယိုကောလ်ခေါ်ပြောပြီး အားပေးတယ် တဲ့။ သူ့ဝန်ထမ်းတွေထဲမှာ ရာထူးအငယ်တွေလည်းပါမယ်၊ အကြီးတွေလည်းပါမယ်၊ ယာဥ်မောင်းတို့ သန့်ရှင်းရေးတို့တောင် ပါနိုင်တယ်။ သူတို့အတွက် ဘယ်လောက်တောင် အားတက်ဖို့ကောင်းတဲ့ လုပ်ရပ်လဲဗျာ။

အခုတော့ဖြင့် ဒီရက်ပိုင်းကြားနေရတာက ကိုဗစ် ပိုးတွေ့သွားလို့ အလုပ်ထုတ်ခံရတယ် တို့၊ ၃ လစာကြိုပေးပြီး အလုပ်ဖြုတ်လိုက်ပြီတို့ ၊ အလုပ်ကမသိချင်ယောင်ဆောင်နေလို့ ကျနော်/ကျမတို့ နေစရာတောင်မရှိတော့ပါဘူး တို့ ကြားနေ ဖတ်နေရတယ်။ အချို့လည်း ရှိတယ် Positive ဖြစ်တဲ့ဝန်ထမ်းကိုတော့ သနားပေမယ့် မိမိတို့ကုမ္ပဏီရဲ့ ၊ မိမိတို့စက်ရုံ အလုပ်ရုံရဲ့ ပုံရိပ် ထိခိုက်မှာစိုးလို့ နားလိုက်ပါလား သားရယ် ၊ သမီးရယ် နဲ့ ပြောလာတယ် တဲ့

ကျနော်သိသလောက်တော့ ဒါဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်လို့ နိုင်ငံ့ခေါင်းဆောင်ကနေ သူဖုန်းစားထိ ကူးစက်ခံရနိုင်ပါတယ် ဒိပြင်နိုင်ငံတွေမှာလည်း နာမည်ကြီး မင်းသား မင်းသမီးတွေ​တောင် ကူးစက်ခံရတာ အားလုံးအသိပါ။ ဒီလို လက်လွတ်စပယ် အလုပ်ထုတ်ပစ်နေတာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုပါတယ် လို့ ကျနော် မြင်မိပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံဟာ (အထူးသဖြင့် ရန်ကုန်ဟာ) အရင်ကလို ကိုဗစ်ကို အကြောက်မလွန်ကြတော့ပါဘူး ပထမလှိုင်းတုန်းက Positive လို့ အသံကြားတာနဲ့ အရမ်းကြောက်ပြီး ဝိုင်းနှိမ်ကြတာတွေ၊ ရှေ့နောက်မစဥ်းစားပဲ ဖယ်ကျဥ်ကြတာတွေဟာ အခုကာလမှာ အတော်နည်းလာပါပြီ။ လူတစ်ယောက် ပိုးကူးစက်ခံရပြီးလို့ ၁၁ ရက်နေရင် သူ့ဆီကပိုးဟာ တခြားလူဆီ ထပ်မကူးနိုင်တော့တာကိုလည်း အတိအလင်းဖော်ပြထားပြီးပါပြီ Quarantine ရက်တွေလည်း တော်တော်လေးလျော့လာပါပြီ။

ဒါကိုမှ လုပ်ငန်းခွင်ထဲက တခြားသူတွေပါ ကူးမှာစိုးလို့ပါ ၊ အများကိုငဲ့လို့ မောင်ဖြူ့ကို မထုတ်ချင်ပဲ ထုတ်တာပါ၊ အများကိုငဲ့လို့ မဝါကို ထုတ်လိုက်ရတာပါ ဆိုတာမျိုးနဲ့ အများအသံပါဆိုပြီး ဂျင်းမထည့်သင့်တော့ပါ။ ဥပဒေနဲ့ ထိထိရောက်ရောက် အကာအကွယ်ပေးသင့်တယ်လို့လည်း မြင်ပါတယ်။

လုပ်ငန်းခွင်ထဲကလူတွေကလည်း ပိုးကူးစက်ခံရတဲ့ လုပ်ဖော်ကိုင်ဖက် ဖက်ကနေ ရပ်တည်သင့်ပါတယ် တစ်ရက်အတွင်း ၊ တစ်ပတ်အတွင်း ၊ ဒါမှမဟုတ်လည်း တစ်လအတွင်း ကိုယ်လည်း အဲ့ဒီဝန်ထမ်းနေရာရောက်သွားနိုင်တာ သတိချပ်ထားပါ။ မောင်ဖြူ့ကို သူဌေးက ထုတ်မယ်ဆိုတုန်းကတော့ အသံတိတ်နေပြီး ကိုယ့်အလှည့်ရောက်လာတော့မှ မလုပ်သင့်ပါဘူး ၊ အလုပ်သမားအခွင့်အရေးဘာညာ ထအော်ရင်တော့လည်း ကြားမကောင်းဘူးပေါ့ဗျာ။

Han Min Bo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page