“ညနေကျရင် ထမင်း စောစော စားထား” ဆိုတဲ့ အဘွားရဲ့ စကားတခွန်း

“ထမင်း..စောစော..စားထား”

ကျွန်တော်တို့ ငယ်ငယ်က ညနေဖက်ကျရင် လမ်းမပေါ်ထွက်ဆော့လို့ နည်းနည်းလေး နေဝင်ပြီဆိုတာနဲ့ အဘွားက အိမ်က အမေတို့ အဒေါ်တို့ ဦးလေးတို့ကို ဆူပူ ပြီး အိမ်ပေါ် ခေါ်ခိုင်းတော့တာပဲ။ အမေတို့ကလည်း အဘွားစကားအတိုင်း ခေါ်ပြီး ရေမိုးချိုးပြီး အိမ်ထဲအတင်းဝင်ခိုင်းတော့တာပဲ။ ပြီးရင် အဘွားက “ဟဲ့…ကလေးတွေ မမှောင်ခင် ထမင်းလေး ဘာလေးကျွေးတော့” ဆိုပြီး နေ အလင်းရောင် မပျောက်ခင် ထမင်းအတင်းကျွေးခိုင်းတော့တာပဲ။

ဘာမှန်းညာမှန်းမသိပေမယ့် လူကြီးတွေ ရေချိုးခိုင်းရင် ချိုးရတာပဲ၊ ထမင်းစားခိုင်းရင် စားရတော့တာပဲ။ ရေမိုးချိုး ထမင်းစားပြီးတော့ ညီအစ်ကိုတွေ အိမ်ပေါ်မှာ ကလေးသဘာဝ ရတဲ့ကစားနည်း၊ ရတဲ့ ကစားစရာနဲ့ ထပ်ကစားကြတာပါပဲ။ တခါတလေ ငြိမ်ငြိမ်ဆိတ်ဆိတ် ကစားရတဲ့ ကစားနည်းတွေနဲ့တွေ့ရင် တိတ်တိတ် ဆိတ်ဆိတ် ကစားကြပေမယ့်…တခါတလေ ဆူဆူညံညံလည်း ကစားမိကြတာပါပဲ။ ယောက်ျားလေးတွေဆိုတော့ မျောက်ရှုံးအောင်ဆော့တယ်ဆိုတဲ့ စကား အတိုင်း ဆူဆူညံညံ ကစားကြတာများပါတယ်။

ကျွန်တော်တို့ ငယ်ငယ်က လျှပ်စစ်မီးအလင်းရောင်ဆိုတာ ယနေ့ခေတ်လို အဖြူရောင် မီးသီးတွေ မီးချောင်းတွေနဲ့ ထိန်ထိန်လင်းလင်း မဟုတ်ဘူး။ ၆၀ ဝပ်မီးသီး အနီရောင် တစ်လုံးလောက် အိမ်လယ်မှာထွန်းပြီး နေကြရတာ။ တစ်ချို့တလေ အိမ်တွေသာ သင်္ဘောသားမီးသီးဆိုပြီး ခေါ်ကြတဲ့ မီးသီးအကြည်ရောင်တွေ ထွန်းတာ။ အဲဒီမီးသီးကမှ ထိန်လင်းနေတာ။ အဲဒီလို အလင်းရောင်ရတယ်ဆိုရုံ ၆၀ ဝပ်မီးသီးအောက်မှာ ဆေးလိပ်ခွက်နဲ့ ဆေးလိပ်ထိုင်ဖွာနေတဲ့ အဘွားက “ဟဲ့..ကလေးတွေ တိတ်တိတ်နေကြစမ်း…ညဖက်ဆိုတာ…အသံတွေ ဘာတွေ နားထောင်ရတယ်”ဆိုပြီ ငေါက်ငမ်းပြီး ကျွန်တော်တို့ကို အသံတိတ်ခိုင်းတယ်။

ဘာလို့ တိတ်ခိုင်းမှန်း၊ ဘာသံ နားထောင်ရမှန်းလည်း သိတာမဟုတ်ဘူး။ အသံတိတ်ဆို တိတ်လိုက်တာပါပဲ။ ခဏနေ ပြန်ထွက်တာပဲပေါ့။ ကလေးသဘာဝ ပြန်ဆော့ကြတာ အိပ်ရာထဲ အိပ်ပျော်သွားတဲ့အထိ ဆိုပါတော့။

အသက်တွေကြီးလာတော့ စာတွေဘာတွေဖတ်ရင်း ဒုတိယကမ္ဘာစစ်အကြောင်း တွေဘာတွေ ဖတ်ရတော့ အဘွားပြောတဲ့ စကားတွေကို ပြန်သတိရလာတယ်။ အဘွားက ဒုတိယကမ္ဘာစစ်ကို ကိုယ်တိုင်ကြုံခဲ့တော့ စစ်အတွင်းကာလက နေဝင်မီးငြိမ်းနေခဲ့ရတဲ့အတွေ့အကြုံနဲ့ သင်ခန်းစာကို တစ်သက်လုံးစွဲပြီး သူ့မြေးတွေဖြစ်တဲ့ ကျွန်တော်တို့ကို အဲဒီလိုအဖြစ်မျိုး မကြုံအောင် သူကာကွယ်ပေးနေခဲ့တာ။ အလင်းရောင် မပျောက်ခင် ထမင်းစားထား၊ အလင်းရောင်ပျောက်တာနဲ့ ထွန်းထားတဲ့ မီးခွက်တွေမှုတ်၊ အမှောင်ထဲမှာ ဒီအတိုင်းထိုင်နေတော့ မအိပ်မချင်း။ အဲဒီအမှတ်က အဘွားဆုံးတဲ့အထိပဲ စွဲသွားတာ။ နောက်ပြီး အဘွားက ပြောသေးတယ်။ “နင်တို့ စစ်အတွင်းဆို ထမင်းတောင် စားရမှာမဟုတ်ဘူး”တဲ့။

အဘွားကိုယ်တိုင် ကြုံခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေအရ ကျွန်တော်တို့တွေကို သွန်သင်ဆုံးမထိန်းကျောင်းခဲ့ပေမယ့် သူခံစားခဲ့ရသလောက်တော့ ကျွန်တော် တို့ ခံစားရမှာမဟုတ်သလို သူလောက်လည်း လေးလေးနက်နက်မရှိခဲ့တာ အမှန်ပါ။

ကျွန်တော် သိတတ်စအရွယ်မှာ ၈၈ အရေးအခင်းဖြစ်တယ်။ နေတာက အမည်းရောင်လို့ သတ်မှတ်ထားတဲ့ မြောက်ဥက္ကလာမှာ။ သစ်ပင်တွေ ခုတ်၊ လမ်းတွေ ပိတ်၊ ဈေးရောင်းတဲ့ခုံတွေနဲ့ လမ်းတွေပိတ်။ အရေးအခင်းဆိုတာ ဘာမှန်းမသိပေးမယ့် ပုံမှန်မြင်နေကျ မြင်ကွင်းမဟုတ်တော့ ထူးဆန်းနေတာတော့ အမှန်ပဲ။ လူကြီးသူမတွေက “ဟဲ့ ဈေးမှာ ခေါင်းဖြတ်ပြီး ဝါးလုံးနဲ့ ထိုးပြီးစိုက်ထားတာတဲ့။” “လမ်းဝတံတားနားက ရေစင်ပေါ်က ပစ်နေတာ ဘယ်သူမှ တက်မဆွဲရဲဘူး။” “သျှောင်ကြီးဗွေ သျှောင်ကြီးဗွေ” “အထည်ချုပ်ကို လူတွေ ဝင်ဖောက်နေပြီ။””သောက်ရေအိုးထဲမှာ အဆိပ်ခတ်လို့တဲ့” စတဲ့ အသံပေါင်းစုံကို နားမထောင်ပေမယ့် ကြားနေရတယ်။

ရဟတ်ယာဉ်ပေါ်က စာတွေကြဲ၊ “လူစုခွဲ မခွဲရင်ပစ်မယ်”ဒါမျိုးတွေလည်း သိရတယ်။ နဖူးစည်းတွေ လက်သီးလက်မောင်းတွေ တန်းပြီး “ဘဲဥတစ်လုံး တစ်ကျပ်ခွဲ စိန်လွင့်ခေါင်းကို ခွဲ”လို ဝေဝေဝါးဝါး အော်ဟစ်သံတွေလည်း ကြားခဲ့ရတယ်။ ဘယ်သပိတ်စခန်းက ကျောင်းသားတွေအတွက်၊ ဘယ်သပိတ်စခန်းက အလုပ်သမားတွေအတွက် ထမင်းထုပ်ဆိုပြီး လိုက်အလှူခံလို့ ငှက်ပျောဖတ်၊ သတင်းစာတွေနဲ့ ထုပ်ထားတဲ့ ထမင်းထုပ်ပူပူလေးတွေ လှူခဲ့ရတာလည်း ကြုံခဲ့ဖူးတယ်။ ညဖက်ရောက်လို့ မီးတွေမှိတ် အမှောင်ထဲမှာ ဦးလေးက ဓားကိုင်ပြီး အိမ်ဝရန်တာမှာ ကင်းစောင့်တာလည်း မြင်ခဲ့ရတယ်။

အဲဒီ ခါးသီးတဲ့ဘဝအတွေ့အကြုံတွေကို ဒီနေ့လူငယ်တွေကို ပြန်ပြောပြချင်နေပေမယ့် အဘွား ကျွန်တော်တို့ကို အိမ်ပေါ်စောစောတက်ခိုင်းပြီး ထမင်းစောစော စားခိုင်းသလိုပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ ဘာမှန်းညာမှန်းမသိတော့ ပြောရင် ပြောတဲ့သူကိုတောင် ပြန်ဟားနေလိမ့်မယ်။

ဒီလာမယ့် ရွေးကောက်ပွဲမှာ စတင်မဲပေးရမယ့် ၁၈ နှစ်ပြည့်လူငယ်တွေဟာ မြန်မာနိုင်ငံမှာ နောက်ဆုံးဖြစ်ခဲ့တဲ့ ၂၀၀၇ ရွေဝါရောင် အရေးအခင်းဖြစ်တဲ့အချိန်ဆိုရင်တောင် ၅ နှစ်အရွယ်ပဲ ရှိဦးမယ်။ ဆိုးရွားလှတဲ့ အတိတ်သမိုင်းကြောင်းတွေကို ဖြတ်သန်းခဲ့တဲ့ လူတွေက မဲပေးကြပါ မဲပေးကြပါဆိုတာ သူတို့တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံဆိုးတွေကို လူငယ်တွေ မတွေ့ဆုံစေချင်လို့ပါ။ မဲပေးမယ်၊ ဘယ်ပါတီကို မဲပေးရမယ်မှန်း မသိဘူးဆိုရင်လည်း မင်းကိုင်ထားတဲ့ ဖုန်းထဲက အင်တာနက်ကို ဖွင့်၊ google ဆိုတဲ့အထဲမှာ မြန်မာ့နိုင်ငံရေးဆိုပြီး ရိုက်ထည့် ကြည့်လိုက်။ ငါးမိနစ်လောက် အချိန်ပေးဖတ်လိုက်ရင်ပဲ။ ဘယ်ပါတီက ဘယ်သမိုင်းကြောင်းရှိတယ်။ ဘယ်သူက ဘယ်လိုဆိုတာ သိရလိမ့်မယ်။ အဲဒီတော့မှ ငါ့အဘွား…ငါတို့ကို အိမ်ပေါ်စောစောတက်ခိုင်းပြီး…ထမင်းစောစောစားခိုင်းတဲ့ အဖြေကို မင်းလည်း နက်နက်ရှိုင်းရှိုင်း သဘောပေါက်လာလိမ့်မယ်။

Phyo Naing Min

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page