ရောဂါ ခံစားရမှုတွေ ပိုပြင်းထန်လာတဲ့ ဒုတိယလှိုင်းကိုဗစ် (ပေါ့ပေါ့ဆဆနေကြသူများ သတိထားကြပါ)

ရောဂါ ခံစားရမှုတွေ ပိုပြင်းထန်လာတဲ့ ဒုတိယလှိုင်းကိုဗစ် (ပေါ့ပေါ့ဆဆနေကြသူများ သတိထားကြပါ)

ကိုဗစ်လူနာဆောင်… အဖိုးရယ်အဖွားရယ် နှစ်ယောက်အတူတူပိုးတွေ့တယ်။ အဖိုးကခုထက်ထိတော့အခြေအနေကောင်းသေးတယ်။ အဖွားကအောက်ဆီဂျင်ကျတယ်။ ရောက်ကထဲက အောက်ဆီဂျင်ထိုးကျလို့ အောက်ဆီဂျင်အမြန်နှုန်းနဲ့ပေးထားရတယ်။

အသက်ရှူအားကူစက်ကို အသင့်ပြင် ကုတင်ဘေးထိ ဆွဲယူထားရတယ်။ အ​ခြေအနေက တက်လိုက်ကျလိုက်ဘဲ။ ကောင်းလိုက်ဆိုးလိုက်ဘဲ။ ဗိုင်းရပ်ပိုးသတ်တဲ့ Remdisivir ဆေးလဲတင် ပိုးသတ်ဆေး နဲ့လိုတဲ့ဆေးတွေ စုပြုံထိုးထား ။ တခါမှမရှိဘူးတဲ့ ဆီးချိုက ရုတ်တရက်ခေါင်ခိုက်အောင် တက်လာ။

insulin pump နဲ့ ဆီးချိုကိုချ။ သွေးတွေ ခဲပိတ်သွားနိုင်တဲ့ အန္တရာယ်ကြောင့် လိုတဲ့ဆေးတွေထိုး။ အဆောင်သစ်မှာ အောက်ဆီဂျင်ပိုက်လိုင်းစနစ်နဲ့ outlet (အောက်ဆီဂျင်​ပွိုင့်)တွေ အများအပြားတပ်ဆင် ထားလို့ ကုတင်ဘေးမှာတင်အရာရာဆောင်ရွက်လို့ရတော့ အခန်းခွဲထုတ်လိုက်စရာမလိုဘဲ အဖိုးနဲ့အဖွား ကို ကုတင်ကပ်လျက် ဆက်ထားပေးနိုင်ခဲ့ပါတယ်။

အဖိုးက စိတ်ပူရမှန်းသိနေပြီဆိုတော့ သူ့ကုတင်ပေါ်ကနေ အဖွားကုတင်ဘေးကို ဆင်းလာ။ လက်ကလေးကိုင်လို့ ဘုရားစာအုပ်နဲ့ ပရိတ်တွေ ရွတ်ပေးနေတယ်။ သတိ သိပ်မကောင်းတော့တဲ့ လူနာဘေးကမခွာဘူး။ သူတို့ ငယ်ငယ်ဘဝမှာ အပြုံးတွေနဲ့ကြည်နူးခဲ့ကြဘူးလိမ့်မယ်။ ဆောင်းဦးပေါက်မှာ ပွင့်တဲ့ ဒီဇင်ဘာပန်းတွေကို ဆံမြညှာကေမှာ တ​မြတ်တနိုး ပန်ဆင်ပေးခဲ့ ဘူးလိမ့်မယ်။

သားလေးသမီးလေးတွေရဲ့ ဘဝကို အတူပျိုးထောင်ခဲ့ကြ အနာဂတ်တွေကို ကြည်ကြည်နူးနူး မျှော်မှန်းခဲ့လို့ သံသာလေကမ်းတိုင် ရည်စူးခဲ့ကြမှာဘဲ။ ပြန်ကောင်းလာပါစေလို့ ဆုတောင်းပါတယ်။ အဖိုး ရင်ထဲက သောကကို စာနာကြည့်ပေးပါ။ ကိုဗစ်ကပ်ရောဂါကြီးက အိပ်မက်များစွာကို အစောကြီး အဆုံးသတ်ပေးတယ်။

ကိုဗစ်က အသေနည်းတယ်ရယ်လို့ ပေါ့တန်တန်လေးတွေး အေးဆေး ပရမ်းပတာသာနေကြတော့ ဖွင့်သာလွှတ်လိုက်တော့လို့ မပြောလိုက်ကြပါနဲ့ဦး။ တတ်နိုင်သမျှတော့ တားကြဆီးကြရဦးမှာပါ။ မရတဲ့အဆုံးမှ လွှတ်ချလိုက်ရတာကတော့ တကဏ္ဍပေါ့လေ။ မဖြစ်စေချင်ပါဘူး။ ကြွေတဲ့ဂဏန်းတခု ချင်းစီဟာ ဘဝတခုစီပါ။ ကြွေတဲ့ ဘဝတခုစီရဲ့ နောက်မှာ မှီခိုရာမဲ့တဲ့ သားငယ်သမီးငယ်လေးတွေ မိအိုဖအိုတွေလဲ ရှိနေနိုင်ပါတယ်။

အဆောင်သစ်မှာ အောက်ဆီဂျင်လိုင်းတွေ ဆင်နိုင်အောင် ငွေတွေလှူပေးတဲ့ အလှူရှင်တွေ အားလုံးကျေးဇူးပါ။ ခုတခေါက် ကိုဗစ်သိပ်ပြင်းပါတယ်။ ကိုဗစ်က အဆုပ်ကို တင်မကဘဲ သွေးရဲ့အောက်ဆီဂျင် သယ်တဲ့စနစ်ကိုပါ ဖျက်ဆီးပစ်လို့ အောက်ဆီဂျင်ထိုးကျ အသက်တွေဆုံးကြတာပါ။ အသည်း ကျောက်ကပ် နှလုံး ဟိုကဖောက် ဒီကဖောက်နဲ့ တော်တော်ဆိုးပါတယ်။

တချို့ မြို့တွေမှာ ကိုဗစ်လူနာတွေ သွေးတွေခဲကုန်လို့ ခြေတွေလက်တွေပုတ်ကုန်လို့ ဖြတ်ရတောက်ရတဲ့သတင်းတွေလဲ ကြားလာရပြန်တယ်။ သွေးခဲပျော်ဆေးတွေ သုံးဖို့ ညွှန်ကြားချက်တွေ ရောက်လာတယ်။ အရေးပေါ်ဝယ်ယူ အရေးပေါ်ထိုး။ အောက်ဆီဂျင်​​ပွိုင့် တွေ ကုတင်အများအပြားရဲ့ ခေါင်းရင်းမှာ တပ်ထားနိုင်တော့ အသက်တော်တော်များများ ကယ်နိုင်ပါတယ်။

ဒီတခေါက် ကိုဗစ်မှာ အောက်ဆီဂျင်ပေးထားရတဲ့သူတွေ များလှပါတယ်။ အောက်ဆီဂျင်ပိုက်လိုင်းအတွက်အ ားတက်သရောကူညီကြတဲ့ အလှူရှင်များအားလုံးကို ဘားအံပြည်သူ့ဆေးရုံမှ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အိပ်ဖြူလေးတွေ စွပ်လို့ ဝတ်စုံဖြူတွေနဲ့ချရတဲ့ အဖြူရောင်နာရေးတွေဟာ လူသေပေါင်းများစွာ ကိုမြင်နေကျ သစ်ရွက်ကြွေသလို ကိုယ့်လက်ထဲတင် ကြွေသွားသူတွေကို မြင်နေကျ ဆရာဝန်တွေတောင် ရင်ထဲမချမ်းမသာဖြစ်စေတယ်။

ဟိုးအရင်အရင် သေဆုံးမှုတွေလိုရောဂါရကြ ကွယ်လွန်ချိန်မှန်းဆ အချိန်တန်တော့ ကြွေကြရတာနဲ့မတူဘဲ ဒီကနေ့ အတူရယ်မောနေတဲ့ ကိုယ့်သူငယ်ချင်းကိုယ့်မိတ်ဆွေသော်လည်းကောင်း ကိုယ်တိုင်သော်လည်းကောင်း နောက်အပတ်လောက်ကျ အိတ်ဖြုလေးထဲ ရောက်သွားနိုင်တယ် ဆိုတဲ့ စိတ်က မသိမသာနဲ့ ဖိစီးလာတယ်။

ကပ်ရောဂါသဘာဝအရ ကန့်သတ်မှုတွေကို ချုပ်ချယ်တယ်လို့ မထင်မှတ်လိုက်ကြပါနဲ့။ မနိုင်တော့တဲ့ တနေ့တော့ လွတ်လပ်ရေးရတော့ မှာပေမယ့် မျက်ရည်ကျရတဲ့ လွတ်လပ်ရေးဖြစ်နေမှာစိုးလို့ပါ။ သတ်မှတ်ချက်တွေကို လိုက်နာပြီး ငြိမ်ငြိမ်နေပေးကြပါဦးနော်။

Cho Cho Sann Htoo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page