ဦးသန်းရွှေရဲ့ မိသားစုဆရာဝန်အဖြစ် နာမည်ကြီးခဲ့တဲ့ ဝန်ကြီးဟောင်း ကိုဗစ်ကော်မတီတွင် ဦးဆောင်မည်

ဦးသန်းရွှေ၏ မိသားစုဆရာဝန်အဖြစ် လူသိများသော ကျန်းမာရေးဝန်ကြီးဟောင်း ပါမောက္ခဒေါက်တာကျော်မြင့် ကိုဗစ် နည်းပညာထောက်ပံ့မှု ကော်မတီတွင် ဦးဆောင်မည်

အငြိမ်းစား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစု ဆရာဝန်အဖြစ် လူသိများသလို ကျန်းမာရေးဝန်ကြီးအဖြစ် ဆယ်စုနှစ်တစ်ခုနီးပါးကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ပါမောက္ခ ဒေါက်တာကျော်မြင့်သည် ကိုဗစ် ထိန်းချုပ်ကာကွယ်ရေးအတွက် နည်းပညာထောက်ပံ့မှု ကော်မတီတွင် ဦးဆောင်မယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီးဟောင်း ပါမောက္ခ ဒေါက်တာကျော်မြင့်သည် ကိုဗစ်ထိန်းချုပ် ကာကွယ်ရေးအတွက် နည်းပညာထောက်ပံ့မှု ကော်မတီတွင် ဦးဆောင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူများသို့ တတိယအကြိမ် အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

“ဒီလို ကျွန်မတို့ ပါမောက္ခကြီးတွေ၊ အငြိမ်းစားပါမောက္ခကြီးတွေ၊ အနားယူလို့ ရနေတဲ့ သမားတော်ကြီးတွေ ဝင်လာပြီးတော့ ကျွန်မတို့ နိုင်ငံအတွက် ဒီလိုအချိန်မှာ လုပ်ပေးတယ်ဆိုတာ အင်မတန်မှ အားရစရာ ကောင်းပါတယ်။ နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်နေပြီဆိုရင် ဘယ်သူမှ မနားချင်ကြပါဘူး ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဝန်ကြီးဟောင်း ပါမောက္ခဒေါက်တာကျော်မြင့်သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ အထိ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ၂၀၀၃မှ ၂၀၁၁ အထိ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။။ လက်ရှိအချိန်တွင် အသက်(၈၀)ခန့် ရှိပြီဖြစ်သော ပါမောက္ခဒေါက်တာကျော်မြင့်သည် တပ်ချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစု ဆရာဝန်အဖြစ် လူသိများခဲ့ပါတယ်။

ပါမောက္ခဒေါက်တာကျော်မြင့်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ချမ်းအေးသာစံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါမောက္ခ ဒေါက်တာကျော်မြင့်တို့သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ၂၀၁၂ မှ ၂၀၁၅ အထိ လွှတ်တော်တွင်း လုပ်ငန်းများ လက်တွဲဆောင်ရွက်ခဲ့ဖူးပြီး ၂၀၁၃က ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု့ရာတွင် ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားသူ ပါမောက္ခဒေါက်တာကျော်မြင့် လိုက်ပါခဲ့သည်ကို တွေ့ရပါတယ်။

ပါမောက္ခဒေါက်တာ ကျော်မြင့် ဦးဆောင်မည့် COVID-19 ထိန်းချုပ် ကာကွယ်ရေးအတွက် နည်းပညာထောက်ပံ့မှု ကော်မတီကို ဖွဲ့စည်းထားပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသော်လည်း အဆိုပါ ကော်မတီတွင် မည်သူများ ပါဝင်မည်၊ မည်သည့်အတိုင်းအတာ အထိ အကြံပြုလုပ်ဆောင်မည် ဆိုသည်များကိုမူ အစိုးရက တရားဝင် မထုတ်ပြန်သေးပါဘူး။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာ(၂၂)ရက် နံနက်ပိုင်းအချိန် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်ခံရသူ (၆၄၇၁)ဦး ရှိပြီး ၎င်းတို့အနက် ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူ (၁၄၄၅)ဦးနှင့် သေဆုံးသူ (၁၀၀)ဦး ရှိနေပါပြီ။

ကိုဗစ် အများဆုံး ကူးစက်ဖြစ်ပွားနေသည့် နေရာများမှာ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့ ဖြစ်ပြီး ကယားပြည်နယ်တွင်မူ ကူးစက်သူ တစ်ဦးမျှ မရှိပေ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page