အွန်လိုင်းမှာ ဖွနေကြတဲ့ ကိုဗစ်ကိစ္စတွေကို ဒေါက်တာခင်ခင်ကြီး ဒဲ့ ရှင်းပြီ

ဒီပို့စ်ကိုတော့ ရောက်တတ်ရာရာလို့ နာမည်ပေးရမလားမသိပါဘူး စိတ်ထဲပြောချင်တာတွေ များလွန်းတော့လဲ ပွင့်အန်လာတဲ့သဘောပါပဲ

ဒီနေ့ မနက်ကိုယ်တိုင် အာခေါင်တို့ဖတ် နှာခေါင်းတို့ဖတ်ယူခံရပါတယ် ကိုယ့်အနေနဲ့ အနည်းငယ်တော့ စိုးရိမ်စိတ်ရှိပါတယ် ဘာလို့ဆိုတော့ ကိုယ်ဟာနှာခေါင်းကိုတို့ထိတဲ့အခါ ပိုပြီးတုန့်ပြန်တတ်သူမို့ပါ နှာချေရင်လဲ အကျယ်ကြီး မရပ်မနားချေတတ်လို့ပါပဲ ဒါပေမဲ့လဲ ယူတဲ့အခါကျတော့ ထည့်လိုက်တယ်ဆိုတဲ့ သိစိတ်လေးတခုပါပဲ နာကျင်တာတော့မရှိပါဘူး ယားကျိကျိနဲ့ ခဏလေးကသိကအောင့်ဖြစ်တာပါပဲ (ယူတဲ့အချိန်မှာတော့ အဲဒါကိုအာရုံမထားပဲ ဖောင်း/ပိန်မှတ်နေလိုက်တာပါပဲ)

အဖြေသိရတော့လဲ Negative ဆိုတော့လဲ ဝမ်းသာတာပေါ့ ​ကိုယ်တို့စစ်တာဟာ random check up လုပ်တဲ့သဘောပါပဲ နမူနာယူတာ မနာဘူးဆိုတာ ကိုယ်တိုင်ကြုံဖူးပြီဆိုတာ လာအသိပေးတာပါ

ဒုတိယပြောစရာတစ်ခုက ကျန်းမာရေးမှူးတစ်ယောက်ကိစ္စပါ သူဖောင်ကြီးမှာ ဘယ်လိုအဆင်မပြေ ဘယ်လိုမျိုး လိုအပ်ချက်တွေရှိနေတယ် စသဖြင့် မီဒီယာကိုဖြေထားသလို သူကိုယ်တိုင်ပို့စ်တင်ထားတာတွေ့ရပြီး အမှန်တရားနဲ့ သွေဖီနေတာ ပါလာတဲ့အတွက် ပြည်သူတွေ ရေလိုက်လွဲပြီး အမှတ်မှားမှာစိုးရိမ်တဲ့အတွက်ကြောင့် ပြန်ရှင်းပြတာပါ တခြားတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုခြင်းမရှိပါ ဒါကိုတော့ နံပါတ်စဉ်လေးတပ်ပြောကြည့်ပါမယ် အကုန်တော့မမှတ်မိပေမဲ့ စိတ်ထဲရှိသလောက်ရေးချထားတာပါ

နံပါတ် ၁/ သူကိုယ်တိုင်က ကျန်းမာရေးဝန်ထမ်း NGO မှာလုပ်တယ် သို့သော် ဒီကာလမှာ ဒီလောက်ကျန်းမာရေးဘက်က အသိပညာပေးတယ် သူမလိုက်နာဘူး ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတယ် ငါ့ကိုမကူးနိုင်ပါဘူး ငါဆိုမဖြစ်ဘူး စသဖြင့်ပေါ့ သူငယ်ချင်းဖျားနေတာသိတယ် ပေါ့ပေါ့ဆဆ အတူထမင်းစားတယ် ဒါ့ကြောင့်ကူးတယ် ရခိုင်ကလဲ ပြန်လာခဲ့တယ်ပြောတယ် ဒါကြောင့်မဟုတ်ဘူး ဟုတ်တယ် ပြောရခက်ပါတယ် ရခိုင်မှာ ၁၆/၈ မတိုင်ခင်တဲက အနံ့မရတဲ့တုပ်ကွေး ဖြစ်ကြတယ်လို့ သိရတယ် ဒါ့ကြောင့် အဲဒီရခိုင်မှာဖြစ်ပွားမှုက ၁၆/၈ ထက်ပိုစောနိုင်ပါတယ်

၂/ သူရောဂါလက္ခဏာပြတယ် PUI နဲ့ ဆေးရုံတက်တယ် ပိုးတွေ့အဖြေရတယ် ဖောင်ကြီးပြောင်းရတယ် အများနဲ့တန်းတူမနေနိုင်ဘူး အပြည့်အစုံဟိုတယ်လိုနေချင်တယ် အစားအသောက်ကိုလဲ အပြစ်ရှာတယ် ဒီထမင်းဒီဟင်းနဲ့ပဲ ကျန်းမာရေးစောက့်ရှောက်ပေးသူတွေ စားနေကြတာပဲ သူကိုယ်တိုင်က အပျက်ဘက် အဆိုးမြင်စိတ်များတယ် လူကသာဘာမှ မဟုတ်တာ စိတ်ကမိုးပေါ်

၃/ ဆေးပေးတဲ့ကိစ္စတွေလဲ ဝေဖန်ထားတယ် ဆေးဆိုတာ ပေးတိုင်းမကောင်းဘူး လိုရင်လိုသလောက်ပဲ ပေးရတာမျိုး ဖြစ်ပါတယ် အင်တာကွန်းထားတယ် ဘာအတွက်လဲ လူနာတစ်ဦးချင်းလိုတာ ဖြည့်ဆည်းနိုင်အောင် တကယ်လို့ ရောဂါအခြေအနေဆိုးလာရင် ချက်ချင်းကုသမှုပေးနိုင်အောင် ရည်ရွယ်ထားတာ ဒါကိုမလိုအပ်ပဲ ပိုးတွေ့လူနာတွေကို ခေါ်ထားတယ်ပေါ့ အံ့ဩပ လိုအပ်လို့ လုပ်တာ သိစေချင်တယ်

၄/ အဲဘာတဲ့ အော်သိပြီ ပိုးတွေ့လူနာတွေ အချင်းချင်းထားတာဟာ ရော​ဂါပိုးအများကြီးရှိတဲ့သူဆီက နည်းနည်းလေးရှိတဲ့သူဆီ ကူးစက်လာမှာစိုးတယ်ဆိုပဲ ထူးဆန်းထှာ ခုထိတော့ literature ထဲ ရှာလို့မတွေ့မိသေးဘူး တွေ့ရင်ပြောပြကြပါအုံး

၅/ နောက်တခုက ခွဲစိတ်ထားတဲ့သူလဲ ပါတယ်ဆိုပဲ ဒါကို ရန်ကုန်ဆေးရုံကြီးမှာထားသင့်ကြောင်း အဆိုတွေဘာတွေ တင်သွင်းလို့ စိတ်ချရတဲ့အခြေအနေတခုမှာမို့ ထားတာပါ ရန်ကုန်ဆေးရုံကြီးသည် ကိုဗစ်ကုဆေးရုံကြီးမဟုတ်ပါ ဒါကိုသိဖို့လိုပါတယ် ဒီပုံအတိုင်းဆိုရင် သူက ခွဲစိတ်ဆရာဝန်ကြီးတွေထက် ပိုပြီးတော်နေပုံရတယ် ဉာဏ်အမြော်အမြင် အလွန်ကြီးမားပုံရ

၆/ အစားအသောက်ကိုလဲ အာဟာရမပြည့်ဘူး ဒါဆိုလူနာတွေနလန်ထူဖို့မလွယ်ဘူး အသက်ကြီးတဲ့သူတွေဆို အိပ်ရာခင်း အဆင်မပြေဘူး စသဖြင့် အပျက်ဘက်ကချည်းတွေးနေတာဖြင့် တရားမှတ်ရင် တရားရလွယ်မဲ့သဘော

၇/ တကယ်ဆို ကိုယ်တိုင်က ကျန်းမာရေးမှူးသင်တန်းပြီးထားသူ အစိုးရအလုပ်ဝင်မလုပ်ဖူးသူ ဒါ့ကြောင့်မို့ ထဲထဲဝင်ဝင် မသိရှိပဲ ဘာဖြစ်ဖြစ် ဆရာကြီးအထာနဲ့ ဖောင်းထုမယ်ဆိုတာကတော့ မြင်ရကြားရအဆင်မပြေပါဟရို့

၈/ ခုချိန်မှာ ရောဂါပိုးဖြစ်ပွားမှုနည်းနေတဲ့ တိုင်း/ပြည်နယ်တွေက ကျန်းမာရေးဝန်ထမ်းတွေ အသီးသီး အသက မဟာရန်ကုန် ရွှေမြို့တော်ကို ခွန်အားဖြည့်နေကြချိန် လက်ရှိကုသမှုပေးနေသူတွေကလဲ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ပြည်သူကို စောင့်ရှောက်မှု ပေးနေချိန်မှာ ငါဘယ်နေရာက ဝင်ကူပြီး နည်းနည်းပဲဖြစ်ဖြစ် နိုင်သလောက်ထမ်းမယ်လို့မဟုတ်ပဲ တကယ့်ကို အဆိုးမြင်စိတ်သက်သက်နဲ့ အမှန်တကယ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေအပေါ် စိတ်ဓာတ်ကျအောင် ပြည်သူလူထုအမြင်တမျိုးဖြစ်အောင် လုပ်ဆောင်နေတာ မှန်ကန်တည့်မတ်ရဲ့လားဆိုတာကို တွေးခေါ်မြော်မြင်နိုင်စွမ်းရောရှိရဲ့လားလို့ မေးခွန်းထုတ်ချင်မိပါရဲ့

ကဲ နောက် video တခုမှာ ဘာတွေ့လဲ ရိုးမရိပ်သာ ဒဂုံဆိပ်ကမ်းမှာ အော်ဟစ်နေကြတယ်ပေါ့ ဒါကိုရိုက်ပြထားတာ ဒီမှာကြည့်ရင် ဘာတွေ့သလဲ ရောဂါမကူးအောင် သေချာသီးသန့်ထားတယ် နှစ်ပတ်ပဲ နေရမယ် ဒါကိုသည်းမခံနိုင်ဖြစ်တယ် လျှောက်အော်ဟစ်တယ် တစ်ယောက်အော် နောက်ကလူတွေက သံယောင်လိုက်တယ် အော်ဟစ်တဲ့ကိစ္စဟာ ကူးစက်တတ်တဲ့သဘောရှိတယ် ကိုယ့်နိုင်ငံအခြေအနေနဲ့ နိုင်ငံတော်အစိုးရက အကောင်းဆုံးဆောင်ရွက်ပေးထားတယ် ဒါကိုနားလည်ရမယ် ဒါနဲ့များ ဒီလိုပိုးတွေ့လူတွေကို အိမ်မှာသာထားမယ်ဆို စိုးရိမ်စရာပဲ ခုလိုသေသေချာချာ စည်းကမ်းလိုက်နာရမဲ့နေရာမှာတောင် ဂဂျီဂချောင်ကျနေတာ အိမ်မှာသာနေရရင် စဉ်းစားသာကြည့်တော့ စည်းကမ်းနဲ့အညီနေမလား စိတ်တိုင်းကျနေပြီး အိမ်သားတွေ ပတ်ဝန်းကျင်တွေ ကူးစက်စေမလားဆိုတာ လက်ရှိ ပိုးရှိသူတွေထဲကတချို့ကို အိမ်မှာ Home Q ထားတဲ့ အမေရိကန်မှာ ပိုးတွေ့သူ ၆၆ သိန်း နီးပါးနဲ့ သေသူ ၂ သိန်းရှိတော့မယ်ဆိုတာ သိစေချင်တယ်

နောက်တခုကတော့ ကလေးတွေကို မိဘနဲ့မခွဲပါနဲ့ စသဖြင့် ရေးထားတဲ့ပို့စ် မန့်မှာလဲမန့်ကျ ကျွန်မဆီလဲ မက်ဆင်ဂျာကလာပို့လို့ တွေ့ရပါတယ် ဒီနေရာမှာ ဘာတွေ့သလဲ လက်ရှိအခြေအနေမှာ ပြည်သူလူထုဟာ စိုးရိမ်သောကများတယ် သနားလွယ်တယ် တခုခုဆို ဝိုင်းဝန်းကူညီခံစားပေးတယ် ဒါကောင်းပါတယ် သို့သော်တချို့တွေက လိုတာထက်ပိုကဲပြီး ပြောဆိုတာမျိုးက လက်တွေ့နဲ့ မအပ်စပ်ဘူး ဒါနဲ့ပတ်သက်လို့ ကလေးအထူးကုပရော်ဖက်ဆာ ဆရာကြီးDrရဲမြင့်ကျော် တင်ထားတာလေး ကော်ပီကူးယူခဲ့ပါတယ် ဖတ်ကြည့်ပါ

‘Q center တွေမှာတွေ့ရတဲ့ ပြဿနာတွေ ကျွန်တော့်ဆီ Message ဝိုင်းပို့နေကြတာ များလွန်းလို့ မဖတ်နိုင် မပြန်နိုင်ပါဘူး။ Q center စီစဉ်သူလည်း မဟုတ်ပါဘူး။ သူတို့ကိုလည်း ဆက်မပို့ပါဘူး။ ပို့လည်း သူတို့ အားလုံး ကားတွေပေါ်ရောက်နေလို့ ဖတ်နိုင်မှာ မဟုတ်ပါဘူး။ အဆင်ပြေမယ် မပြောပါဘူး။ မပြေမှန်းသိပါတယ်။ ဆရာဝန်တွေလည်း ဝင်နေရတာပါ။ ဆရာဝန် မိဘတွေ ဆရာဝန် ကလေး ပေါက်စနလေးတွေပါ ပါပါတယ်။

မဖြေရှင်းပေးတာလည်း မဟုတ်ပါဘူး။ တခြားဘာအလုပ်မှ မလုပ်နိုင်တော့ပဲ ဒီအထဲမှာ စိတ်ရော လူပါနှစ်ပြီး ဖြေရှင်းနေတဲ့ ကျန်းမာရေးဝန်ထမ်း ရာထောင်ချီရှိပါတယ်။ Q ရမယ့် ဦးရေ တိုးတက်တာ မြန်လွန်းလို့ မှီအောင် လိုက်ချဲ့နေရတုန်းမို့ မနိုင်မနင်း ဖြစ်နေတာပါ။

ကူညီတဲ့ အင်အားစုတွေလည်း ရှိပါတယ်။ ခက်တာက ကူညီတဲ့ အင်အားစုထက် ဖိအားပေးတဲ့ ဦးရေက ပိုများနေတာပါ။ ဒါစစ်ဖြစ်နေတာပါ။ ပြဿနာအားလုံးကို ကျန်းမာရေးဝန်ထမ်းတွေ ချည့်ဖြေရှင်းလို့ မရပါဘူး။ ညွှန်ကြားချက်ထုတ်ပေးနေရုံနဲ့ မပြေလည်ပါဘူး။ (ကလေးအားလုံး မိဘနဲ့ပဲထားဖို့ ထောင်ချီနေတဲ့ အဖြေတွေထဲက ကလေးနာမည်တွေ လိုက်ရှာထုတ်ပြီး စီပေးပါတယ်။ နေရာချတဲ့ သူကလည်း ချပေးပါတယ်။ ခဏလွဲသွားရင်တောင် ပြန်ရွှေ့မှာပါ။)’ ဒါပါပဲ

ကျွန်မသိသလောက် ပြောရရင် ကလေးတွေဖြစ်ရင် အမေ သို့ အဖေ တဦးဦး လိုက်ပါစောင့်ရှောက်ခွင့်ပြုပါတယ် ဒါဟိုးအစကတဲကပါ သိသာထင်ရှားတာက စစချင်းပေါက်ခေါင်းကကလေးနှစ်ယောက် အဖေဆုံးတာနဲ့ ရန်ကုန်ကို ချက်ချင်းပြောင်းရွှေ့ပြီး အမေနဲ့အတူနေစေတာ မှတ်မိမှာပါ ပြီးတော့ ချင်းက ၆ နှစ်ကလေးလေး သူ့အမေနဲ့နေတာ ကျန်းမာရေးဝန်ထမ်းတွေက ချော့မြူပြီး လိုအပ်တဲ့ စောင့်ရှောက်မှုပေးတာလဲ မီဒီယာတွေကတစ်ဆင့် တွေ့ပြီးသားနေမှာပါ ဒါ့အပြင် ဝေဘာဂီက နောက်ထပ်ကလေးလေးတွေလည်း သက်ဆိုင်ရာမိဘနဲ့ပဲ နေပါတယ် အများအားဖြင့် ကလေးတွေမှာ ပိုးတွေ့ရင် ရောဂါမပြင်းထန်ပါဘူး ICU ထဲ ခလေးလူနာထည့်ရတဲ့ ဖြစ်စဉ်လဲ မြန်မာနိုင်ငံမှာ သိသလောက် မရှိခဲ့ပါဘူး ခုပို့စ်တင်တဲ့ကိစ္စမှာလည်း ကလေးက အဖေနဲ့နေနေတာပါ တခါတရံ လူတွေရဲ့ လောဘက အတောမသတ်နိုင်ပါလား တွေးမိတယ် ဒီလောက်နိုင်ငံတော်အစိုးရက လုပ်ပေးနေပါလျက်နဲ့ ကမ်းတက်တယ်လို့မြင်မိတယ်

နောက်ဆုံးတခု မိသားစုလိုက် ပိုးတွေ့လူနာ အဖေလုပ်သူက အသက်ဆုံးရှုံးတဲ့ထိ ဖြစ်တယ် အမျိုးသမီးနဲ့ သားလုပ်သူက သိပ်မဆိုး သူတို့ဆို မိသားစုလိုက်ဖြစ်လို့ တာဝန်ယူကုသမှု ပေးနေတဲ့ ဆရာဝန်/ဆရာမတွေ အထူးဂရုစိုက်ကြတယ် လူနာသေဆုံးသွားလို့ သက်ဆိုင်ရာဆရာဝန်တွေကတောင် သူတို့နဲ့ထပ်တူ ဝမ်းနည်းစာနာမှုတွေ ပြကြပြီး ဒီရောဂါဟာ မိသားစုတွေ ချစ်ခြင်းကို ခွဲနိုင်တာမို့ အထူးဂရုစိုက်ဖို့တောင် ပို့စ်တင်တာတွေ့မိသေးတယ် ဒါလောက်ထိ ဂရုတစိုက် ပြုစုကုသတာတောင်မှ အကောင်းမပြောပဲ အဖြေပဲ မှားသယောင်ယောင် အပြစ်ကပြောသေးတယ် ဒါ့ကြောင့်ပြောတာ အရာရာမှာ အကြောင်းမရှိပဲ အကျိုးမဖြစ်ဘူးဆိုတာ ဒီရောဂါဟာ ဖြစ်ပြီးရင် သေတတ်လို့ ကမ္ဘာပေါ်မှာ ဖြစ်ပွားသူ ၂၉ သန်းကျော်နဲ့ သေဆုံးသူ ၁၀ သိန်းနီးပါး ကပ်လာတာ ပုံပြင်မဟုတ်ပါ စာရွက်ပေါ်က ဂဏန်းတွေလဲ မဟုတ်ပါ သေသူတစ်ဦးချင်းစီမှာ မိသားစုရှိတဲ့အတွက် မိသားစုအတွက်တော့ ၁၀၀ ရာနှုန်း ဆုံးရှုံးမှုဖြစ်တာမို့ မပေါ့ဆစေလိုရင်း ဖြစ်ပါတယ်

ကဲ ပြောတာများသွားပြီ တစ်ခုချင်းဖြေနေရတာ ပင်ပန်းတာမို့ အားလုံးပေါင်းပြောလိုက်တယ် အားလုံးလဲ အတန်အသင့် ရှင်းပြီထင်ပါတယ် ဒါဟာအပြစ်တင်တဲ့ပို့စ်မဟုတ်တာကို သတိချပ်စေချင်ပါတယ် ဆိုရေးရှိက ဆိုသင့်တယ် မဟုတ်ပါလား

အော ဒါနဲ့နောက်ဆုံးတခု သတိရလာပြန်လို့ ထည့်ရေးလိုက်အုံးမယ် မိန်းမမှာ ရောဂါပိုးတွေ့တယ် ယောင်္ကျားလုပ်သူမှာ မတွေ့ဘူး ဒါဟာအဖြေမှားတာပဲ ဆိုပြီး ပို့စ်တင်ဖောင်းထုထားတာလေး မပြောရသေးလို့ တခုခုဆို စိတ်ကောင်းလေးလဲမွေး ထစ်ကနဲဆို အပြစ်ပြောမယ်ဆိုတာချည်းပဲတော် လင်မယားတွေမှာ တစ်ယောက်ဖြစ်ရင် နောက်တစ်ယောက်လဲ ဖြစ်ရမှာပေါ့လို့ အမေမှာတဲ့ဆန်တခွဲ တစ်တင်းနဲ့မလဲ မလုပ်နဲ့ လှေနံဓါးထစ်ပြီးလဲ မမှတ်နဲ့ ဟုတ်ပြီလား ကမ္ဘာပေါ်မှာ ဒါမျိုးအဖြစ်တွေ တပုံကြီး အောတိုက်ပဲ Diamond Princess သင်္ဘောကြီးတုန်းကလဲ ရက်ပေါင်းများစွာ အခန်းတခုတည်း အတူနေတဲ့ လင်မယားမှာ ယောင်္ကျားကပိုးတွေ့ မိန်းမမှာ မတွေ့ပါဘူးနော် မြန်မာမှာလဲ တာချီလိတ်က ခွဲစိတ်ဆရာဝန်မှာ ပိုးတွေ့တယ် သူ့အမျိုးသမီးမှာ မတွေ့ပါဘူး ဘာလို့လဲ ထူးဆန်းထှာလို့ သိချင်ကြမှာပဲ ကျွန်မလဲ မသိပါ မာယာများလွန်းလှတဲ့ ကိုဗစ်ကိုသာ ကွကိုယ်မေးကြည့်ကြပေတော့

ဒါပဲလေ စာရှည်သွားပြီမို့ တော်သေးပြီ နောက်မှ အမြင်မတော်တာတွေ တွေ့ရင် ဆက်ဆွေးနွေးကြတာပေါ့ အပြုသဘောနဲ့ ချက်ကျလက်ကျ ပညာရှိဆန်စွာ ဆွေးနွေးကြတာပေါ့ အများလဲ ဗဟုသုတရတာပေါ့လေ

ခုတော့ ကောင်းသောညပါလေ အိပ်မက်လှလှမက်ကြပါစေ

ဒေါက်တာခင်ခင်ကြီး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page