အပူဒဏ်ကြောင့် ဒုက္ခများနေတဲ့ ပြည်သူတွေနှင့် သတိပြုစရာ အယူအဆ အမှားများ
အပူဒဏ်ရယ်၊ အမှားတွေရယ်၊ ဒုက္ခများတဲ့ ပြည်သူတွေရယ်..
ပူတာတော့ အရှေ့တောင်အာရှတစ်ခုလုံးပဲ။ အပူလှိုင်းဖြတ်နေတယ်ဆိုတာကိုး။ ဒီနိုင်ငံတစ်ခုတည်း မီးပြတ်နေတာကတော့ ဒုက္ခအပိုပေါ့လေ။ တခြားနိုင်ငံတွေက ပူတယ်ဆိုပေမယ့်လည်း အပူသက်သာအောင် လျှပ်စစ်မီးအားကိုးလို့ရသေးတယ်။ ပူတာနဲ့ နောက်ဆက်တွဲသတင်းအမှားတွေကလည်း ပလူပျံနေတယ်။ တွေ့မိတာလေးတွေ အရင်ပြောပါမယ်။
၁။ နေပူထဲက ပြန်လာချိန် ရေခဲရေသောက်မိလို့ ဦးနှောက်သွေးကြောပြတ်သွားတယ်
ဦးနှောက်သွေးကြောပြတ်ခြင်းက ရေခဲရေသောက်တာ မသောက်တာနဲ့ ဘာမှမဆိုင်ပါဘူး။ သွေးကြောပြတ်တယ်ဆိုတာ နဂိုရောဂါအခံ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကြောင့်ဖြစ်တယ်။ ရေခဲရေသောက်ခြင်းမသောက်ခြင်းနဲ့ မဆိုင်ဘူး။ နေပူထဲက ပြန်လာလို့ ကိုယ်က ရေအေးကြိုက်လျက်နဲ့မှ သွေးကြောပြတ်မှာစိုးလို့ မသောက်ရဘူးဆိုတာ ဘယ်လောက်ဆိုးလဲ။ နေပူထဲကပြန်လာပြီး ရေအေးသောက်လိုက်လို့ ဦးနှောက်သွေးကြောမပြတ်ပါဘူး။ ရောဂါအခံတွေရှိတာကို ဖြစ်သလိုနေ မထိန်းသိမ်းလို့သာ ဦးနှောက်သွေးကြောပြတ်ပါတယ်။
၂။ ပန်ကာလေခံမိလို့ လေဖြတ်သွားတယ် (သေသွားတယ်)
ဒီလောက်ပူရတဲ့ကြားထဲ ပန်ကာလေးမှ မသုံးရရင်လည်း အပူရှပ်ကုန်ပြီး သေကြဖို့သာရှိပါတယ်။ လေဖြတ်တယ်ဆိုတာလည်း ဦးနှောက်သွေးကြောပြတ်တာနဲ့ ဆက်စပ်တာပါပဲ။ သွေးတိုးရှိတဲ့သူက သွေးတိုးကိုမထိန်းဘူး။ သွေးကြောထိခိုက်သွားတယ်။ ဦးနှောက်ကိုသွားတဲ့သွေးကြောဖြစ်တာကြောင့် ဦးနှောက်က အလုပ်မလုပ်နိုင်တော့ဘူး။ ဒီမှာတင် လေဖြတ်တော့တာပဲ။ ပူတာကြောင့် သွေးတိုးတာပိုဆိုးပြီး လေဖြတ်နိုင်တယ်။ ဒါပေမယ့် ပန်ကာလေခံတာကြောင့်တော့မဟုတ်ဘူး။ မနေ့ကတွေ့လိုက်တဲ့သတင်းမှာဆိုရင်ပန်ကာလေခံရင်း လေဖြတ်တယ်ဆိုတာ ခေါင်းစဉ်တပ်ထားတယ်။ အောက်ဆုံးမှာမှ သေဆုံးတဲ့သူက သွေးတိုးရောဂါရှိတယ်လို့ ရေးထားတယ်။ ပူနေတဲ့အချိန် အဲကွန်းရှိရင် အဲကွန်း။ ပန်ကာရှိရင် ပန်ကာနဲ့ အေးအောင်နေလို့ရပါတယ်။ ပူရတဲ့ကြားထဲ အဲဒီအတွက် သတင်းအမှားတွေနဲ့ ဒုက္ခများမနေပါနဲ့။
၃။ ကလေး အပူလွန်ပြီး လေဖြတ်သွားလို့ ကုပေးနေရတယ်
ဘုန်းကြီးက ပါးရွဲ့သွားလို့ဆိုပြီး ကလေးကို ပါးတွေပွတ်ကုနေတဲ့ ဗွီဒီယိုတွေ့တယ်။ ကလေးတွေက အပူကြီးပြီးဖျားရင် တက်တတ်တယ်။ အခုလည်း အပြင်အပူချိန်မြင့်တာကနေ ကလေးကတက်နေတာ။ တက်တယ်ဆိုတာမှာ တကိုယ်လုံး လှုပ်ရမ်းနေတာမျိုးရှိသလို ဘာမှမသိသာဘဲတက်နေတာ၊ လက်ကလေး ခြေကလေး မျက်နှာလေးပဲ ကွက်ဖြစ်နေတာလည်းရှိတယ်။ လေဖြတ်သွားတာမဟုတ်ဘူး။ အပူလျော့အောင် အမြန်အဆန်လုပ်ဖို့က အရေးကြီးပါတယ်။
အခုတလောမှာ ပြင်းထန်တဲ့အပူချိန်မြင့်တက်မှုကြောင့် အပူပြဿနာတွေအမျိုးမျိုးဖြစ်တယ်။ အရင်ကတည်းကရှိပေမယ့် မြို့ကြီးတွေမှာသိပ်မဖြစ်ခဲ့ဘူး။ အခုက မီးပြတ်တာနဲ့ပေါင်းတော့ နဂိုကတည်းက ပိတ်လှောင်နေသလိုဖြစ်နေတဲ့ မြို့တွေမှာ အခြေအနေတော်တော်ဆိုးတယ်။ အရေးပေါ်အခြေအနေ၊ အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေထိဖြစ်နေတယ်။ ဒီအကြောင်းတွေကို ကျနော်သေချာစုစည်းပြီး မေးခွန်းတွေမေးလို့ရအောင်နဲ့ မှန်ကန်တဲ့အချက်လက်တွေပဲရနိုင်အောင် ကြိုးစားနေပါတယ်။ ဒီတစ်ပတ်ထဲမှာ ကျနော်တစ်ခုခုစီစဉ်ပေးပါမယ်။ ကိုယ်သိချင်တဲ့ အပူနဲ့ပတ်သက်တဲ့ မေးခွန်းတွေရှိရင် ကြိုတင်စဉ်းစားထားလို့ရပါတယ်။
ဒေါက်တာသူရိန်လှိုင်ဝင်း