ကိုဗစ်စစ်မြေပြင် (အင်းယား) မှ တပ်မှူးတဦး ရင်နဲ့ ရင်းပြီး ရေးတဲ့စာ

ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်သိန်းဌေး ဟာ ဆေးတက္ကသိုလ် (၂) ရန်ကုန်က ပါမောက္ခ၊ ဌာနမှူးဖြစ်ပါတယ်။ အခုအချိန်မှာ အင်းယားစင်တာရဲ့ ဒုဦးစီးအုပ်ချုပ်သူ အဖြစ် ဦးဆောင်ကာ အတည်ပြုလူနာများကို ကုသပေးနေသော ဆရာဝန်ကြီးတစ်ဦးဖြစ်ပါတယ်။

ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်သိန်းဌေးက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားတဲ့ အကြောင်းအရာများကို မပြင်ဆင်ဘဲ မူရင်းအတိုင်း ပြန်လည်၍ ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။

“ကိုဗစ်အင်းယား (စစ်မြေပြင်) စင်တာမှ ပေးပို့လိုက်သောစာ”

နှလုံးခုန်နေသေးသရွေ့၊အသက်ဝအောင်ရှူ နိုင်နေသေးသရွေ့ ကိုဗစ် ကို ကျွန်ုပ်တို့တိုက်ထုတ်နေဦးမည်သာ။

နာဂစ်မုန်တိုင်းလို ဖျက်ဆီးအားပြင်းထန်ဆိုးရွားလှတဲ့ လေပြင်းမလာခင် ရန်ကုန်ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေခဲ့သလို လှိုင်းလုံးတွေလို ရောက်လာတော့မဲ့ ကိုဗစ်လူနာတွေ ကျွန်တော်တို့ဆီ ရောက်မလာခင် အင်းယားစင်တာတစ်ခုလုံးဟာ တိတ်ဆိတ်နေခဲ့ပြီး အင်းယားစင်တာထဲ တိုးဝင်ရောက်လာတော့မဲ့ ကိုယ်ဖျောက်ကိုဗစ်ကို သတိကြီးစွာစောင့်နေခဲ့တယ်။

ပထမဆုံး အင်ယားကို ရောက်လာခဲ့သူလေးကတော့ ၁၂ နှစ်အရွယ် သမီးငယ်လေးတစ်ဦးပါပဲ။

ရက်စက်ပြီး အသက်ကိုနှုတ်ယူတတ်တဲ့ ကိုဗစ်ပိုးတွေ ခန္ဓာကိုယ်ထဲ အုံဖွဲ့ခံထားရပေမဲ့ သမီးငယ်လေးကတော့ တည်ငြိမ်မှုအပြည့်နဲ့ လိုက်ပို့တဲ့အဖွဲ့တွေကို နှုတ်ဆက်ရင်း အိတ်ကလေးဆွဲကာ စင်တာထဲလမ်း လျောက်ဝင်လာတာကို အသက်ရှူမှားလောက်အောင် ငေးကြည့်နေခဲ့မိတယ်။ ကပ်ရောဂါ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ ခံရင်ဆိုင်ရဲတဲ့ သမီးငယ်လေးရဲ့ သတ္တိဟာ စံထားလောက်ပါတယ်။ ဒီလိုနဲ့အင်းယားစင်တာဟာလည်း ကိုဗစ်စစ်မြေပြင်တစ်ခု ဖြစ်လာခဲ့တော့တယ်။

ဒီတိုက်ပွဲကို ပါဝင်တိုက်ခိုက်ပြီး လူနာတွေရဲ့အသက်ကို ကိုဗစ်လက်က လွတ်ထွက်နိုင်အောင် လုပ်ဆောင်ပေးကြမဲ့ စစ်သည်အင်အား ကတော့ ၂၀၀ လောက်နဲ့ စုဖွဲ့ထားတယ်။ ဒီစစ်မြေပြင်မှာ ပါဝင်ဆင်နွှဲကြမဲ့သူနာပြု ၂၀ ဟာ ကချင်ပြည်နယ်က ဖြစ်ပြီး သူနာပြု ၂၁ ဦးကတော့ ရှမ်းပြည်မြောက်ပိုင်းက ဖြစ်ကြတယ်။ သူတို့ဟာ ညီနှောင်သားချင်းများဖြစ်တဲ့ ရန်ကုန်သူရန်သားတွေကို ကိုဗစ် လက်ထဲကလွတ်မြောက်စေဖို့ဖေးမ ကူညီရန် မိမိတို့ရဲ့စေတနာအလျောက် အင်းယားစစ်မြေပြင်ကို ရောက်လာခဲ့တယ်။

ဆရာဝန်အင်အား ၈၀ လောက်ဟာ ရန်ကုန်ဆေးတက္ကသိုလ်များက ဖြစ်ကြတယ်။ အထွေထွေထောက်ကူပေးမဲ့ စေတနာ့ဝန်ထမ်းအင်အား ၈၀ လောက်ဟာလည်း နယ်မြို့ အသီးသီးက ရောက်လာသူတွေပါ။ ကွပ်ကဲအုပ်ချုပ်ရေးအဖွဲ့ကတော့ ဆရာဝန်များအပါအဝင် တတ်သိပညာရှင် ၁၀ ဦးနဲ့ဖွဲ့စည်းထားတယ်။

ဆရာဝန်အဖွဲ့ကတော့ မြောက်ဥက္ကလာဆေးရုံက ကိုဗစ်လူနာတွေကိုပါ စောင့်ရှောက်ပေးနေရတာရယ် ၎င်းတိ ု့ရဲ့ မိခင်ဌာနဆိုင်ရာ အလုပ်တာဝန်ဖြစ်တဲ့ ထိခိုက်က်ဒဏ်ရာနဲ့အရိုးရောဂါ ၊ အရိုးကျိုးဝေဒနာသည်တွေကို အရေးပေါ် ၂၄ နာရီကုသပေးနေရတော့ စစ်မျက်နာ ၃ ခု ဖွင့်တိုက်နေရတာပေါ့။ ဒါပေမဲ့လည်း ရှိရှိသမျှသောအင်းအားများနဲ့ တိုက်ပွဲဝင်နေလျက်ပါ။

ပထမ ကိုဗစ် စစ်ပွဲ(ပထမုင်း)မှာတော့ နွေရာသီရဲ့ အပူချိန်မြင့်မားမှုရယ် စိုထိုင်းဆမြင့်တာရယ်ရာ သီဥတုက ကျွန်တော်တို့ဘက်က ရှိနေပေမဲ့ ယခုဒုတိယစစ်ပွဲ(ဒုတိယလှိုင်း)မှာတော့ ရာသီဥတုဟာ ကျွန်တော်တို့ဘက်က ရှိမနေဘူးဆိုတာ သတိပြုမိတယ်။ မိုးရာသီ စိုစိုစွတ်စွတ်နဲ့ တုတ်ကွေးဗိုင်းရပ်တွေ ပျံ့နှံ့လေ့ရှိတဲ့ ရာသီဖြစ်နေတော့ ကျွန်တော်တို့တတွေ မီးကုန်ယမ်းကုန်တော့ ဖွင့်တိုက်ရမယ်ဆိုတာ သိထားမိနေခဲ့တယ်။ ခက်ခဲပြင်းထန်နေတဲ့ တိုက်ပွဲတစ်ခုလို့ပဲမှတ်ယူမိတယ်။

ကိုရောင်ဖျောက်ထားတဲ့ ကိုဗစ်ကိုလျော့မတွက်မိဖို့၊ မာယာကျော့ကွင်းထဲ မိမသွားဖို့ အစဉ်သတိရှိနေကြစို့ရဲဘော်တို့။

လက်ဆေးပါ၊ mask (နှာခေါင်းစည်း)တပ်ထားပါ။ ပတ်ဝန်းကျင်ကိုသန့်ရှင်းအောင်လုပ်ပါ၊ လူစုမနေပါနဲ့၊ လက်ကိုမျက်နှာနဲ့ မထိမိအောင်ဂရုစိုက်ပါ။ လက်ကိုမလိုအပ်ပဲ ဘာကို မှမကိုင်တွယ်ပါနဲ့။ ကိုဗစ်နဲ့လွှဲနိုင်ကြပါစေ။

ပါမောက္ခ ဒေါက်တာအောင်သိန်းဌေး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page