သမားတော်ကြီး ဒေါက်တာအောင်စိုးမင်းရဲ့ ပြည်သူများသို့ အရေးပေါ် ပန်ကြားစာ

သမားတော်ကြီး ဒေါက်တာအောင်စိုးမင်းရဲ့ ပြည်သူများသို့ အရေးပေါ် ‌ပန်ကြားစာပါ

ကိုဗစ်နှင့်ပတ်သက်၍ ၁။ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ကျေပါပြီ။ ၂။ နိုင်ငံတော်ကလည်း တာဝန်ကျေပါပြီ။ ၃။ ပရဟိတ နဲ့ ဗော်လန်တီယာတွေ တာဝန်ကျေပါပြီ။ ၄။ အလှူရှင်တွေ တာဝန်ကျေလှပါပြီ။ ၅။ ပညာရှင်တွေ တာဝန်ကျေလှပါပြီ။ ၆။ ဆရာဝန်တွေ တာဝန်ကျေသည်ထက်လွန်နေပါပြီ။ ၇။ သူနာပြုကြီးငယ် နဲ့ ကျန်းမာရေးဝန်ထမ်းတွေ တာဝန်ကျေသည်၏ ဟိုဘက်ကမ်းရောက်နေပြီ။

တာဝန်မဲ့နေကြသူတွေ တာဝန်မကျေနေကြသူတွေက ၁။ Mask မတပ်တဲ့ ပြည်သူတွေပါ။ ၂။ ခြောက်ပေမခြားဘဲ လူစုတဲ့ ပြည်သူတွေပါ။ ၃။ ကိုဗစ်စည်းကမ်းဖောက်ပြီး သွားလာနေသူတွေပါ။ ၄။ Mask သေချာမတပ်ဘဲ စုစု စုစုလုပ်နေသူတွေပါ။ ၅။ လူအများအားမနာဘဲ စည်းဖောက်နေသူတွေပါ။ ၆။ အသိဉာဏ်မပြည့်သေးတဲ့ ပြည်သူတွေပါ။ ၇။ စည်ကမ်းတန်ဖိုးကို နားမလည်သေးတဲ့ပြည်သူတွေပါ။

ကိုဗစ်က လက္ခဏာမပြသူတွေဆိုလျှင် ၂ ပတ်ကျော် တာနဲ့ ကူးစက်နိုင်မှု လျော့သွားပါပြီ။ လက္ခဏာပြသူ ဆိုးရွားသူတို့ဆိုလျှင် ၃ ပတ် ကျော် ၄ ပတ်ဆိုလျှင် ကူးစက်နိုင်ခြေနည်းသွားပါပြီ။ ကိုဗစ်ဒုက္ခပေးတဲ့ သက်တမ်းက ၂ ပတ်ကနေ ၄ ပတ်အတွင်းဆိုတော့ ဆက်လက် ကူးစက်ပြန့်နှံ့မနေပါက တစ်လခွဲ နှစ်လဆိုလျှင် ငြိမ်သွားပြီး လေးငါးလ အလွန်ဆုံး ခြောက်လဆိုလျှင် ငြိမ်းသွားပြီလို့တောင် ပြောလို့ ရပါပြီ။ အလွယ်ဆုံးသော ကာကွယ်ရေးနည်းစနစ်တွေကို ထိထိရောက်ရောက် အသုံးချမနေလို့သာ ဆက်လက်ကူးစက်နေရတာပါ။ ကာကွယ်ရေးနည်းစနစ်များ အကြောင်း ပညာပေးတွေ အပ်ကြောင်းထပ်နေပြီဖြစ်သော်လည်း နားလည်ကြသေးပုံမရဟု ထင်ပါသည်။

၁။ မည်သည့်အကြောင်းနှင့်မျှ လူစုမနေသင့်ပါ။ (၁) ဆီဝေ ဆန်ဝေ ထောက်ပံ့ကြေးဝေခြင်း [ Mask တပ်, ၆ ပေခြား, စည်းနဲ့သွား] (၂) အကျိုးမဲ့စုဝေးဆန္ဒပြနေကြခြင်း [ Mask တပ်, ၆ ပေခြား, စည်းနဲ့သွား] (၃) ဒေါသထွက်နေသော လူအုပ်ကြီးလုပ်ခြင်း [Mask တပ်, ၆ ပေခြား, စည်းနဲ့သွား] (၄) လူစိပ်စိပ်တန်းစီတိုးဝှေ့ကျော်တက်ခြင်း [Mask တပ်, လူမထိ လူချဲ , စည်းနဲ့နေမြဲ] (၅) ပျော်ပွဲရှာ လူစုဓာတ်ပုံရိုက်ခြင်း [ Mask တပ်, လူခွာ , အိမ်ပြန်ပါ ] (၆) စုဝေး လုပ်ငန်းဆောင်တာ လုပ်ဆောင်ခြင်း [ Mask တပ်, လူမကပ်, လူရှင်းမှဆောင်ရွက်] (၇) အကြောင်းရှာလူစု ကစားပျော်ပါးခြင်း [အိမ်မှာပဲကစား, အွန်လိုင်းလူစု, စည်းနဲ့နေမှု]

၂။ Mask တပ်နည်းကို သေသေချာချာ ပြန်လေ့လာပါ။ အိပ်ချိန် (၆ ပေ ပတ်လည် လူမရှိစေနဲ့)မှအပ ရေခဏသောက်ချိန် နဲ့ စားသောက်ချိန်မှအပ Mask အမြဲတပ်ထားပါ။ ၃ – လွှာပါ တစ်ခါသုံး Surgical Mask ကိုရွေးတပ်ပါ။ လူအများရှိရာ သွားလျှင်တော့ N 95 တပ်ပါ။

အဝတ် mask သည် ရသေ့စိတ်ဖြေ တပ်ခြင်းသာဖြစ်ပြီး၊ “မလုံခြုံသော လုံခြုံ၏ဟုထင်မှု” ဖြစ်စေတတ်ပါသည်။ Mask ၏ ရှေ့မျက်နှာပြင်သည် ကိုဗစ်တို့ အစုလိုက်အပြုံလိုက်တွယ်ကပ်နေနိုင်သောကြောင့် ထိုရှေ့မျက်နှာပြင်ကိုလုံးဝ လုံးဝ မထိမကိုင်ကြပါနှင့်။ သုံးပြီး Mask ကို ပလပ်စတစ်အိတ်လုံလုံဖြင့် လုံခြုံအောင်စည်းနှောင်ပြီးမှ စွန့်ပစ်ပါ။ သုံးပြီး Mask ကို, ချွတ်ပြီးနောက် ပြန်မသုံးကြပါနှင့်၊ စည်းမဲ့ကမ်းမဲ့ မပစ်ကြပါနှင့်၊ လမ်းပေါ် လမ်းဘေး အမှိုက်ပုံတို့တွင် ပလပ်စတစ်လေလုံပိတ်မစည်းနှောင်ဘဲ အလွယ်တကူ မပစ်ကြပါနှင့်။

၃။ လက်သည် အမှုန်အမွှား မျက်စိနှင့်မမြင်နိုင်သော ပိုးမွှားများကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင် ရွှေ့ပြောင်းသော အဓိကတရားခံ ဖြစ်၏။ လက်ကို အသုံးမပြုမီ လက်ဆေးနည်းစနစ် မှန်ကန်စွာဖြင့်ဆေးကြောပြီးမှ လက်ကိုသုံးပါ။ လက်၏ မျက်နှာပြင် အနှံ့ (နေရာမကျန်စေရ)ကို ရေဖြင့်ပွတ်သပ်ဆေးကြောခြင်းသည် အကြမ်းစားဆေးခြင်းဖြစ်ပြီး၊ ကာဘော်လစ် ဆပ်ပြာ၊ ဆပ်ပြာရည်၊ ဆပ်ပြာခဲ တစ်မျိုးမျိုးဖြင့် လက်ဖဝါး – လက်ဖမိုး – လက်ချောင်း ဆယ်ချောင်းပတ်ပတ်လည် – လက်ထိပ် ၁၀ ခု – လက်ကောက်ဝတ်ပတ်ပတ်လည် နေရာအနှံ့ကို ဆပ်ပြာနှင့်ထိတွေ့ချိန် စက်ကန့် ၂၀ အနည်းဆုံး ထိတွေ့နေစေရပါမည်။

အရေးပေါ်သုံးအတွက်သာ ဟန်းဂျယ်ကို သုံးပါ၊ သုံးလျှင် ဆပ်ပြာသုံးသကဲ့သို့ လက်မျက်နှာပြင်အနှံ့ ဖြစ်ရပါမည်။ စက်ကန့် ၂၀ အနည်းဆုံးထိတွေ့နေရပါမည်။ ဟန်းဂျယ်ကို ပွတ်ဆိုရုံမျှပွတ်ခြင်းသည် ရသေ့စိတ်ဖြေ လုပ်ခြင်းသာ ဖြစ်၏။ “မလုံခြုံသော လုံခြုံ၏ဟုအထင်”မျှသာ ဖြစ်စေ၏။

၄။ မိမိ၏ ပေအတွင်းကို မည်သူ့ကိုမျှ အဝင်မခံပါနှင့်။ မည်သည့်အကြောင်းနှင့်မျှ အဝင်မခံပါနှင့်။

၅။ လူစုလူဝေးဆီသို့ မသွားပါနှင့်၊ လူစုလူဝေးလည်း မပြုကြပါနှင့်၊ မည်သည့်အကြောင်းနှင့်မျှ လူမစုပါနှင့်။

၆။ အိမ်မှာပဲ နေပါ။ အဝေးဆက်သွယ်စနစ်သုံးပါ။ အိမ်သို့ရောက်လာလေသမျှ ကိုဗစ်ပိုးတို့ ကပ်ပါလာသည်ဟု ယူဆပြီး၊ လိုအပ်သလို သန့်ရှင်းခြင်း၊ ပိုးသတ်ခြင်းပြုပါ။

၇။ အိပ်ရေး ဝအောင်အိပ်ပါ။

၈။ မလိုအပ်ဘဲ အပိုပင်ပန်းစေခြင်း မပြုပါနှင့်။

၉။ အသက်ရှူလေ့ကျင့်ခန်း နှင့် ကိုယ်လက်လှုပ်ရှားမှုပြုပေးပါ။

၁၀။ ဆောင်းရောက်ပြီ ဖြစ်၍ နွေးနွေးထွေးထွေး နေပါ။ ၁၁။ အာဟာရ ပြည့်ဝစုံလင်အောင် စားပါ။ ရေများများ သောက်ပါ။ ၁၂။ တစ်နေ့လျှင် စီဗစ် ၁ လုံးမှ ၂ လုံးအထိသောက်ပါ။ ၁၀၀၀ မီလီဂရမ်ထက် မကျော်သင့်။ တစ်နေ့ ၁၀၀ မီလီဂရမ်မှ ၂၀၀ မီလီဂရမ် ဆိုလျှင် လုံလောက်ပါပြီ။ Mask မတပ်ခြင်းသည် သေမင်းကို ဖိတ်ခေါ်သည်နှင့်တူပါသည်။

Mask ချွတ်နေခြင်း(မေးချိတ်, နားချိတ်, နှာခေါင်း ဖော်, ပါးစပ်ဖော်) သည် သေမင်းကို ဖိတ်ခေါ်သည်နှင့်တူပါသည်။ မိမိ နှင့်တကွ မိမိသွားလေရာရာတွင် တွေ့ရသည် လူအများကို သေမင်းဆီ ပို့ပေးသည်နှင့် တူပါသည်။ လက်မဆေးဘဲ လက်ဖြင့်အလုပ်လုပ်ခြင်းသည် အလွန်အန္တရာယ်များသော အပြုအမူ ဖြစ်သည်။ လက်မဆေးတတ်ခြင်းသည် လက်ဆေးနေပါလျက်နှင့် ရောဂါအကူးစက်ခံရသူ များ ဖြစ်နေတတ်ပါသည်။

စွမ်းဆောင်ရည်ထက် များစွာဝန်ပိုစေ သော အစုလိုက်အပုံလိုက် ကိုဗစ်လူနာများဖြစ် လာခြင်းသည် အလွန်အလွန် အန္တရာယ်များလှပြီး၊ မိမိအား ကုသမည့်သူ စောင့်ရှောက်မည့်သူ ကယ်တင်မည့်သူ ကင်းမဲ့သွားနိုင်သော အနေအထား အခြေအနေများသို့ ရောက်သွား နိုင်ပါသည်။ တစ်ဦးချင်းသည် မိမိတာဝန် မိမိ ကျေပွန်ဖို့လိုပါသည်။ တစ်ဦးစီသည် မိမိတာဝန် မိမိ ကျေပွန်ဖို့လိုပါသည်။

ကူးစက်မှု လုံးဝမရှိတော့သည့် နေ့ရက်မှစ၍ နှစ်လခန့်မှ သုံးလခန့်အထိ – သို့မဟုတ် ခြောက်လခန့်အထိ ၁။ Mask တပ် ၂။ လက်ဆေး ၃။ ၆ ပေခွာ နေနေကြရဦးပါမည်။ တစ်ဦးချင်းစီက မပူးပေါင်းလျှင် တစ်နှစ်လည်း ကြာနိုင် နှစ်နှစ်လည်းကြာနိုင်သော ကပ်ရောဂါဖြစ်သည်။ ပူးပေါင်းပြီး အပြည့်အဝလိုက်နာပါလျှင် ၂ ပတ်တစ်ကြိမ် ကူးစက်နေမှု ထက်ဝက်ကျိုး သွားကာ ၃ လ – ၄ လ အတွင်း ကပ်ရောဂါ ရပ်တန့်သွားပါလိမ့်မည်။ စည်းကမ်းလိုက်နာခြင်းဖြင့် နိုင်ငံတော်ကို ကပ်ရောဂါမှ ကယ်တင်ကြပါ။

Dr Aung Soe Min

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page