တချိန်က ရထားတောင် စီးခွင့် မရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (ရန်ကုန်ဘူတာကြီး ဖြစ်စဥ်တွင် ပါဝင်ခဲ့သူတဦး ပြောပြတဲ့အတွေ့အကြုံ)

ဒေါ်အောင်ဆန်းစုကြည် ကြုံခဲ့ရတဲ့ ဘူတာကြီး ဖြစ်စဥ်မှာ ပါဝင်ခဲ့တဲ့ ရထားဝန်ထမ်းတဦးရဲ့ ပြောကြားချက်

လူထုခေါင်းဆောင်ရထားစီးခွင့် မရခဲ့တဲ့ကာလတစ်ခုအကြောင်း။ အဲသည်တုန်းက ရုံပိုင်ချုပ်ကြီးရဲ့ စိတ်ဒဏ်ရာ။ ဘဘဦးတင်ဦးနဲ့အတူ အဖမ်းခံခဲ့ရတဲ့ လူငယ်များ။

“လက်ကျန် စာမျက်နှာ” (ရဲသျှမ်း)

၂၁ စက်တင်ဘာ၊ ၂၀၀၀ ရက်စွဲတပ်ပြီး ဆောင်ရွက်ခဲ့သည့် Work Diary ရေးနေဆဲမှာ သူ့ရုံးခန်းတံခါး ပွင့်သွား၍ လှမ်းကြည့်လိုက်တော့ လက်မှတ်သိမ်းချုပ် ကိုအေးမြင့်။ သူ့ပုံစံက တစ်ခုခုကို အထိတ်တလန့် ဖြစ်လာပုံမျိုး။ ပျာယီးပျာယာ၊ အူယားဖားယား။ ဘာဖြစ်လာသည် မသိ။

“ဆရာ … ဆရာ … ဟို …. ဟို”

မောကြီးပန်းကြီး၊ ကတုန်ကယင်၊ အံ့သြတကြီး စသည့် ကြိယာဝိသေသနတွေကို တွေ့လိုက်ရသည်ဟု တွေးမိပြီး ပြုံးမိသွား သည်။

“ဘာဖြစ်တာလဲကွာ … မင်းဟာက” “ဟို … ဟိုဆရာ … သူတို့ ရောက်နေကြပြီ၊ လက်ကျန်အရောင်းရှေ့မှာ” “ဘယ်က သူတို့လဲဟ … မင်းကလည်း ကိုယ့်စကားကို ဘယ်ရောက်မှန်းမသိ မရှင်းမရှင်း” “ဟိုနေ့က လက်မှတ်မရ … အဲ … မရောင်းလိုက်တဲ့ အဖွဲ့လေ” “ဟေ”

သူလည်း အခုမှ အထိတ်တလန့် ဖြစ်တော့သည်။ သူထိုင်ရာမှ ဝုန်းခနဲထ။ ရုံးခန်းအပြင်ထွက်ပြီး လက်ကျန်ရုံရှေ့ သွားကြည့် လိုက်တော့ အစ်မတို့အဖွဲ့ တန်းစီနေသည်။ သူ့ရင်ထဲ ကျဉ်ခနဲ ဖြစ်၍သွားသည်။ တကယ်ဆို အထူးရထားတောင် စီစဉ်ပေးရ မှာ။ အခုတော့ အာဏာငမ်းငမ်းတက်နေသူတွေ၏ အကြောက်ရွံ့ဆုံး ပစ်မှတ်ဖြစ်နေတော့ လွန်ခဲ့သည့် ၃ရက် ရက်ကြိုမှာ ကတည်းက လက်မှတ်ကုန်ပြီလုပ်ပြီး ရထားစီးခွင့်မရအောင် အထက်အမိန့်အရ ဆောင်ရွက်ခဲ့ရပြီးပြီ။ ဒါလည်း လက်လျှော့ မသွား။ အေးလေ အလွယ်တကူ လက်လျှော့နောက်ဆုတ်သည့် စိတ်ဓာတ်ရှိမှတော့ ထက်မြက်၊ ပြတ်သား ရဲရင့်သော ဖခင်ကြီး၏ သမီးထွေး ဘယ်လိုလုပ် ပီသတော့မှာလဲ။

ကြည့်စမ်း အစ်မတို့အဖွဲ့ ဘူတာကြီးရောက်လာသည်ကို ဘယ်လိုလုပ် သတင်းပျံ့သွားသည်မသိ။ ရပ်ကွက်ကလေးထဲမှ လူအုပ်ကြီးထဲက ဘူတာထဲ ပြိုဆင်းလာသည်။ မျှော်လင့်ထားသော ယုံကြည်မှုကို တည်ဆောက်ပေးမည့်သူကို တွေ့ချင်၊ နှုတ်ဆက်ချင်ကြမှာပဲဖြစ်သည်။ သူလည်း လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်ချင်ပါသည်။ ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်း ပျက်၊ အစစအရာရာ နိမ့်ကျနေသော ဘဝတွေကို ကယ်တင်ပေးနိုင်မည့် စရဏသတ္တိ ပိုင်ရှင်ကို ဂုဏ်ပြုလိုက်ချင်ပါသည်။

“ဆရာ ဘယ်လိုလုပ်မလဲ” ကိုအေးမြင့်က တိုးတိုးကပ်ပြောမှ သူသတိ၀င်လာသည်။ ဘာလုပ်ရမလဲ၊ သူသက်ပြင်းမောချရင်း တွေးသည်။ “အရောင်းရပ်ခိုင်းရမှာပေါ့ကွာ၊ မင်းလက်မှတ်ရောင်းစာရေးတွေကို နောက်ပေါက်က တိုးတိုးသွားပြော။ ငါ ရုံးခန်းပြန်ပြီး သတင်းပို့စရာရှိတာ ပို့လိုက်ဦးမယ်”

သူ ရုံးခန်းပြန်ပြီး တိုင်းရုံးချုပ်သို့ ဖုန်းဆက် သတင်းပို့လိုက်တော့သည်။ “ဒုက္ခပါပဲ” စကားလုံးကတော့ အယောက်တိုင်းဆီက လျှံကျလာတာချည်းပါပဲ။ ဖုန်းဆက်ပြီးပြီမို့ သူ့ဘက်က တာ၀န်ကျေပြီးပြီဟု မပြောနိုင်သေး၊ ပြဿနာကို သူ့ခေါင်းပေါ် ပစ်တင် လိုက်မှာက သူက တွေးမိထားပြီ။ နင်လား၊ ငါလား ထိပ်တိုက်တွေ့ကြမှာပဲ။ သည်အခါကျလျှင် သူပဲ ရင်ဆိုင်ဖြေရှင်းရမည် ထင်သည်။

လွန်ခဲ့သည့် ၃ရက်ကတည်းက ရက်ကြိုလက်မှတ်ရုံမှာ လက်မှတ်၀ယ်တော့ အတုမရှိ၊ အတူမရှိ အမည်ကြောင့် လက်မှတ် ရောင်းစာရေးလေးက သူ့ဆီ ဖုန်းဆက်ခဲ့သည်။ သူကမှ အဆင့်ဆင့်ဖြင့် …။

“လက်မှတ်ကုန်ပြီပြော၊ အရောင်းပိတ်ပလိုက်၊ ရိုးရိုးတန်း၊ အထက်တန်း ဘာမှမရောင်းနဲ့၊ ရထားအကုန်နော်။ လွဲချော်လို့က တော့ ခင်ဗျား နာပြီသာမှတ်”

ငါတို့သာသိ၊ ငါတို့သာတတ်၊ ငါတို့သာလျှင် အမှန်ဆုံး။ အကြောက်တရားအောက်မှာ နေစေ။ အစ်ကိုကြီး၊ ညီလေးကျ ညီညွတ်ကြ။ စီမံ၊ ဥပဒေ မစိုးမိုး။ ငါ့အမိန့်၊ ငါ့ဥပဒေသာတည်။ ဒူးတုန်၊ အသံတုန်၊ အမိန့်နာခံသံကို သာယာသူတို့၏ အမိန့်၊ ပြီးတော့ ဆဲဆိုကြိမ်းရန် ကြံစည်ရော့မည်။

“တောက်” သူ့တောက်ခေါက်သံက အတော့်ကို ကျယ်လောင်သွားသည်။

သေချာတယ်၊ ရထားမစီးရအောင် တားဆီးကြလိမ့်မယ်၊ ဘယ်လိုတားမလဲ။ တားလို့ကော ရမှာတဲ့လား။ ဘာကို ဘယ်လို ဘယ်လောက်တောင် ကြောက်နေကြတာလဲ။ အပ်တိုတစ်ချောင်းတောင် မကိုင်တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က ဘာ အဖျက်အမှောင့် လုပ်မှာမလို့လဲ။ ရန်ကုန်ကနေ မန္တလေးရထားစီးတာပဲ။ သာမန်ခရီးသည်ပဲ။ အကျယ်ချုပ်ထားတာမှ မဟုတ် တာ။ တိုင်းပြည်က လိုအပ်နေတဲ့ ခေါင်းဆောင်ကို သဲကြီးမဲကြီး ချိုးနှိမ်နေကြတာပါလား။

သူ့ကြောင့် တိုင်းပြည် ဘာမှ ထိခိုက်မသွားဘူး။ ကောင်းလာလို့ပဲရှိတယ်။ အဖေလို ထက်မြက်သူ၊ ဥာဏ်ရည်ဥာဏ်သွေး မြင့် မားသူပါ။ နိုင်ငံသစ်ကို ထူထောင်မယ့်သူပါ။ ဒီမိုကရေစီကို ဖော်ဆောင်မယ့်သူပါ။ တော်ကြပါတော့၊ ရပ်ကြပါတော့။ စွန့်ကြပါ တော့။ အာဏာကို ဘယ်လောက်ထိ ကိုင်ဆုပ်ထားချင်နေကြတာလဲ။ တိုင်းပြည် နာလှပါပြီ။ အဆင်းရဲဆုံးနိုင်ငံ၊ ကျဆုံးနေတဲ့ ပညာရေး၊ ညံ့ဖျင်းလှတဲ့ လမ်းပန်းဆက်သွယ်ရေး၊ စုတ်ပြန်နေတဲ့ ကျန်းမာရေး၊ စာပေလွတ်လပ်မှု ဆုံးရှုံးနေတဲ့ နိုင်ငံဖြစ်နေပြီ။ မှတ်တမ်း၀င်နေပြီ။ ရှက်ကြပါတော့။

သူ့ရင်ထဲက စကားများက သူ့ရင်ကို ပုတ်ခတ်နေလေပြီ။ သူ့နဖူးပြင်မှာ ချွေးသီးချွေးပေါက်များ သီးထနေလေသည်။

တဖြောင်းဖြောင်း ခြေသံများ သူ့ရုံးခန်းတံခါးရှေ့ ရောက်လာပြီ။ မရဏမောင်းသံ ကြားလိုက်ရသည်ကဲ့သို့ သူတုန်လှုပ်စွာ ခေါင်းထောင်သွားသည်။ ရုံးခန်းထဲ ၀င်လာသောသူတွေနောက် တိုင်းအဆင့်များ ကုပ်ချည့်ချည့်။ သူတို့လည်း မိုးမွန်အောင် အကျွေးခံလာရဟန်ရှိသည်။ သူ့စားပွဲဆီ ဦးတည်လာသည်မို့ သူဖယ်ပေးလိုက်ပြီး တိုင်းအဆင့်များနှင့်အတူ လက်နောက်ပစ် ရပ်နေလိုက်သည်။ ပုဂ္ဂိုလ်ကြီးများ မျက်နှာက ဒေါသအရောင်အရိပ်တို့ ဖုံးလွှမ်းနေသောကြောင့် နီမြန်းနေသည်။

“ခင်ဗျားတို့ ဘာလုပ်ကြမလဲဆိုတာ တွေးထားပြီးပလား။ သိရောသိရဲ့လား ဟင် … ကဲ ဘာလုပ်မလဲပြော။ ပြောစမ်း ဟိုတစ် ယောက်” တော်သေးသည်။ သူ့ဘက် လှည့်မလာ၍၊ ဟိုတစ်ယောက် အခေါ်ခံရသူက တောင်တောင်ဤဤ တွေးထားပုံရသည်။

“သူတို့ စီးမယ့် ၅နာရီ ရထားဖြစ်တဲ့ Sup ကို Fit မပေးသေးဘဲ ဆိုင်းထားလိုက်ပါမယ်။ သူတို့ ပြန်သွားမှာ တွဲဆိုင်း စင်္ကြံတိုးဖို့ စီစဉ်လိုက်ပါမယ်” “အဲဒီလောက်နဲ့ ရမလား၊ ချေးဘရိန်းလောက်နဲ့ လာပြောနေပြန်ပြီ။ ဘယ်အချိန်ဖြစ်ဖြစ် စီးမယ်လုပ်မှာပဲ။ ကဲ … ကျန်တဲ့သူ တွေ ပြောဦးလေ။ ပါးစပ်တွေက ဒါမျိုးကျတော့ ပိတ်နေရော။ စားဖို့၊ ဝါးဖို့၊ မျိုဖို့ဆို့ဖို့ကျတော့ ရှေ့ဆုံးက နေမယ့်သူတွေ”

သူ ခွက်ထိုးခွက်လန် ရယ်ချင်စိတ် ဖြစ်သွားသည်။ ရယ်ချင်စိတ်ဖြစ်နေသော သူ့မျက်နှာကို မမြင်အောင် ခေါင်းကို တွင်တွင် ငုံ့ထားလိုက်၏။ “ရထားတွေ ပုံမှန်အတိုင်း လွှတ်လိုက်ပြီ။ သူတို့အဖွဲ့ လိုက်သွားတဲ့တွဲကို သင်္ဃန်းကျွန်းလောက်မှာပဲ တွဲမကောင်းလို့ဆိုပြီး အကြောင်းပြဖြုတ်ထား …”

တိုင်းအဆင့်တစ်ယောက်၏ အကြံပေးစကား မဆုံးမီမှာဘဲ တစ်ယောက်က လက်ကာလျက် တားသည်။ “မဖြစ်နိုင်ဘူး၊ စဉ်းစဉ်းစားစားပြော၊ တွဲပြောင်းစီးမှာပဲ။ အဲဒီလောက်နဲ့ မရဘူး”

“စင်္ကြံ ၁ လမ်းကနေ ရထားမလွှတ်ဘဲ ၄၊ ၅ လမ်းကနေ လွှတ်ပါမယ်” သူ့နံဘေးက လူ၏ အကြံဆိုးကိုတော့ လက်ခံသွားဟန်တူသည်။ “ကောင်းပြီ၊ ပြန်ကြားရေးအခန်းထဲက အသံချဲ့စက်တွေ ပိတ်ထားလိုက်။ ၀န်ထမ်းတွေက ခရီးသည်တွေကို ၄၊ ၅ စင်္ကြံကနေ ရထားထွက်မယ်လို့ တိုးတိုးတိတ်တိတ်လိုက်ပြော။ ဟိုဟာတွေ လုံး၀ မရိပ်မိစေနဲ့”

“ဒါဆို ခရီးသည်တွေ ကျန်သွားမှာပေါ့” သူ ဘာမှ မပြောဘူး ဆုံးဖြတ်ထားပေမဲ့ မဖြစ်သင့်သည့်ကိစ္စမို့ နှုတ်က ရုတ်တရက် ထွက်ကျသွားသည်။

“အရေးမပါတဲ့ စကားက ပြောနေပြန်ပြီ။ ဒီအချိန် ခရီးသည်က ဘာအရေးလဲ ကျန်ပေါ့။ နောက်ရက် လိုက်ကြပေါ့။ အရေးကြီး တဲ့အချိန် အရေးမပါတဲ့စကား လာပြောနေသေး”

သည်အတိုင်းဆို တစ်ဘူတာလုံး ပျာယာခတ်ကုန်လောက်အောင် သူတို့လုပ်ရတော့မည်။ သူ့ရုံးခန်းကနေ စင်္ကြံပေါ် ထွက် လိုက်ပြီး လက်မှတ်သိမ်းနှင့် ၀န်ထမ်းငယ်အားလုံးကို တစ်ဆင့်ဆီ တာ၀န်ပေးရန်နှင့် အချက်ပြမျှော်စင်၀န်ထမ်းများအားလုံး စင်္ကြံ ၄၊ ၅ ကနေ လွှတ်ရန် ညွှန်ကြားမှု ပေးလိုက်ရသည်။ အစ်မတို့အဖွဲ့ကတော့ မသိတာလား၊ သိသိနှင့် ပေကတ်ထိုင်နေ တာလား မသိနိုင်တော့။ စင်္ကြံ ၁ ခရီးသည် နားနေထိုင်ခုံများမှာ သာမန်ခရီးသွားတွေလို အေးအေးလူလူ ထိုင်၍ နေသည်။ ရသည့်ရထား စောင့်စီးမည့်ဟန်။

ပုဂ္ဂိုလ်များကတော့ လူလုံးထွက်မပြ။ အမိန့်တွေသာ တစ်ခုပြီးတစ်ခု ထုတ်နေသည်။ လေ့ကျင့်သားရထားသော အရပ်၀တ် အဖွဲ့တွေကတော့ သူ့ရုံးခန်းမှာရော၊ အပြင်မှာရော တင်းကျမ်း။ ဘာတွေ ဆက်ဖြစ်ကြမှာလဲ သူစိုးရိမ်နေမိသည်။

ညက တဖြည်းဖြည်း မှောင်လာပြီ။ ဘူတာမီးများ ထိန်လင်းနေပါပြီ။ မီးရောင်အောက်မှာ အေးအေးလူလူပုံစံဖြင့် စာဖတ်နေ သော အစ်မကို သူ ငေးကြည့်နေမိသည်။ သူ၏ အစ်မအရွယ်။ တိုင်းပြည်ကို ဦးဆောင်နိုင်သည့် အကောင်းဆုံးအရွယ်ဟု သူ တွေးမိသည်။

ည ၈ နာရီကျော်လောက်မှာ သူနှင့် တိုင်းအဆင့်များအား အစ်မတို့အဖွဲ့ဘူတာကနေ အမြန်ထွက်ခွာပေးဖို့ သွားပြောရန် အမိန့်ပေးခံရတော့သည်။ သူတို့ချဉ်းကပ်ပြောကြည့်တော့ ဘယ်သူနဲ့မှ မတွေ့ချင်၊ မဆွေးနွေးချင် စကားမပြောချင်။ ဒီဘူတာရဲ့ တာ၀န်အရှိဆုံးသူနဲ့သာ ဆွေးနွေးချင်တယ်တဲ့လေ။

သူ ခေါင်းနားပန်းကြီး သွားလေသည်။ ကျန်အချိန်တွေမှာသာ သည်စကားကြားရလို့ကတော့ သူဂုဏ်ယူလိုက်မည့်ဖြစ်ခြင်း။ အခု အနေအထားအရ သူကျဉ်းထဲ ကျပ်ထဲ ရောက်ပြီထင်ပါသည်။ ဘာတွေ ဆွေးနွေးမှာလဲ၊ တောင်းဆိုမှာလဲ၊ မေးမှာလဲ။ ဆုံးဖြတ်ခွင့် မပေးနိုင်သူတစ်ယောက်ရဲ့ အခက်အခဲများကို အစ်မတို့ သိမှ သိပါလေစ။

သူ ၀မ်းနည်းကြေကွဲသွားသည်။ သူသာ လုပ်ပိုင်ခွင့် အပြည့်အ၀ရှိသူဖြစ်၍ကတော့ အစ်မတို့အဖွဲ့ ရထားစီးတာကို ဂုဏ်ယူမှု အပြည့်ဖြင့် တွဲပေါ်ထိ လိုက်ပို့လိုက်ဦးမည်။ သူတတ်နိုင်သည့် ရေသန့်ဘူးလေး၊ အချိုရည်ဘူးလေးတွေပါ လမ်းမှာသောက်ရန် ထည့်ပေးလိုက်ချင်လောက်အောင် သူ သဒ္ဒါပေါက်ပါသည်။

သူနှင့်ပဲ ဆွေးနွေးမည်ဆိုတော့ ရုံးခန်းထဲ စောင့်ကြည့်နေသောအဖွဲ့ ပျာသွားသည်။ သူ့ကို ရုံးခန်းထဲ အတင်းဆွဲသွင်းပြီး ဘောင်းဘီဘေးအိတ်ထဲကို အသံဖမ်းစက် ထိုးထည့်လိုက်ကြသည်။

“ခင်ဗျား ဘာမှ ဆုံးဖြတ်ချက်ပေးခွင့် မရှိဘူး။ အားလုံး ဘူးခံပြော။ အစ်မကြီးတို့အဖွဲ့ အမြန်ဆုံး ပြန်ပါလို့ပဲ ပြော။ အသံဖမ်း စက် ထည့်ပေးထားတယ်နော်၊ ယီးတီးယားတားတော့ မလုပ်နဲ့။ ခင်ဗျား အပြောအဆို မှားရင် ဘာဖြစ်သွားမယ်ဆိုတာ နား လည်လား”

သူ့သားလောက် လူငယ်၏ ခင်ဗျားချင်း မိုးမွှန်သော အမိန့်မှာကြားချက်များကို သူ အော့နှလုံး နာလှသည်။ ကျုပ်ကို မချည်နဲ့၊ ဖိအားမပေးနဲ့ဟု သူ အော်ဟစ် ပေါက်ကွဲလိုက်ချင်သည်။ သို့သော် သူ့နှုတ်ခမ်းများ လှုပ်ရှားမှုမဲ့ ထုံနေလေသည်။ စိတ်မကောင်းလည်း ဖြစ်သည်။ ၀န်ထမ်းဖြစ်ရခြင်းအပေါ် ပထမဆုံး ကိုယ့်ကိုယ်ကို နာကျင်ခြင်းဖြစ်ရသည်။ သည်တွေ့ဆုံမှု သမိုင်းမှာ မှတ်တမ်းတစ်ခု ဖြစ်သွားလိမ့်မည်။ သမိုင်းတရားခံတွေထဲမှာ သူ လုံး၀မပါ၀င်နိုင်ပါ။ သူ ဘာလုပ်ပေးလို့ ရပါမည်လဲ။ တောင်းပန်စကားတွေ အကြိမ်ကြိမ်ဆိုရုံကလွဲပြီး သူ ဘာများ တတ်နိုင်ပါမည်လဲ။

သည်အချိန်မှာ သူအလုပ်ချင်ဆုံးဆန္ဒက ဘောင်းဘီအိတ်ထဲ ထည့်ပေးလိုက်သော အသံဖမ်းစက်ကို ဆွဲထုတ်လွှင့်ပစ်လိုက် ချင်တာပဲ ဖြစ်သည်။ လက်တွေ့မှာတော့ သူမလုပ်နိုင်၊ မလုပ်ရဲ။ ဆန့်ကျင်သူအဖြစ် သတ်မှတ်ခံလျှင် ကြားဖူးနား၀ရှိသော ရေကြည်အိုင်ဆိုတာကြီးကို ရောက်သွားလေမလား။ သူ ကြက်သီးမွှေးညင်းထ,သွားလေသည်။ အဲသလောက်ထိ သူ မစွန့်စားရဲ။ မိသားစုတွေကို မြင်ယောင်မိတော့ သူ့နှလုံးက အောင့်လာသည်ကို ခံစားမိသည်။

သူ စိတ်ကို တင်းသည်။ စင်္ကြံထိုင်ခုံမှာ အေးအေးလူလူ စာဖတ်နေသော အစ်မတို့အဖွဲ့ဆီသွားပြီး ဖိတ်ခေါ်လိုက်သည်။

“ဘဘနဲ့ အစ်မကြီးခင်ဗျာ ကျွန်တော့် ဧည့်ခန်းဆောင်ကို ကြွပါခင်ဗျား”

အစ်မ၏ အပြုံးက ချိုမြလှပါသည်။ ၀န်ထမ်းတစ်ယောက်၏ သောကဗျာပါရ၊ အမိန့်မလွန်ဆန်နိုင်မှုကို နားလည်ပေးထားဟန် ရှိသည်ဟု သူခံစားလိုက်ရသည်။ အဆမတန် ခုန်နေသော သူ့နှလုံးသားက တည်ငြိမ်စ ပြုသည်။ အထူးဧည့်ခန်းဆောင် ဆိုဖာဆက်တီမှာ သူနှင့်အစ်မ မျက်နှာချင်းဆိုင်။……..

သူ ကြေကွဲစွာပဲ အထူးဧည့်ဆောင်မှ သူ့ရုံးခန်းသို့ ပြန်လာလိုက်သည်။ အစ်မကတော့ မူလနေရာ ထိုင်ခုံကလေးဆီသို့။

အစ်မတို့ အဖွဲ့ ည ၉နာရီ ရထားကို စောင့်စီးမည်။ မရပါက နောက်တစ်နေ့ မနက် ၆နာရီရထားကို စောင့်မည်တဲ့။ အလွန်ပဲ ပြတ်သားပြီး နောက်ဆုတ်တွေဝေမှုမရှိသည့် ဆုံးဖြတ်ချက်က တက္ကသိုလ်ရိပ်သာလမ်း အိမ်က ထွက်ကတည်းက ပါလာဟန် ရှိသည်။

သူ သူ့ရုံးခန်းထဲ ပြန်၀င်လာသည်နှင့် စောင့်စားနေကြသော ပုဂ္ဂိုလ်ကြီးငယ်တို့ သူ့ထံပါး ပြေးကပ်လာသည်။ သူ့အဖြေရတော့ “တောက်” ဆိုသည့် အသံက ပီပီပြင်ပြင် ထွက်ချလာသည်။

“မရဘူး၊ လုံး၀မရစေရဘူး၊ လုပ်၊ လုပ် ရအောင် မောင်းထုတ်” နောက်ဆုံးတော့ အမိန့်က သူ့ဘက် ဦးတည်ချေပြီ။ “ခေါ် … သန့်ရှင်းရေးအဖွဲ့ကိုခေါ်၊ စင်္ကြံသန့်ရှင်းရေးလုပ်မယ်ဆိုပြီး ထိုင်ခုံတွေဖယ်၊ ပလက်ဖောင်းရေဆေးချ၊ လုပ် အခု လုပ်ခိုင်း”

သူ နာရီကိုကြည့်တော့ ၁၀နာရီထိုးပြီ။ ပုံမှန်အရဆိုလျှင် ခရီးသည်များ စင်္ကြံ ၁ ကနေ ထွက်ခွာပေးရမည်။ လုံခြုံရေး အကြောင်းပြချက်ဖြင့် လုံခြုံရေးအရာရှိဆို သူ၏ အမိန့်အရ ခရီးသည်များ ည ၁၀ နာရီကျော်လျှင် ပို့၊ ကြိုခွင့်မရှိတော့ ။ မမျှတ သော စည်းကမ်းချက်ဖြစ်သော်လည်း သည်အတိုင်း လက်ခံပေးလိုက်ရသည်ပဲ ဖြစ်သည်။

သူ့ သန့်ရှင်းရေးအဖွဲ့ စင်္ကြံပေါ်မှာ ရေပုံးတွေ၊ ရေပိုက်တွေဖြင့် စစ်ဆင်ရေး တစ်ရပ် ဆင်နွှဲတော့မည်ကဲ့သို့ ပြင်ဆင်နေသည် ကို သူစိတ်မချမ်းမြေ့စွာ ကြည့်နေရသည်။ သိပ်မကြာလိုက်၊ သူ့သန့်ရှင်းရေးခေါင်းဆောင် အဆောင်မှူး ရောက်လာသည်။

“ဘယ်လိုမှ ပြောလို့မရဘူး ဆရာ၊ ကျွန်တော် ပြောသမျှကို မကြားသလို လုပ်နေတယ်။ ပင်နီတိုက်ပုံ၊ လွယ်အိတ်လွယ်ထား တဲ့ ဘကြီးက မင်းတို့ ဗမာလူမျိုးဖြစ်ပြီး မမိုက်ရိုင်းနဲ့လို့ ပြောတယ် ဆရာ”

ဘဘကို သူ့တပည့် မသိ၍ ဖြစ်မည်။ ထိပ်တန်းရာထူးကြီးမှ မတရားဖယ်ရှားခံရသော ဘဘကတော့ ကျင့်သားရခဲ့သော မာန်မာနတွေ ရှိဦးမှာပါပဲ။ အဲသည် မာန်တွေ၊ ဦးမညွတ်မှုတွေ၊ ရင်ဆိုင်ရဲတွေ သတ္တိတွေ သူရချင်စမ်းလှသည်။

“ပြောလို့ရမှာ မဟုတ်ဘူး၊ အလွန်ခေါင်းမာတဲ့ဟာတွေ။ ကဲ … လုပ်စရာရှိတာသာ ဆက်လုပ်တော့” အမိန့်။ သူ့သန့်ရှင်းရေးအဖွဲ့၏ “ဟုတ်” ဆိုသည့် အသံက သူ့ရုံးခန်းလေးထဲမှာ ဟိန်းညံသွားလေသည်။ သန့်ရှင်းရေးအဖွဲ့က စင်္ကြံင်္ပေါ် ရေဖြန်းချတော့ အစ်မတို့ ခြေထောက်လေး ခုံပေါ်တင်ထားရတာကို စိတ်မချမ်းမြေ့စွာ မြင်နေရ သည်။ သူ့ရင်ထဲမှာ တဆစ်ဆစ် နာကျင်နေလေသည်။

“ဟာ …” သူဘယ်လိုမှ မထင်ထားသော ဖြစ်ရပ်။ အင်အားသုံးချေပြီ။ ချိုင်းနှစ်ဖက်ကို ဖမ်းကိုင်ဆွဲထုတ်ကြ၊ အတင်းအကျပ် ၀င်ဆွဲကြ နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ ဘဘလည်း ယက်ကန်ယက်ကန် ပါသွားချေပြီ။ ဟို လူငယ်လေးတွေ ခုနစ်ယောက် လည်း ဘာသားနှင့် ထုထားသည်မှတ်လို့။

ဟော … အစ်မနားကို အမျိုးသမီးတစ်ယောက် ပြေးကပ်ပြီး လက်ကိုင်ပဝါဖြင့် မျက်နှာကို ဆွဲအုပ်လိုက်တာကို မြင်လိုက်ရ သည်။ မျက်စိ တစ်မှိတ်အတွင်းမှာပဲ ပျော့ခွေ ကျသွားလေသည်။ စခန်းသာ ထွက်ပေါက်ဆီ ပွေ့ခေါ်သွားတာကို မြင်လိုက်ရ သည့် အခိုက်မှာ …။

သူ ကလေးတစ်ယောက်လို ချုံးပွဲချ ငိုပစ်လိုက်ချင်သည်။

သမိုင်းစာမျက်နှာထက်မှာ အမှောင်လွှမ်းသော နေ့တစ်နေ့ ရှိသွားခဲ့ပြီ။ အဲသည် စာမျက်နှာထက်မှာ သူ့အမည်လည်း ပါ၀င်နေ မည်။ သူ ဘယ်နေရာမှာ ရှိမည်လဲ။ ဖော့ဖော့ တွေးတွေးဖြင့် ဖိအားပေးခံရသူ၊ နှလုံးသားကို စတေးခံလိုက်ရသူ၊ အကျည်းတန်စာမျက်နှာသို့ တွန်းပို့ခံရသူအဖြစ် သတ်မှတ်ပေးလေမည်လား။

သည်ဖြစ်စဉ်အပြီးမှာ သူ ပြောင်းရွှေ့ခံလိုက်ရသည်ကိုလည်း အားလုံး သိစေချင်သည်။ ဖြစ်နိုင်လျှင် သူနှင့် ဆက်နွှယ်သော စာမျက်နှာထက်မှာ သူ့နှလုံးသား အစစ်အမှန်ဆီက ထွက်ကျလာသော စကားများကို ဖြည့်စွက်ပေးစေချင်ပါသည်။

ရဲသျှမ်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page