ဒုတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်အတွက် မျှော်လင့်ချက်ရောင်နီနဲ့ အောင်လံ တလူလူလွှင့်မယ့်ပွဲ

အောင်ပွဲဆီသို့ အောင်လံထူလျက်

ဒီနေ့က မြန်မာနိုင်ငံအတွက် တကယ်ကို မင်္ဂလာရှိတဲ့နေ့တနေ့ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အမေစုရဲ့ Conference Live အပြီးမှာပေါ့။ မနေ့ကညအထိ မြန်မာပြည်ဟာ အသက်ရှူကြပ်နေခဲ့ပါတယ်။ ကူးစက်လူနာ ၁၄၅ ယောက် စံချိန်တင်တွေ့တယ်။ နေ့စဉ် လူထောင်သောင်းချီ တွေ့နေတဲ့ သူများနိုင်ငံအတွက် မများပေမယ့် မြန်မာနိုင်ငံက ပြည်သူတွေအတွက်တော့ စိုးရိမ်စရာပါ။ Q စင်တာတွေမှာ လူတွေ ပြည့်နေပီ။ ရန်ကုန်ဆေးရုံကြီးမှာ သံသယလူနာတွေ ထားဖို့ နေရာအခက်အခဲတွေ ဖြစ်နေတယ်။ ဆေးရုံတွေမှာ ဆရာဝန်တွေက လူနာအများကြီးကို အလှ့ည်ကျ အားတင်းပီး ကုသနေရတယ်။ ဒီလိုအချိန်မှာပဲ ဝမ်းသာစရာအကောင်းဆုံး သတင်းတခုကို ကြေညာနိုင်ခဲ့ပါတယ်။

အဲဒါက ဘာလဲဆိုတော့ ဒီပိုးဟာ လူမှာ လက္ခဏာစတင်ပြသတဲ့အချိန်ကနေ ၁၁ ရက်ကြာပီးတဲ့နောက်မှာ တခြားလူတဦးကို ကူးစက်မှု လုံးဝမရှိနိုင်တော့ဘူးဆိုတာကို နိုင်ငံတကာပညာရှင်တွေက အတည်ပြုခဲ့ကြတာပါပဲ။ သဘောကတော့ ၁၁ ရက် ကျော်သွားချိန်မှာ ပိုးစစ်ရင် ပိုးတွေ့နိုင်သေးပေမယ့် အဲဒီပိုးဟာ တခြားလူကို မကူးစက်နိုင်တော့ပါဘူး။ ဒါကြောင့် Q ဝင်ရမယ့်ရက်ကို ၁၄ ရက်ကို ပြန်လည်လျှော့ချနိုင်ခဲ့ပီ ဖြစ်ပါတယ်။ လက်ရှိပြည့်ညှပ်နေတဲ့ Q စင်တာတွေ အတော်ချောင်သွားမှာဖြစ်သလို နောက်ထပ် ဝင်လာမယ့်သူတွေအတွက်လဲ အဆင်ပြေသွားပါမယ်။ မြေပြင်က ပရဟိတသမားတွေနဲ့ ထွေအုပ်တွေ အမတ်တွေ ကျန်းမာရေးဝန်ထမ်းတွေ အတော်အဆင်ပြေသွားပါပီ။

နောက်ထပ် အရေးကြီးအချက်ကတော့ ပိုးတွေ့လို့ ဆေးရုံတက် ကုသနေရတဲ့လူနာတွေဟာ အရင်ကဆို Swab test ၂ခါ Negative ဖြစ်မှ ဆေးရုံက ပေးဆင်းပီး အိမ်မှာ ၇ ရက် ဆက် Q ခိုင်းရပါတယ်။ အခုတော့ အဲဒီလို မလိုတော့ပါဘူး။ ရောဂါလက္ခဏာပြသည့်နေ့မှ ၁၀ ရက်၊ လက္ခဏာပျောက်ကင်းပီး ၄ ရက်ဆိုရင် ဆေးရုံက ပေးဆင်းလို့ရပါပီ။ သို့ပေမယ့် ဆေးရုံမှာတော့ ၁၄ ရက်တော့ အနည်းဆုံး နေရမှာဖြစ်ပါတယ်။ အကယ်လို့ လက္ခဏာမပြပဲ ပိုးတွေ့တဲ့ တိတ်တဆိတ် သယ်ဆောင်သူ ဆိုရင်တော့ ပိုးတွေ့ပီး ၁၄ ရက်နေရင် အိမ်ပြန်လို့ ရပါပီ။ အရင်ကလို Negative ၂ ခါ မထွက်မချင်း အကြိမ်ကြိမ် နှာခေါင်းကို ထိုးပီး တို့ဖတ်နမူနာ ရယူဖို့ မလိုတော့သလို ကျန်းမာရေးဘက်ကလဲ Negative ၂ ခါ မရမချင်း ဆေးရုံမှာ လနဲ့ချီပီး ကုသဖို့ မလိုတော့ပါဘူး။ လူနာဘက်ကော ဓာတ်ခွဲရတဲ့ဘက်ကကော ကျန်းမာရေးဝန်ထမ်းတွေဘက်ကကော အလွန်ကို သက်သာရရစေမယ့် ပြောင်းလဲမှုကြီးတွေပါ။ ဒီအချက်တွေဟာ လက်ရှိ ထိန်းချုပ်နေရတဲ့ ရောဂါပြန့်ပွားမှုကို တားဆီးရာမှာ အသာစီး ရသွားစေမယ့် အချက်တွေမို့ ပြည်သူတွေအတွက် အလွန် ဝမ်းမြောက်ရမယ့် အနေအထားပါပဲ။ ဒီဆုံးဖြတ်ချက်တွေကို ဒီနေ့မှာပဲ အမေစု ခေါင်းဆောင်တဲ့ အမျိုးသားအဆင့် ကြီးကြပ်ကွပ်ကဲ ထိန်းချုပ်ကာကွယ်ရေးကော်မတီက ချမှတ်ခဲ့ပါတယ်။

အခုအချိန်မှာ အကြီးအကျယ် ကူးစက်ပြန့်ပွားနေတာကတော့ ရန်ကုန်မြို့ဖြစ်ပီး ဒါကို ထိန်းချုပ်ဖို့က အဓိက ကြိုးစားရမှာပါ။ နယ်တွေမှာက အိမ်တွေနဲ့ သီးသန့်နေကြတာတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေနဲ့ ကားတွေ စီးကြလို့ အနေဝေးဝေးနေကြဖို့ အဆင်ပြေပေမယ့် ရန်ကုန်မှာက တိုက်ခန်းတွေ၊ လှေကားတွေ၊ YBS တွေ၊ မြို့ပတ်ရထားတွေမှာ စုပြုံတိုးနေရလို့ အဆင်မပြေလှပါဘူး။ ရန်ကုန်ကို ထိန်းချုပ်ဖို့ နည်းလမ်းတွေလဲ စဉ်းစားထားတာတွေ ရှိပါတယ်။ ပထမလှိုင်းမှာ ရန်ကုန်ကို သင်္ကြန်က ကယ်ခဲ့သလို အခုလဲ ပြန့်ပွားကူးစက်နေတဲ့ လမ်းကြောင်းကို ဖြတ်ဖို့ ၂ ပတ်ခန့် အချိန်ယူဖို့လိုပါတယ်။ ၂ ပတ်အတွင်းမှာ အပြင်ထွက်ဖို့ အရေးတကြီးမလိုတဲ့လူတွေက အိမ်ထဲကနေ တဖဝါးမခွာပဲ နေလိုက်ကြရင် ရောဂါကူးစက်မှုဟာ သိသိသာသာ ကျဆင်းသွားမှာပါ။ အဲဒီအချိန်မှာပဲ ကျန်းမာရေးဝန်ထမ်းတွေက အားကုန်ထုတ် ကုသနေကြလို့ ကူးစက်မှုကို အချိန်မှီ ထိန်းနိုင်သွားနိုင်ပါတယ်။ မကြာခင်မှာ ရခိုင်ပြန်တွေကို သတင်းစာထဲ လိပ်စာနဲ့ တကွ ကြေညာပါမယ်။ သိတဲ့သူတွေက အကြောင်းကြားပေးကြရင် အချိန်မှီ ထိန်းချုပ်နိုင်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။ ခြုံပြောရရင် ဒုတိယလှိုင်းကို ကာကွယ်ဖို့ လမ်းစကိုတော့ မြင်နေရပီဖြစ်ပါတယ်။ အောင်ပွဲဆီကို အတူတကွ စည်းကမ်းရှိရှိ သွားကြဖို့ပဲ ရှိပါတော့တယ်။

မနက်ဖြန် မနက် ၈ နာရီမှာ အမေစုက အောင်လံတွေ လွှင့်ကြဖို့ ဆော်သြထားပါတယ်။ တဖက်မှာ ရောဂါ ထိန်းချုပ်ရေးရဲ့ ရောင်နီကို မြင်လာရချိန်မှာ အလံထူမယ့်နေ့နဲ့ တိုက်ဆိုင်တာ ကွက်တိပါပဲ။ မြန်မာပြည်က ပြည်သူတွေဟာ ၂၀၂၀ မှာ၂၀၁၅ ထက်ကို ပိုပီး ပြောရဲဆိုရဲ လာကြတယ်။ မဲပေးခွင့် မဲဆွယ်ခွင့်တွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်လာကြတယ်။ ဖော်ထုတ်ရဲ လာကြတယ်။ ဒါတွေအားလုံးရဲ့ အစ ပထမဟာ ၁၉၈၈ ခုနှစ် သြဂုတ်လက ရန်ကုန်ဆေးရုံကြီးရှေ့က တိုင်ကီကြီးပေါ်တက်ပီး မြန်မာပြည်သူတွေကို လူ့အခွင့်အရေးပေးပါ။ လွတ်လပ်ခွင့်ပေးပါလို့ ဆော်သြခဲ့တဲ့ အကျီပွပွ ဝတ်ထားတဲ့ ပိန်ကပ်ကပ် အမျိုးသမီးလေး တဦးဆီက စတင်လာခဲ့တာပါ။ အနှစ် ၂၀ လုံးလုံး အကျယ်ချုပ်ထဲကနေ သူ ရဲရဲရင့်ရင့် နောက်မဆုတ်တမ်း တောင်းဆိုနေခဲ့တဲ့ အောင်မြင်မှုအသီးအပွင့်တွေပါပဲ။ အခုလို လွတ်လပ်စွာ မကြောက်မရွံ ပြောရဲလာအောင် ဖော်ပြရဲလာအောင် နည်းပေါင်းစုံနဲ့ ဖိနှိပ်မှုတွေကြားက မဗေဒါ အံကိုခဲပီး တောင်းဆိုခဲ့တဲ့ အမေစုဆိုတဲ့ သူမကြောင့်သာ ဒီအခွင့်အရေးကို ရလာတယ်ဆိုတာ ခေတ်ဆိုးကြီးကို ဖြတ်သန်းခဲ့ရတဲ့ ကျနော်တို့တွေက အသိဆုံးပါပဲ။ အဲဒီ အမှောင်ခေတ်ကြီးထဲမှာ ပြည်သူ့အတွက် ရပ်တည်ခဲ့တဲ့ ရှေ့ထွက်ခဲ့တဲ့ တခြားပါတီ ခေါင်းဆောင်တွေကို တယောက်မှ မမြင်ခဲ့ရပါဘူး။ အခုအချိန်မှာလဲ သူမဟာ ရောဂါဆိုးကြီးကြားမှာ မြန်မာပြည်ကြီး မပျက်စီးရလေအောင် အကောင်းဆုံး ကြိုးစားနေဆဲပါပဲ။

ဒါကြောင့် မနက်ဖြန်ရဲ့ နေ့သစ်မှာ အမေစုအတွက် အောင်လံကို လွှင့်ထူကြရင်းနဲ့ ရောဂါထိန်းချုပ်ရေး နည်းလမ်းအသစ်တွေနဲ့ အတူ ဒုတိယလှိုင်းကို အပြတ်တိုက်ထုတ်ကြပါစို့။ စည်းကမ်းရှိစွာ ဆွယ်ကြမယ်။ မကူးစက်အောင် ကာကွယ်ကြမယ်။ ကျနော်တို့ လက်ရှိမှာ လုပ်စရာက ၂ခုထဲရှိပါတယ်။ ရောဂါဆိုးကြီးကို တွန်းလှန်မယ်။ ရွေးကောက်ပွဲမှာ အမေ့ကို မဲပေးမယ်။ ဒါပါပဲ။ မနက်ဖြန်လွှင့်မယ့် အောင်လံဟာ ကျနော်တို့ တိုင်းပြည်ကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးကို တိုက်ဖျက်ဖို့နဲ့ ဒီမိုကရေစီ အောင်ပွဲတွေဆီ ချီတက်ကြမယ့် ခြေလှမ်းတွေ စတင်ဖို့ လွှင့်ထူလိုက်မယ့် ပထမဆုံး အောင်လံပဲ ဖြစ်ပါလိမ့်မယ်။

အောင်လံ တလူလူကြားမှာ ချစ်သော မြန်မာပြည်ဟာ ရောဂါကင်းစင် ကျန်းမာချမ်းသာပါစေကြောင်း……..

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page