ကိုဗစ်ရောဂါသည်တွေ ဆေးရုံမှာ ခုတင်မရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် တောင်းပန်
ကိုဗစ်ရောဂါသည်တွေ ဆေးရုံမှာ ခုတင်မရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် တောင်းပန်
ဆေးရုံတွေမှာ ခုတင်နေရာမရှိတာတွေနဲ့ပတ်သက်ပြီးတော့ တောင်းပန်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက်ပါတယ်။
ကိုဗစ်ဖြစ်ပွားမှုနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့ ဒီနေ့နိုင်ငံပိုင် မီဒီယာကနေ ပြည်သူကို အစီရင်ခံစာတင်ပြတဲ့ မိန့်ခွန်းမှာ အတိုင်ပင်ခံက ထည့်သွင်းပြောကြားခဲ့တာပါ။
“အရေးကြီးတာက ရောဂါလက္ခဏာပြတာနဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနကို သွားဖို့ပါ။ တချို့က သွားတယ်ပေါ့။ ဆေးရုံတွေကိုသွားတဲ့ အခါကျတော့ ခုတင်တွေတောင်မှ နေရာမရှိဘူးလို့ ဆိုကြတယ်။ ဒါလည်းတစ်ချို့ နေရာတွေမှာ ဖြစ်တာမှန်ပါတယ်။ အဲဒီအတွက်လည်း ကျွန်မတောင်းပန်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါကြောင့် တခြားဌာနတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထူထောင်ထားတဲ့နေရာတွေမှာ နေရာ လုံလုံလောက်လောက်ဖြစ်အောင် စီစဉ်နေတယ်လို့ အတိုင်ပင်ခံက ပြောခဲ့ပါသေးတယ်။
ဒီနေ့ညပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၁၈၇၈၁)ယောက်ရှိနေပြီး အဲဒီထဲမှာပြန်ကောင်းမွန်တဲ့သူ (၅၅၄၈)ယောက်နဲ့ သေဆုံးသူ(၄၄၄)ယောက်ရှိနေပါတယ်။