ကိုဗစ်ကူးစက်မှုတွင် တရုတ်ပြည်ထက် အမေရိကန်က ၂ ပတ်စောနေကြောင်း အထောက်အထားများ တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ တရုတ်နိုင်ငံ မတိုင်မီ အမေရိကန်၌ ဖြစ်ပွားခဲ့ကြောင်း သုတေသနပြုတွေ့ရှိ။ ကိုဗစ်ရောဂါပိုးမှာ အမေရိကန်က တရုတ်ထက် ၂ ပတ်ကျော် စောပြီး အီတလီတွင် စက်တင်ဘာတည်းက ရှိနေကြောင်း အထောက်အထားထွက်ပေါ်

သုတေသနလေ့လာမှု့တစ်ခုအရ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာများ တွေ့ရှိရခြင်းမှာ တရုတ်နိုင်ငံက ၎င်းရောဂါဖြစ်ပွားမှုကို တရားဝင်ကြေညာခြင်း မတိုင်မီက ဖြစ်နေသည်ဟု တောင်တရုတ်မနက်ခင်းသတင်းစဥ် က ယနေ့ရေးသားခဲ့ပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ သိပ္ပံပညာရှင်များသည် ဒီဇင်ဘာ ၁၃၊ ၂၀၁၉ ရက်နေ့တွင် အမေရိကန်၌ ထုတ်ယူခဲ့သော သွေးနမူနာများ၌ ကိုဗစ် ဗိုင်းရပ်စ်ပိုးအား တုန့်ပြန်သည့် Anti-body ပဋိပစ္စည်းများ၏ အထောက်အထားများကို တွေ့ရှိခဲ့ကြောင်း CDC က တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။

အဆိုပါ သွေးနမူနာများမှာ တရုတ်နိုင်ငံက ဝူဟန်စီရင်စု၌ ကူးစက်မှုဖြစ်ပွားကြောင်း တရားဝင်ကြေညာသည့် ဒီဇင်ဘာ ၃၁ ရက် ၂၀၁၉ ခုနှစ် မတိုင်မီ၊ ရက်သတ္တ ၂ ပတ်ကျော် စော၍ ထုတ်ယူခဲ့ခြင်းဖြစ်ပြီး အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားကြောင်း ပထမဆုံးအတည်ပြုနိုင်သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ထက်လည်း တစ်လမျှ စော၍ နေကြောင်း သိရှိရပါတယ်။

၎င်း သွေးခဲရည်ကြည်များတွင် ပဋိပစ္စည်းများ ရှိနေခြင်းမှာ သီးခြား SARS-CoV-2 ရောဂါပိုးကူးစက်မှုသည် အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း၌ ယခင်အသိအမှတ်ပြုထားသည့် ရက်ထက် စောကြောင်း ညွှန်ပြလျှက်ရှိသည်ဟု CDC သိပ္ပံပညာရှင်များက သုတေသန စာတမ်း၌ ရေးသားထားပါတယ်။

လွန်ခဲ့သည့် နိုဝင်ဘာလတွင် အီတလီနိုင်ငံ၏ သတင်းထုတ်ပြန်ချက်များအရ ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက ထုတ်ယူခဲ့သည့် သွေးနမူနာများ၌လည်း အလားတူပင် ကိုဗစ် ရောဂါပိုးအား တုန့်ပြန်သည့် Anti-body ပဋိပစ္စည်းများ ပါရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၏ ဒေါ်နယ်ထရမ့်အစိုးရသည် ရောဂါကူးစက်ခြင်း၊ ကပ်ရောဂါ မွှေနှောက်ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် မကြာခဏ အပြစ်တင်လေ့ရှိပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ၎င်းရောဂါအကြောင်း ပြောဆိုသည့်အခါ ” တရုတ်ဗိုင်းရပ်စ် ” ဟု တစ်ခါတစ်ရံ ရည်ညွှန်းသည်အထိ ဖြစ်ခဲ့ပါတယ်။

Oung Marine

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page