လူစုလူဝေး မလုပ်ရဆိုတဲ့ ကိုဗစ်တားမြစ်ချက်တွေ အသက်မဝင်တဲ့ အခွန်ရုံးဧရိယာ (ကူးမယ်ဆိုရင်တော့ အစုလိုက် အပြုံလိုက်ပဲ)

သက်သာတဲ့အခွန် နဲ့ ကိုဗစ်(ပေါ့စတစ်) လဲကြမလားဗျို့

ကုမ္ပဏီအစုရှယ်ယာ ထည့်ဝင်ငွေတွေ၊ အိမ်ခြံမြေဝယ်တာတွေ၊ မော်တော်ကား အမည်ပြောင်းတာတွေ အပေါ်မှာ သက်သာတဲ့ အခွန်နှုန်း ၃% နဲ့ ပေးထားတဲ့ ကာလကလည်းမကြာခင် ကုန်ဆုံး တော့မှာပါ။

ဘယ်တော့ကုန်ဆုံးမလဲဆိုရင် လက်ရှိလကုန်ရင်ဘဲ၃% ကနေ ၆% ကို ပြောင်းလဲတော့မှာပါ။ သက်သာတဲ့၃%အခွန်နှုန်း ကိုခွင့်ပြုပေး ထားတဲ့ အချိန်က သိပ်မကျန်တော့ပါ။ ရက်ပိုင်းလောက်သာ ကျန်တော့တဲ့ အချိန် မှာ သက်သာတဲ့အခွန်နှုန်းနဲ့ အခွင့်အရေးလေး မဆုံးရှုံးရအောင် အခု တစ်လော အခွန်ရုံးတွေမှာ သဲသဲလှုပ်မျှ အခွန်လာဆောင်နေကြပြီး မြန်မာ့စီးပွားရေးဘဏ်မှာလဲ လူအပြည့်ပါဘဲ ၊

လူစုလူဝေး မလုပ်ရ ဘူးဆိုတဲ့ ကိုဗစ်တားမြစ်ချက်က အခွန်ရုံးတွေမှာ အလုပ်မဖြစ်တော့ ဘူး လားလို့ဆိုရတော့မလိုပါဘဲ၊ အခုတစ်လောမှာလည်း ကိုဗစ်ပေါ့စတစ် လူနာတွေက ဒီရေလို တစ်ရိပ်ရိပ်တက် နေတာတွေ့ရပြီး သေဆုံးတဲ့ လူနာများကလည်းမနည်းလှတော့ပါ။ ဒါပေမဲ့ အခွန်သက်သာခွင့် ပေးထားတဲ့ အချိန်ကလည်း သိပ်မကျန်တော့လို့ ပြည်သူတွေ ခမျာ မှာလည်း အခုအချိန်မှာ သက်သာတဲ့အခွန်ကို ကိုဗစ်(ပေါ့စတစ်) နဲ့အလဲ အထပ်လာလုပ် နေသလား လို့တောင်ထင်နေရပါတယ်။

ပိုလို့ စိုးရိမ်စရာ ကောင်းတာကတော့ အခွန်ရုံး တွေက အခွန်ဝန်ထမ်းတွေ ခမျာမှာလည်း နေ့စဉ်နှင့်အမျှ ကိုဗစ်ကူးစက်ခံ နေရပါပြီ၊ တစ်နေ့ထက် တစ်နေ့ တစ်ရုံး ပြီးတစ်ရုံး၊ တစ်ယောက်ပြီး တစ်ယောက် အကူးခံနေရပါပြီလို့ … နေ့စဉ် သတင်းတွေကြားကြားနေရပေမဲ့ အခွန်ထမ်းပြည်သူတွေရဲ့ အကျိုးကို ကြည့်ပြီး တစ်ဝက်တက် တစ်ဝက်နားစနစ်နဲ့ အန္တရာယ် တောထဲမှာ ဆက်လက် ဖြတ်သန်းနေရတယ် ကြားရလို့ ၊ ကျနော့ရဲ့ တပည့်ဟောင်း များရဲ့အဖြစ်ကို စိတ်မကောင်းဖြစ်နေ ရပါတယ်၊ စိတ်မကောင်းရုံက လွဲလို့ ကျနော်ဘာမှ လုပ်မပေးနိုင်တာကိုဘဲ ပိုလို့တောင် စိတ်မကောင်းဖြစ်မိပါတယ်။

အခုလိုအချိန်အခါမျိုးမှာ အခွန်ပေးကြမဲ့ အခွန်ထမ်းပြည်သူတွေဘဲဖြစ်ဖြစ်၊ အခွန်ဌာနက အခွန်ဝန်ထမ်း တွေ ဘဲ ဖြစ်ဖြစ် ကိုဗစ်(ပေါ့စတစ်)နဲ့ ဘယ်လိုမှ မလဲသင့်ပါ။ ဒီတော့ နှစ်ဦး နှစ်ဖက် စလုံး အကျိုးရှိစေမဲ့စီမံခန့်ခွဲမှုတစ်ခုတော့ တာဝန်ရှိသူတွေက စဉ်းစားပေးဖို့ လိုနေပြီတိုက်တွန်းချင်ပါတယ်။ ဘာတွေလုပ်ပေးသင့် လဲလို့ မေးကောင်းမေးလာမယ်ဆိုရင်တော့….

ကိုဗစ်(ပေါ့စတစ်) တိုးနေတဲ့ အခုချိန်ကစလို့ ကူးစက်မှု တည်ငြိမ် သွားတဲ့ အချိန်ကာလအထိ ( အနည်းဆုံးတစ်လလောက်အချိန်ထိ) အောင် အခွန်ရုံးများကို ယာယီပိတ်ထားပေးရပါမယ်။ ရုံးတွင်း လုပ်ငန်း တွေ လစ်ဟင်းမှာစိုးလို့ မပိတ်ထားရင်တောင် ပြည်သူလူထုနဲ့ ဆက်ဆံ ရတဲ့ အခွန်ကောက်ခံတဲ့ လုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်ထား ပေးရ ပါမယ်၊ အခွန်ထမ်းပြည်သူတွေမနစ်နာအောင် ၃% အခွန်နှုန်းနဲ့ အခွန် သက်သာခွင့်ပေးထားတဲ့အချိန်ကိုလည်း ကာလတစ်ခု အထိ ထပ်တိုး ပေးထားပေးရပါမယ်။

နောက်ပြီး မကြာမီလုပ်ကြရတော့မဲ့ ဘဏ္ဍာနှစ်ကုန်ဆုံး ချိန်မှာ ပေးကြရ မဲ့ အခွန်ငွေတွေနဲ့ အခွန်ကြေညာလွှာတွေအားလုံးကိုလည်း အချိန် တစ်ခုခု ထိရွေ့ထားပေးရပါမယ်လို့ဘဲ ပြောဖြစ်မှာပါ ။

ကိုဗစ်ကပ်ဆိုးကြီးမှအမြန်လွတ်ကင်းနိုင်ကြပါစေ…..

ဦးထွန်းသန်း
ညွန်ကြားရေးမှူး (ငြိမ်း)
ပြည်တွင်းအခွန်များဦးစီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page