မြန်မာလူမျိုးတွေကို ကိုဗစ်ထက် ပိုပြီး ဒုက္ခပေးနေတဲ့ ရောဂါများ

မြန်မာလူမျိုးတွေကို ကိုဗစ်ထက် ပိုပြီး ဒုက္ခပေးနေတဲ့ ရောဂါများ

အခုကိုဗစ်သတင်းတွေမှာ သေသူကြည့်လိုက်ရင် အသက် ၄၀-၅၀ နဲ့ ဆီးချို သွေးတိုးအခံရှိသူ ဆိုတာများတယ်။ ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ထင်လဲ။ ကိုဗစ်ကိုပြောတာမဟုတ်ဘူးနော်။ ငယ်ငယ်လေးတွေနဲ့ ဆီးချိုသွေးတိုးဖြစ်တာပြောတာ။

အရင်က လူတစ်ယောက်ဟာ ၆၀ ကျော် မှာ အဖြစ်များရာက အခုနောက်ပိုင်း ၃၀ ကျော်လေးတွေမှာ လာဖြစ်တာ သတိထားမိလာတယ်။ ကိုယ့်သူငယ်ချင်းတွေမှာပါ ဖြစ်လို့ သိလာတာ။ ကံဆိုးလို့ပါကွာတို့ သူ့အလိုလိုဖြစ်လာတာတို့ လာမပြောနဲ့။ လုံးဝ လုံးဝမဟုတ်ဘူး။

အဆိုးဆုံးပြဿနာက အစားအသောက်ပဲ။ အခုခေတ် ကောင်းတယ်ဆိုပြီး ညွှန်းကြတဲ့ အစားအစာတွေ ဆိုင်တွေကြည့်လိုက် သကြားတွေ မတရားထည့်လို့ ချိုရဲနေတာရယ် အချိုမှုန့်တွေစွတ်ထည့်လို့ စားကောင်းနေတာရယ် ငရုတ်သီးမှုန့် နိုင်းချင်းနဲ့ စပ်ဖြဲနေတာရယ် ဒါမျိုးမှ ဒီဆိုင်က ကောင်းတာဆိုပြီးညွှန်းတာ။ မယုံရင် အစားအသောက်ဂရုတွေထဲသွားကြည့်

အပြင်မှာနာမည်ကြီးပြီး ဆိုင်ခွဲတွေ စွတ်ခွဲနေတာကြည့်လိုက်အုံး။ ချိုရဲနေလို့ အရမ်းကောင်းတာပဲဆိုတဲ့ မြန်မာမုန့်ရယ်၊ အချိုမှုန့်မတရားထည့်ပြီး ကောင်းတယ်ဆိုတဲ့ကြေးအိုးရယ်၊ ရေလုံပြုတ်စားရတဲ့ဟော့ပေါ့ကို အရသာကောင်းအောင် အချိုမှုန့်တွေ ငရုတ်သီးတွေစွတ်ထည့်လို့ ကြိုက်ကြ ရောင်းကောင်းကြတဲ့ ဟော့ပေါ့တွေရယ် စပ်ဖြဲနေတဲ့ မာလာရှမ်းကောနဲ့ အစပ်တကာ့ အစပ်ဆုံးဆိုင်တွေရယ်

ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အစားအစာမျိုးကျ အရသာမရှိဘူး၊ ပေါ့တယ်၊ မစားဘူးဆိုတာ လာတာ။ ဒီတော့လဲ သွေးတိုး၊ ဆီးချို၊ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာဆိုတာ မဆန်းတော့ဘူး။ တကယ့်ကို ငယ်ငယ်လေးတွေဖြစ်ကြတာ။

ဒုတိယပြဿနာကတော့ ကိုယ်လက်လှုပ်ရှားနည်းလာတာ။ ပိုက်ဆံရှိကြတယ် ချမ်းသာကြတယ်လေ။ ဒီတော့ ငါစားနိုင်တာပဲဆိုပြီး တမြို့လုံး တနိုင်ငံလုံးလှည့်ပတ်စား၊ ပြီးရင် လမ်းကမလျှောက် ကားပေါ်ကတက် ကားပေါ်ကဆင်း။ ကိုယ်သွားမဲ့နေရာ တည့်တည့်မှ ကားမရပ်ရရင် ရန်က ဖြစ်ရသေးတာ၊ တခြားလမ်းသွားရပ်ပြီး လမ်းလျှောက်ပေါ့ဗျာ မဟုတ်ဘူး တည့်တည့်မှ တည့်တည့်၊ နည်းနည်းလေးများ လျှောက်ရပြီဆို ပတ်ပြီး ကွိုင်ရှာတော့တာ။ တိုက်ပေါ်ဆိုတော့လဲ အထပ်မြင့်ရင်တောင် ဓါတ်လှေကားလေးနဲ့မှ။ လှေကားနဲ့များ ၄-၅ ထပ်ဆို လျှာက တတောင်လောက် ထွက်ချင်နေပြီ။ လေ့ကျင့်ခန်းလုပ်ဖို့လား၊ မောပါတယ်ဆိုမှ လှည့်ကိုမကြည့်တာ။ ဒီတော့ အဝလွန်လာမယ်၊ နှလုံး သွေးတိုး ဆီးချိုဖြစ်လာမယ်။

တတိယပြဿနာကတော့ အရက် ဆေးလိပ်ပေါ့ဗျာ။ အများကြီး မပြောတော့ဘူး၊ သိပြီးသားကိုး။ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း သောက်သုံးသူ ဘယ်လောက်တိုးလာတယ် လူတိုင်းသိတယ်။

စတုတ္ထအချက်က သောက်ချင်သလိုသောက်နေတဲ့ တိုင်းရင်းဆေးနဲ့ နိုင်ငံခြား အားဆေးတွေ၊ ဟိုဟာကောင်းဆေးတွေ။ ကြော်ငြာကောင်းတိုင်း စွတ်မလုပ်နဲ့၊ ဆေးဆိုတာ သဘာဝမဟုတ်လို့ ဘယ်ဟာမှ မလိုဘဲ မသောက်ရဘူး။ ဆရာဝန်တွေကအစ စွတ်ညွှန်းနေတာခက်တယ်။

ပဉ္စမအချက်ကတော့ စိုက်ပျိုးရေးမှာ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ မွေးမြူရေးမှာ ဟော်မုန်းတွေ ဆေးတွေ လှိုင်လှိုင်သုံးလာခြင်းပဲ။ အထွက်တိုးတယ်။ လူကိုလဲ ထိတယ်။

နောက်ဆုံးတစ်ချက်ကတော့ အသင့်စား အစားအစာတွေ မတရားစားလာကြတာပဲ။ ခေါက်ဆွဲထုတ် ဝက်အူချောင်း အသားလုံး အသားပြားတွေ၊ စတိုးဆိုင်ပေါ်က အသင့်စား လေပေါင်းထုတ်တွေ ဟင်းတွေ၊ အချိုရည်တွေ၊ နိုင်ငံခြားက ကောင်းလှတယ်ဆိုတဲ့မုန့်တွေ၊ နို့မှုန့်တွေ။ လတ်ဆတ်တဲ့ အသားငါးဝယ်လို့လွယ်တာတောင် ငါပိုက်ဆံရှိလို့စားနိုင်တာဆိုပြီး နိုင်ငံခြားက လာတာမှ ကြိတ်တာမျိုး။ စားလို့သောက်လို့တော့ကောင်းတာပေါ့။ ပြီးရင်တော့ အသက်ငယ်ငယ်နဲ့ ကင်ဆာကြပေါ့။

အခုပြောနေတာ ခြောက်တယ်မထင်နဲ့။ မြန်မာနိုင်ငံမှာ တကယ်ကြီး ဖြစ်နေတာ ပြောနေတာ။ ကြိုက်တဲ့ဆရာဝန်မေး၊ ငယ်ငယ်လေးနဲ့အဖြစ်များလာတာ ဆရာဝန်တိုင်းသိတယ်။

ဘယ်လောက်ထိန်းထားထိန်းထား ငယ်ငယ်လေးဖြစ်ရင် စောစောသေဖို့ များတယ်။ နာတာရှည်ရောဂါဆိုတာ ခန္ဓာကိုယ်ကို တဖြည်းဖြည်းဆိုးလာစေတယ်၊ သွေးကြောတွေမာလာမယ် ကလီစာတွေပျက်ဆီးလာမယ်၊ နှလုံးသွေးကြောနဲ့ ဦးနှောက်သွေးကြောတွေ ကျဉ်းလာမယ်၊ အဲ့လိုဖြစ်နေတာ မျက်စိနဲ့မြင်နေရတာ မဟုတ်တော့ မကြောက်ကြဘူး။ ဒါပေမယ့် တစ်ချက်လွတ်တာ၊ မှားတာနဲ့ သေမှာပဲ။

အမှန်က ကိုဗစ်မှမဟုတ်ဘူး၊ သေမှာကြောက်ကြတာ။ ဒါပေမယ့် မျှင်းသတ်တာကို မကြောက်သလို အရသာချိုချိုလေးနဲ့ သတ်တာကိုလဲ မသိကြဘူး။ အပျင်းရောဂါက သတ်နေတာလဲ မသိကြဘူး။ ထိန်းနိုင်တဲ့သူက ရေရှည်မှာ ကျန်းမာမယ်၊ လက်မထောင်နိုင်မယ်။ မထိန်းတဲ့သူကတော့ သူများတွေ သာယာနေချိန်မှာ ဆေးရုံကုတင်နဲ့ နှစ်ပါးသွားရမှာပဲ။ အခုလို ကိုဗစ်လိုမျိုးလာလဲ ကြောက်ပြီးတုန်နေရမှာပဲ။ ဆင်တုတ်ကွေးဝင်လဲ လှိမ့်နေမှာပဲ။

ကိုယ့်ဦးနှောက်နဲ့ ကိုယ့်ထိန်းချုပ်မှုကပဲ ရေရှည်မှာ ကိုယ့်ကို ကယ်နိုင်မှာ။ တကယ်ချစ်ရင် ပညာနဲ့ယှဉ်ဖို့ လိုတယ်။

ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page