ကိုဗစ်ဒုတိယလှိုင်းပြီး နောက်ထပ်လှိုင်းများ လာမည်၊ ကာကွယ်ဆေး‌ပေါ်ပြီးမှသာ စိတ်ချရမည်ဟု ဝန်ကြီးပြော

ကိုဗစ်ဒုတိယလှိုင်းပြီး နောက်ထပ်လှိုင်းများ လာမည်၊ ကာကွယ်ဆေး‌ပေါ်ပြီးမှသာ စိတ်ချရမည်ဟု ဝန်ကြီးပြော

ယခု ကိုဗစ် ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ကူးစက်မှု လှိုင်းများ ရှိလာနိုင်ကြောင်း၊ ဒုတိယလှိုင်း ပြီးဆုံးပြီးနောက်လည်း ပြည်သူများအနေနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆက်လက်လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပြီး ကမ္ဘာပေါ်တွင် ထိရောက်အစွမ်းထက်သော ကာကွယ်ဆေးများ ပေါ်ထွက်လာပြီး ပြည်သူများ ထိုးနှံပြီးမှသာ ကိုဗစ် ကူးစက်မှုလှိုင်းများ ထပ်မံမဖြစ်ပွားတော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

မိမိတို့နိုင်ငံတွင် ကိုဗစ် ကပ်ရောဂါကူးစက်မှု ပထမလှိုင်း ဖြစ်ပွားပြီးနောက် ရောဂါ ကာကွယ်ရေး နည်းလမ်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခဲ့ကြောင်း၊ ကိုဗစ်သည် အသက်ရှူလမ်းကြောင်းမှ ကူးစက်ဖြစ်ပွားခြင်း၊ ရောဂါဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲမှုများရှိနေခြင်း၊ ရောဂါကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမရှိသူများ ရှိခြင်း စသည့် အချက်များကြောင့် သတိထားရမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ရှင်းပြပါတယ်။

သို့ဖြစ်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ထိရောက်သော ကာကွယ်ဆေးမပေါ်မီအချိန်အထိ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် လုပ်ဆောင် ရမည်ဖြစ်ကြောင်း ဝန်ကြီးက သတိပေးပါတယ်။ ပြည်သူများအနေဖြင့်လည်း ပေါ့ဆမှု (လုံးဝ) မရှိဘဲ ရှေ့ဆက်လက်၍ ရောဂါကာကွယ်ရေး နည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြစေလိုကြောင်း ဒေါက်တာမြင့်ထွေးက ပန်ကြားလိုက်ပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့က COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အကြံပေးအဖွဲ့များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်စဉ် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် မိမိအိမ်တွင်သာ နေထိုင်ရေး (Stay at Home) အစီအစဉ်ဖြင့် လုပ်ဆောင်နေသော်လည်း အမှန်တကယ် လိုက်နာဆောင်ရွက်မှသာ နှစ်ပတ်ကြာ ကာလတွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာမည်ဖြစ်ကြောင်း၊ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများလည်း လာမည့် (၂၄) ရက်နေ့မှစ၍ ခေတ္တ ပိတ်ထားမည်ဖြစ်၍ ကူးစက်မှုများ ကျသွားမည်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရပါတယ်။

ဆက်လက် ဖွင့်လှစ်ခွင့်ရရှိသော စက်ရုံ၊ အလုပ်ရုံများကိုလည်း ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်ခြင်း ရှိ၊ မရှိအား တင်းကြပ်စွာ စိစစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနာ (၄၀၀) ထားရှိနိုင်သည့် COVID-19 ကုသရေးဌာန (သုဝဏ္ဏ)တွင် (၂၀) ခုတင်ပါဝင်သည့် အထူးကြပ်မတ်ကုသ (ICU) ဆောင်နှင့် ခုတင် (၈၀) ပါဝင်သည့် High Dependency Unit တို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ အောင်မြင့်မိုရ်အိမ်ရာတွင် ခုတင် (၁,၅၀၀) ပါဝင်သည့် ယာယီ ဆေးရုံကိုလည်း တည်ဆောက်လုပ်ဆောင်နေပါတယ်။

“နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြု အားဖြည့်ဆောင်ရွက်နိုင်ရေး အဖွဲ့” ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာကျော်မြင့်က COVID-19 သည် လုံးဝပပျောက်သွားခြင်းမျိုးမရှိဘဲ ကမ္ဘာပေါ်တွင် ဆက်လက်ရှိနေဦးမည် ဖြစ်သဖြင့် ရောဂါကာကွယ်ရန်အတွက် မိမိတို့အားလုံးသည် နေထိုင်မှုပုံစံအသစ်ဖြင့် လိုက်လျောညီထွေ စွာ နေထိုင်သွားရမည် ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page