ပန်းဝင်ကြတော့မယ့် ကိုဗစ်ကာကွယ်ဆေးပြိုင်ပွဲနဲ့ ကမ္ဘာကြီး အရင်လို ပြန်ဖြစ်မယ့် အချိန်

ပန်းဝင်ကြတော့မယ့် ကိုဗစ်ကာကွယ်ဆေးပြိုင်ပွဲနဲ့ ကမ္ဘာကြီး အရင်လို ပြန်ဖြစ်မယ့် အချိန်

ကာကွယ်ဆေးဟာ လေးပတ်ကနေ ရှစ်ပတ်အတွင်းရမယ်လို့ ထရမ့်က အင်တာဗျူးမှာ ပြောသွားပြန်ပါတယ်။

‌ဒေါက်တာဖောက်ချီ ကဘာပြောသလဲ?

အမေရိကန်ရဲ့ ကိုဗစ်ဂရုကြီး ဒေါက်တာဖောက်ချီက အမေရိကန်ရွေးကောက်ပွဲနေ့မှာ ကာကွယ်ဆေးရမယ်ဆိုတာ ဖြစ်နိုင်ဖွယ်မရှိပေမယ့် သီအိုရီအရတော့ ရနိုင်ပါတယ်လို့ မှတ်ချက်ပြုထားပါတယ်။

သဘောက အားလုံးထရမ့်လက်ထဲမှာရှိတယ်။ အခုအချိန်မှာ သူကလက်ရှိသမ္မတမို့ သူလက်ညှိုးညွှန်ရာ ရေဖြစ်နေတဲ့အချိန်ပါ။ သီအိုရီအရ ရနိုင်တယ်ဆိုတာက FDA အနေနဲ့ အခုလက်ရှိစမ်းသပ်ချက် Phase 3 အဖြေကိုကိုင်ပြီး အရေးပေါ်ခွင့်ပြုပေးနိုင်တဲ့သဘောပါ။

ဘီလ်ဂိတ်ဘာပြောသလဲ?

ဘီလ်ဂိတ်ကတော့ ထရမ့်လက်ထက်မှာ FDA ဟာ သိက္ခာအတော်ကျသွားတယ်လို့ ဆိုလိုက်ပါတယ်။ ဘီလ်ဂိတ်က ကူးစက်ရောဂါဌာန CDC လည်းထို့အတူပါပဲတဲ့။ နိုင်ငံရေးရဲ့ သားကောင်တွေဖြစ်ကုန်ကြတယ်လို့ အင်္ဂါနေ့က ဘလွန်းဘတ် နဲ့ ဆွေးနွေးရာမှာ ထည့်ပြောသွားခဲ့တာပါ။

FDA ဟာ ကိုဗစ် အတွက် သွေးရည်ကြည်ကုထုံးကိစ္စကို ဩဂတ်စ်လကုန်မှာ ပြောတုန်းကလည်း တကယ်ထိရောက်မှုရှိတာထက်ပိုပြောခဲ့ပြီး လူတွေကိုအကောင်းမြင်အောင်လုပ်ယူခဲ့တယ်လို့လည်းဆိုလိုက်ပါတယ်။ အခုလိုထရမ့်က ကာကွယ်ဆေးမကြာခင်ရမယ်ပြောနေပေမယ့် ဘယ်ဆေးလဲဆိုတာ ထည့်မပြောသွားပါဘူး။

New England Journal of Medicine က ဆောင်းပါးတစ်ခုမှာ ထရမ့်ရဲ့ ကာကွယ်ဆေးအမြန်ရရေး Operation Wrap Speed အကြောင်းထည့်ရေးထားပါတယ်။ အမေရိကန်အစိုးရရဲ့တကယ့်ဦးတည်ချက်က ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကာကွယ်ဆေးကို တကယ်အသိအမှတ်ပြုပြီးလူတွေလက်ထဲထည့်ပေးနိုင်ဖို့ ဖြစ်ပါတယ်တဲ့။

အောက်စဖို့တက္ကသိုလ်က ကာကွယ်ဆေးနဲ့ပတ်သက်လို့ …..အဲ့ဒီအချိန်မှာပဲ အမေရိကန်မှာ အောက်စဖို့တက္ကသိုလ်ရဲ့ ကာကွယ်ဆေးစမ်းသပ်မှုကို ယာယီရပ်တိုင်းထားရာက ပြန်မစတင်ရသေးပါဘူး။ အမေရိကန်တွေက ယူကေနိုင်ငံကပြန်ခွင့်ပြုပြီဆိုပေမယ့် သူတို့ဘာသာစစ်ဆေးပြီးမှ အမေရိကန်နိုင်ငံမှာ ပြန်လုပ်ခွင့်ပေးမှာမို့ စမ်းသပ်မှုကိုရပ်ဆိုင်းထားခိုင်းဆဲပါ။

အဲ့ဒါကြောင့် ကျနော်ကမနေ့က ထွက်နေတဲ့ ၁၀၀% အောင်မြင်ပြီဆိုတဲ့သတင်းဟာ သတင်းမှားလို့ပြောတာပါ။ အောက်စဖို့တက္ကသိုလ်ရဲ့ ကာကွယ်ဆေးကို လိုင်စင်ရထားတဲ့ အက်စထရာ ကတော့ ဘာပဲဖြစ်ဖြစ် ဒီနှစ်မကုန်ခင်အသိအမှတ်ပြုရဖို့ ကြိုးစားမယ်လို့ ဆိုထားပါတယ်။

ဂျွန်ဆင်ရဲ့ကာကွယ်ဆေးအခြေအနေ … အောက်စဖို့ တက္ကသိုလ်ရဲ့ကာကွယ်ဆေးကို ပြီးခဲ့တဲ့အပတ်မှာ ယူကေနိုင်ငံကအမျိုးသမီးတစ်ယောက်မှာ ဆိုးကျိုးတွေ့လို့ ယာယီရပ်ဆိုင်းတယ်လဲ သတင်းထွက်ရော စပိန်နိုင်ငံမှာ စမ်းသပ်နေတဲ့ ဂျွန်ဆင်ရဲ့ကာကွယ်ဆေးစမ်းသပ်မှုအစီအစဉ်ကနေ အစမ်းသပ်ခံမယ့်လူအချို့ဟာ အစမ်းမခံတော့ပဲ ငြင်းဆိုကုန်ကြပါတယ်။

ဂျွန်ဆင် ကတော့ သူတို့ရဲ့ Phase 2 စမ်းသပ်ဖို့ လူလုံလောက်သေးတယ်ဆိုပြီး ဆက်လုပ်နေပါတယ်။ ဂျွန်ဆင် ဟာ Phase 2 စမ်းသပ်မှုကို စက်တင်ဘာ ၂၂ မှာ အပြီးသတ်ရမှာပါ။

ပီဖစ်ဇာ နဲ့ ဘိုင်အိုအန်တက်ချ် ရဲ့ကာကွယ်ဆေးအခြေအနေ …ပီဖစ်ဇာ က အင်္ဂါနေ့ကပြောရာမှာ သူတို့ရဲ့ကာကွယ်ဆေးကို လူမှာစမ်းသပ်ရာမှာ အလယ်အလတ်နဲ့အနည်းငယ် ဘေးထွက်ဆိုးကျိုးတွေပြခဲ့တယ်လို့ဆိုပါတယ်။ အဓိကပြတဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာက ပင်ပန်းနွမ်းနယ်မှုဖြစ်ပါတယ်တဲ့။

ပီဖစ်ဇာ နဲ့ ဘိုင်အိုအန်တက်ချ် က စမ်းသပ်မှုရလဒ်အဖြေတွေကို အောက်တိုဘာလကုန်မှာ ရဖို့မှန်းထားပါတယ်တဲ့။ ဒါပေမယ့် အောက်တိုဘာ ၂၂ ရက်နေ့ FDA မီတင် meeting အမီတော့ မရနိုင်ဘူးတဲ့။ (သူတို့ဆီမှာလည်း နေပြည်တော်မီတင်အမီတွေဘာတွေရှိတယ်ထင်ပါရဲ့) မီခဲ့ရင်တော့ ကာကွယ်ဆေးအသိအမှတ်ပြုရဖို့မြန်ပြီး လူတွေလက်ထဲစောစောထည့်နိုင်မှာပါ။

မော်ဒါနာ ရဲ့အခြေအနေ … စတာထွက်ကတည်းက ရှေ့ဆုံးကပြေးခဲ့တဲ့ အမေရိကန်ကုမ္ပဏီ မော်ဒါနာ ရဲ့mRNA ကာကွယ်ဆေးဟာလည်း ဒီနှစ်ကုန်မှာရနိုင်ပါတယ်တဲ့။

ဒီနေရာမှာ ကျနော်တစ်ခုထည့်ပြောလိုတာက ပီဖစ်ဇာ ရဲ့ ကာကွယ်ဆေးဟာ (အပူချိန်အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) မှာထားပြီး သယ်ယူပို့ဆောင်ရမယ်လို့ သတင်းထွက်နေပါတယ်။ အဲ့ဒါဆို ဖြန့်ဖြူးရခက်ခဲနိုင်ပါတယ်။

နိုဗာဗက် ရဲ့ ကာကွယ်ဆေးအခြေအနေ … နိုဗာဗက် ရဲ့ ကာကွယ်ဆေးဟာ Phase 1 အခြေနေကောင်းပါသတဲ့။ နိုဗာဗက်ဟာ အိန္ဒိယက Serum Institute နဲ့ ကာကွယ်ဆေး dose သန်း ၁၀၀၀ ထုတ်ဖို့စာချုပ်ချုပ်လိုက်ပါတယ်။ အဲ့ဒီစာချုပ်အရ နိုဗာဗက် ဟာ ၂၀၂၁ နှစ်လည်အမီ ကာကွယ်ဆေး dose သန်း ၂၀၀၀ ထုတ်လုပ်မှာဖြစ်ပါတယ်။ Serum Institute ဟာကမ္ဘာမှာ အကြီးမားဆုံးကာကွယ်ဆေး ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး ၂၀၂၄ အထိ မနေမနားထုတ်လုပ်ပေးဖို့ အမှာစာတွေရထားပါသတဲ့။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဘာပြောလဲ?

WHO က ကိုဗစ် ကပ်ကနေ မူလအခြေအနေ normal life ကို ပြန်ရောက်ဖို့ ကာကွယ်ဆေးနဲ့ကယ်တင်ဖို့ဟာ ၂၀၂၂ ခုနှစ်မှဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ WHO ရဲ့ chief scientist ဖြစ်သူ Soumya Swaminathan က အင်္ဂါနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

normal life ပြန်ရောက်ဖို့ ၂၀၂၂ အထိကာကွယ်ဆေးကလုံလောက်မှာ မဟုတ်သေးဘူးလို့ ခန့်မှန်းလိုက်တာဖြစ်ပါတယ်။ လူတွေကလ၂၀၂၁ ဇန်နဝါရီမှာဘတကမ္ဘာလုံး ကာကွယ်ဆေးရပြီး မူလအခြေအနေအတိုင်းပြန်နေရတော့မယ်လို့ ထင်နေကြတယ်တဲ့။

WHO ရဲ့ အကောင်းဆုံးမျှော်မှန်းနိုင်တာက #အဲ့လိုမူလအခြေအနေပြန်ရောက်ဖို့ ၂၀၂၁ နှစ်လယ်ဟာ အစောဆုံးပါပဲတဲ့။ ၂၀၂၁ ခုနှစ် နှစ်ဆန်းကစပြီး ကာကွယ်ဆေးစမ်းသပ်မှုအခြေအနေရလဒ်တွေကို တစ်ခုပြီးတစ်ခုစကြားရပါလိမ့်မယ်တဲ့ခင်ဗျား။

ကျနော်အနေနဲ့ ကာကွယ်ဆေးသတင်းအစုံစုံကို စုစည်းသတင်းပေးပို့ခြင်း ဖြစ်ပါတယ်။ အာလုံးကျန်းမာပြီး ကိုဗစ် ဘေးကကင်းဝေးကြပါစေခင်ဗျား။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page