အမေရိကန်မှာ ကိုဗစ်ကူးစက်သူ လူနာအရေအတွက် ၉ သန်း ကျော်လွန်သွားပြီ
အမေရိကန်မှာ ကိုဗစ်ကူးစက်သူ လူနာအရေအတွက် ၉ သန်း ကျော်လွန်သွားပြီ
အမေရိကန်မှာ အတည်ပြုပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ စုစုပေါင်းအရေအတွက် ၉ သန်း ကျော်လွန်ခဲ့ပြီဖြစ်ပြီး ပြည်နယ်တိုင်းနီးပါးမှာ ကူးစက်မှုနှုန်းတွေ မြင့်တက်နေကြောင်း Johns Hopkins University မှ ဖော်ပြထားတဲ့ ဒေတာအချက်အလက်တွေအရ သိရပါတယ်။
အမေရိကန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၇ သန်းမှ ၈ သန်းကို သီတင်း ၃ ပတ်နဲ့ ပြည့်ခဲ့ပေမယ့် ယခု ကူးစက်လူနာ ၈ သန်းမှ ၉ သန်းကိုတော့ သီတင်း ၂ ပတ်ထဲနဲ့သာ ပြည့်ခဲ့ကာ ကူးစက်လူနာ ၁ သန်းထပ်တိုးမှုနှုန်း အမြန်ဆုံးဖြစ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံရှိ ပြည်နယ် ၄၇ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းတွေ မြင့်တက်နေပြီး သေဆုံးမှုနှုန်းတွေဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်ကထက် ၁၄ ရာခိုင်နှုန်း မြင့်တက်လာကာ နေ့စဉ်ဗိုင်းရပ်စ်ကူးစက် သေဆုံးသူ ပျှမ်းမျှ ၈၀၀ ကျော်ထိ ထပ်တိုးနေတယ်လို့ သိရပါတယ်။ ယခုဆိုရင်တော့ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ စုစုပေါင်း အရေအတွက်ဟာ ၂၃၅၁၅၉ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန်ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၉၄၀၀၀ ကျော်ထပ်တိုးလာပြီး ၎င်းရဲ့အရင်နေ့က တစ်နေ့တာအမြင့်ဆုံး ထပ်တိုးကူးစက်လူနာ ၉၁၂၉၅ ဦး စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၉၄၁၂၅ ဦး ထပ်တိုးလာခဲ့ပြီး ကူးစက်လူနာ စုစုပေါင်း ၉၃၁၆၂၉၇ ဦးထိ ရှိလာခဲ့ကြောင်း သောကြာနေ့ည ၈ နာရီ ၃၀ မိနစ်အချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။