ကိုဗစ် လူနာ (၆) ဦး ထပ်မံသေဆုံး၊ ၂၄ နာရီအတွင်း သေဆုံးသူ (၁၂) ဦးအထိရှိလာ

ကိုဗစ် လူနာ (၆) ဦး ထပ်မံသေဆုံး၊ ၂၄ နာရီအတွင်း သေဆုံးသူ (၁၂) ဦးအထိရှိလာ

ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၆ ဦး၊ အတည်ပြုလူနာသစ် ၁၈၀ ဦး ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ သေဆုံးသူပေါင်း ၃၂ ဦးနဲ့ အတည်ပြုလူနာပေါင်း ၃၁၉၅ ဦးရှိသွားပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကနေ့ထုတ်ပြန်ချက်အရ ဒီကနေ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁၂ ဦးရှိပါပြီ။

ယနေ့ညထုတ်ပြန်တဲ့ သေဆုံးသူတွေကတော့ မြောက်ဥက္ကလာပဆေးရုံကြီးမှာ တက်ရောက် ကုသမှုခံယူခဲ့‌တဲ့ အသက် (၅၉) နှစ်အရွယ် ဆီးချို၊ သွေးတိုးနဲ့ ကျောက်ကပ် ရောဂါအခံရှိသူ အမျိုးသမီး (Case-2848) ဖြစ်ပါတယ်။ သူဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၁ ရက် ညနေ ၆ နာရီ ၂၀ မိနစ် မှာ သေဆုံး သွားခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့တဲ့ အသက် (၆၆) နှစ် အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါနဲ့ အသည်းရောင်အသားဝါ (စီ) ရောဂါပိုး အခံရှိသူ အမျိုးသား (Case-2827)ဟာလည်း ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၂ ရက် နေ့လယ် (၁၂:၅၀) နာရီအချိန်က သေဆုံးသွားခဲ့ပါတယ်။

အလားတူ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့‌တဲ့ အသက် (၈၄) နှစ် အရွယ် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-2828) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်နေတဲ့ အသက် (၆၇) နှစ်အရွယ် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါအခံရှိသူ အမျိုးသား (Case-2308) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၄ ရက် မနက် ၁၁ နာရီ က သေဆုံးသွားခဲ့ပါတယ်။

တောင်ဥက္ကလာပအထူးကုဆေးရုံကြီးမှာ တက်ရောက်နေတဲ့ အသက် (၅၀) နှစ်အရွယ် ဆီးချို၊ နှလုံးနှင့် သွေးတိုး ရောဂါအခံရှိသူ အမျိုးသမီး (Case-1351) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးပြီး စက်တင်ဘာ ၁၄ ရက် မနက် ၁၀ နာရီ ၈ မိနစ်မှာ သေဆုံးသွားခဲ့ပါတယ်။

မြောက်ဥက္ကလာပဆေးရုံကြီးမှာ တက်ရောက် ကုသမှုခံယူနေတဲ့ အသက် (၈၀) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-2847) ကတော့ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးကာ စက်တင်ဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲက သေဆုံးသွားခဲ့တာပါ။

စက်တင်ဘာ ၁၄ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃,၁၉၅ ဦး၊ သေဆုံးသူ ၃၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၇၉၀ ဦး နဲ့ စောင့်ကြည့်လူနာအသစ် ၂၁၀ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page