တပ်မတော်သားတဦး ကိုဗစ်ဖြင့် ကွယ်လွန်၊ ကူးစက်လူနာစစ်သည် ၇၀ ဦးအထိရှိနေဟုဆို
တပ်မတော်သားတဦး ကိုဗစ်ဖြင့် ကွယ်လွန်၊ ကူးစက်လူနာစစ်သည် ၇၀ ဦးအထိရှိနေဟုဆို
ကိုဗစ် ကူးစက်ရောဂါပိုး တွေ့သဖြင့် ကုသမှုခံယူနေသည့် ဒုအရာခံဗိုလ်အဆင့်ရှိ စစ်သည်၁ ဦး ကွယ်လွန်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောကြားလိုက်ပါတယ်။
“သေဆုံးမှုက ၂ ယောက်ရှိပါပြီ။ အငြိမ်းစား ဆရာမကြီး ၁ ယောက်ရယ်၊ ဟိုတနေ့ကမှ ဒုအရာခံဗိုလ် အဆင့်ရှိတဲ့ စစ်သည် တယောက်ရယ်။ စစ်သည်က သူကတော့ အရင်ကတည်းက ကင်ဆာအခံရှိတယ်လို့ သိရတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း က ရှင်းပြပါတယ်။
ယင်း စစ်သည် သေဆုံးသည့် ရက်စွဲအတိအကျကိုမူ မသိရှိရသေးပါဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အတည်ပြု ထုတ်ပြန်ချက်များအရ စက်တင်ဘာ ၂၄ ရက်နေ့ တနေ့ထဲမှာပဲ ရန်ကုန်မြို့ရှိ အမှတ်(၂) တပ်မတော်ဆေးရုံ၊ ကုတင် ၅၀၀ ၌ ကုသမှုခံယူနေသည့် ကိုဗစ် အတည်ပြုလူနာ အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
သို့သော် ယင်းသေဆုံးသူများသည် တာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းများ ဟုတ်/မဟုတ် အတည်မပြုနိုင်သေးပါဘူး။ တပ်မတော် စစ်မှုထမ်းများအတွင်း ကိုဗစ် ရောဂါပိုး တွေ့ရှိမှုအနေဖြင့်လည်း စက်တင်ဘာ ၂၃ ရက်နေ့အထိ စာရင်းများအရ ၇၀ ဦးအထိရှိပြီ ဖြစ်ပြီး ပထမလှိုင်းအဖြစ် ကူးစက်မှုအတွင်း ပိုးတွေ့ရှိသူ ၁၇ ဦးနှင့် ဒုတိယလှိုင်း အဖြစ် ကူးစက်မှုတွင် ၅၃ ဦးရှိပြီဖြစ်ကြောင်း သိရပါတယ်။
လက်ရှိတွင် ပထမလှိုင်း ကူးစက်မှုအဖြစ် တွေ့ရှိခဲ့သည့် တပ်မတော်သား ၁၇ ဦးလုံး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံများမှ ဆင်းခဲ့ပြီဖြစ်ပြီး ကျန်သူများအား ဆက်လက် ကုသမှုပေးလျှက်ရှိကြောင်းလည်း သိရပါတယ်။