ကိုဗစ်စစ်ဆေးတဲ့ ကိရိယာတွေ အများကြီး ဖြုန်းပစ်စရာ မလိုဘဲ ထိရောက်တဲ့ နည်းလမ်းတခု

ကိုဗစ် test လုပ်တဲ့ Procedure တွေကြောင့် အောက်ခြေမှာ လွဲနေတာနဲ့ ပြုပြင်သင့်တာတွေ အကြံပေးပါမယ်။

လက်ရှိအသုံးပြုနေတာ နှာခေါင်း Swab ယူပြီး PCR လုပ်စစ်တဲ့ စနစ်ရယ်၊ Antigen Test Kit နဲ့ စစ်တဲ့ စနစ်ရယ်

Antigen Test Kit ဟာ ဗိုင်းရပ်စ်က ထုတ်တဲ့ အဆိပ်ကို ရှိမရှိစစ်တာ (နားလည်လွယ်အောင် အဆိပ်လို့ပဲသုံးလိုက်ပါတယ်)

ဒီတော့ ဗိုင်းရပ်စ်ပိုး သောင်းကျန်းနေစဉ်မှာပဲမိပါတယ်။ ဗိုင်းရပ်ပိုးကို ခန္ဓာကိုယ်က နိုင်ပြီးတဲ့အချိန်သွားစစ်ရင် မမိတော့ပါဘူး။ ပိုပြီးတိတိကျကျ ပြောရရင် antibodies တွေဆိုတာ အဲ့ဒီ antigen တွေကို ခြေဖျက်ဖို့ထွက်လာရတာဖြစ်ပြီး ကြေပျက်သွားပြီးချိန်မှာ လူဟာ ရောဂါပျောက်ပြီး လူကောင်းပြန်ဖြစ်လာပါတယ်။ အဖျားပျောက်လာတယ်ပေါ့

ဒီတော့ကာ antigen test kit ဟာ အကြမ်းဖျင်း ရောဂါပိုးဝင်ပြီး ၁၀-၁၂ ရက်အတွင်းလောက်ပဲ positive ဖြစ်နိုင်ပါတယ်။ ရောဂါပျောက်ပြီး သူများကိုမကူးနိုင်တော့ချိန်ဆို negative ပဲထွက်မှာပါ။ ပိုးမဝင်သေးဘူးလား၊ ဝင်ပြီးပျောက်သွားတာလား မခွဲနိုင်ပါဘူး

Swab test ကကျတော့ အဲ့လိုမဟုတ်ပါဘူး။ နှာခေါင်းထဲမှာ ဗိုင်းရပ်စ်ပိုး ကပ်နေသေးလားဆိုတဲ့ ဗိုင်းရပ်စ်အကောင်ကြီးကို စစ်တာပါ။ ဒီတော့ကာ ခန္ဓာကိုယ်က antibodies တွေထွက်လို့ ရောဂါ ပျောက်ပြီး အတော်ကြာတဲ့အထိ swab test မှာ positive ပြနေနိုင်ပါတယ်။ ဗိုင်းရပ်စ်က ထုတ်တဲ့ အဆိပ်ကိုနိုင်တာနဲ့ ဗိုင်းရပ်စ်ကိုယ်တိုင်ကို သတ်နိုင်တာနဲ့ အချိန်မတူဘူးပြောချင်တာပါ

ဒါကြောင့်လဲ ရောဂါလက္ခဏာပြလို့ ပျောက်ပြီး ၂ ရက်လောက်ဆို သူများကို မကူးနိုင်တော့ဘူး၊ ဒါပေမယ့် Swab test မှာတော့ positive က လချီပြီး ပြနေနိုင်သေးတယ်လို့ပြောတာပါ (ဆေးသုတေသန ညွှန်ချုပ် ဆရာဇော်သန်းထွန်းပြောကြားချက်မှ)
WHO ကလဲ July လောက်ကတည်းက အဲ့လိုကြေငြာထားပြီးပါပြီ

ဒါကြောင့်လဲ အခုနောက်ပိုင်း ဆေးရုံတင်ပြီး ၁၀ ရက်လောက်ဆို swab တောင် မစစ်တော့ဘဲ ဆေးရုံဆင်းခွင့်ပေးတော့တာပါ။ ဒီတော့ကာ Swab test ယူလို့ positive ဖြစ်တယ်ဆိုရင် အခုမှ ဝင်တာလား၊ ပျောက်နေပြီးမှ positive ပြနေဆဲလားဆိုတာ မသိနိုင်တော့ပါဘူး။ ဘာလို့ ဒီဟာကို သေချာရှင်းပြနေလဲဆို အပြင်မှာ ပြဿနာတွေ ကြားလာရလို့ပါ။

အဖြစ်မှန်တစ်ခုပြောပါမယ်။ မိသားစု ၅ ယောက်၊ သမီးလေးအတွက် အရေးပေါ်နယ်ကနေ ရန်ကုန်ကို အရေးပေါ်ဆေးလာကုတယ်၊ စက်တင်ဘာလကုန်ပိုင်းမှာ

ရန်ကုန်မှာနေစဉ် အောက်တိုဘာ ၂ ရက်လောက်မှာ လူနာအတွက်ခေါ်ထားတဲ့ သူနာပြုကစပြီး အနံ့ပျောက်တယ်။ ပြီးတော့ နောက် ၃ ရက်လောက်မှာ တမိသားစုလုံး အနံ့ပျောက်ပြီး ဖျားကြတယ်။ အောက်တိုဘာ ၅ ရက်လောက်က စဖျားတယ်ပေါ့။

၁၀ ရက်လောက်နေတော့ ပျောက်သွားရော။ အနံ့လဲ ပြန်ရလာကြပြီ။ အောက်တိုဘာ ၁၅ ရက်လောက်။ ဘယ်မှလဲ သွားမပြဘူး အိမ်မှာပဲ ဒီလိုပဲပိတ်နေပြီး ပြန်ပျောက်သွားကြတာ။ 99.99% ကိုဗစ်ဖြစ်ပြီးပျောက်တယ်ဆိုတာ ခန့်မှန်းမိကြရောပေါ့

အားလုံးပြီးတော့ ၁၀ ရက်နေတော့ အောက်တိုဘာ ၂၅ မှာ လာပြတဲ့ လူနာ ဆေးကုတာလဲပြီးပြီဆိုတော့ နယ်ပြန်သွားရော။ လမ်းမှာ တိုင်းနဲ့ပြည်နယ်တွေ ၂ ခုဖြတ်တော့ antigen test kit ၂ ခါ စစ်ခံရတယ်။ ၂ ခါလုံး negative ထွက်တယ်

ကိုယ့်မြို့ကိုယ်ပြန်ရောက်တော့ မပြီးသေးဘူး Q ဝင်ရတယ်။ Q center ကလဲ သူများနဲ့ အတူနေရတာမဟုတ်ဘူး သူတို့ မိသားစု ၅ ယောက်ပဲ သီးသန့်နေရတာတဲ့

အဲ့မှာ Q ဝင်နေရင်း အောက်တိုဘာ ၃၀ လောက်မှာ swab test ယူပြီး စစ်တော့ Positive ဖြစ်နေရော။ အဲ့ဒါနဲ့ အခု Q ဆက်နေရတယ်၊ antigen test kit negative ၂ ခါဆိုတော့ အရင်ကရှိတာမဟုတ်နိုင်ဘူး၊ Q center ကကူးတယ်ဆိုပြီးတော့ အဲ့ဒီက ဆရာဝန်တွေက ထင်ကြသတဲ့။ သူတို့လဲ လန့်ဖြန့်ကုန်ရော၊ ထပ်များ ဖျားတော့မလား သေတော့မလားပေါ့။ အမှန်က history အရ ကိုဗစ်ပျောက်တဲ့ phase ရောက်နေပြီ

ဒီအဖြစ်မှန် ဇာတ်လမ်းကိုကြည့်ရင် ကျနော် ဘာပြောချင်တယ်ဆိုတာ မြင်မယ်ထင်တယ်

Swab Test ရဲ့ပြဿနာဟာ ဘယ်အချိန်က ဖြစ်တာလဲဆိုတာရယ်၊ ရောဂါဟာ active ဖြစ်နေသေးရဲ့လား ပျောက်နေတဲ့ အဆင့်လားဆိုတာရယ် မသိနိုင်ဘူးလို့ပြောတာ။ နောက်ပြီး လက်ရှိ antigen test kit နဲ့ swab test တွေကို လူတစ်ယောက်တည်းမှာ မလိုဘဲ အများကြီးတွေဖြုန်းတီးပစ်နေတယ်ဆိုတာကိုလဲ ပြောချင်တာ။

အခုဇာတ်လမ်းကိုသိရင် လက်ရှိ Swab Test, antigen test kit သုံးနေတဲ့ procedure တွေကို ပြောင်းဖို့နဲ့၊ Q ထည့်တဲ့ စနစ်ကို ပြန်သုံးသပ်ဖို့ စဉ်းစားမယ်လို့ မျှော်လင့်ပါကြောင်း။

Serology test လုပ် IgG စစ်ပြီး ထောက်ခံစာသာ ထုတ်ထားပေးနိုင်မယ်ဆို အားအားယားယား antigen test kit တွေ ဖြုန်းတီးစရာလဲ လိုတော့မှာ မဟုတ်ပါကြောင်း အကြံပေးလိုပါတယ်။ Serology test တစ်ခါလုပ်ရင် ဘယ်လောက်ကျမယ်၊ IgG positive ရထားပြီးရင် PVC Card တစ်ခုနဲ့ ထောက်ခံစာထုတ်ပေးပြီး လွတ်လပ်စွာ နေခွင့်ရမယ်သာ လုပ်လိုက်ပါ။ အစိုးရတပြားမှ စိုက်စရာမလိုဘဲ အမြတ်တောင်ထွက်ပါလိမ့်မယ်။

Fever Center, Anosmia Center အပြင် Paid IgG test and certified Center ကိုဖွင့်လှစ်ခြင်းဟာ တိုင်းပြည်စီးပွါးရေးကို အများကြီး အထောက်အကူဖြစ်စေမှာ ဖြစ်ပါကြောင်းနှင့် လူတွေရဲ့ psychological burden ကိုအများကြီး သက်သာစေမှာဖြစ်ပါကြောင်း အကြံပြုလိုက်ပါတယ်

ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page