ကိုဗစ်ကြောင့် ဖြစ်လာမယ့် ရှောင်လွှဲလို့ မရတဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးကို မြန်မာ ဘယ်လိုရင်ဆိုင်မလဲ?

ရွေးချယ်ရခြင်းများ

ကိုဗစ် ရောဂါဟာ လူသားတွေအတွက် တိုက်ပွဲအသစ်တခုဖြစ်ပါတယ်။ ဘယ်အရာကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ တိကျတဲ့ လမ်းပြမြေပုံမရှိပဲ လိုသလို လျှော့လိုက်တင်းလိုက်ကစားရတာမျိုးပါ။ ဒါကြောင့် အစိုးရတိုင်းဟာ သူတို့ရဲ့ တိုင်းပြည်တွေအတွက် သင့်တော်နိုင်မယ့် နည်းလမ်းတွေကို ရွေးပီး လုပ်နေရပါတယ်။ လတ်တလော မြန်မာပြည်မှာလဲ ဒီလိုပါပဲ။

ဒီနေ့က စပီး ရန်ကုန်ကို အဝင် အထွက် ပြန်လက်ခံလိုက်ပါတယ်။ ပိုးစစ်ဆေးမှုခံယူရမယ်။ ရှိရင်တော့ COVID center သွား၊ ကျန်သူတွေ Q ဝင်ပေါ့။ Negative ဆိုရင်တော့ ခရီးဆက်လို့ရပါတယ်။ တနေ့ကို လူ ၅၀၀ လောက်ပဲ စစ်ပေးနိုင်မှာပါ။ ကုန်တင်ယာဉ်နဲ့ ယာဉ်မောင်းတွေကို အဓိကထား စစ်ဆေးမှာပါ။ အဓိကကတော့ ကုန်စည်စီးဆင်းမှုကို မြန်ဆန်စေချင်တာပါ။ မကြာခင် သီတင်းကျွတ်ပါတော့မယ်။ အဲဒီအချိန်က စလို့ ဆန်စပါးတွေ ရိတ်သိမ်းကြမယ်။ ကောက်ပဲသီးနှံတွေကို မြို့ကြီးတွေကို တင်ပို့ကြပါမယ်။ ဒါကြောင့် ကုန်စည်စီးဆင်းမှု အားကောင်းမှသာ တိုင်းပြည်စီးပွားရေးကောင်းမှာဖြစ်ပါတယ်။ ကုန်တင်ယာဉ်မောင်းနဲ့ နောက်လိုက်တွေရဲ့ COVID စစ်ဆေးခကိုလဲ ၂၀၀၀၀ ကနေ ၁၀၀၀၀ ကို လျှော့ပေးထားလို့ အဆင်ပြေမှာပါ။

နောက်တခုကတော့ စက်ရုံတွေ ပြန်ဖွင့်တာပါပဲ။ အစိုးရတရပ်ဟာ ဘက်ပေါင်းစုံကို ကြည့်ရပါတယ်။ စီးပွားရေးသမားတွေကို ကြည့်ရမယ်။ ပြည်သူကို ကြည့်ရမယ်။ အစိုးရရဲ့ အနေအထားကိုလဲ ပြန်ကြည့်ရပါတယ်။ ၂ ပတ် ပိတ်ထားတဲ့အချိန်မှာ အတော်ဒုက္ခရောက်ကြတဲ့ လူတန်းစားတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ ကြိုးစားပီး ကျော်ဖြတ်ခဲ့ကြပါတယ်။ နောက်ထပ် ၂ ပတ် ပိတ်ထားချိန်မှာတော့ ဒါဟာ သူတို့အတွက် မလွယ်တော့ပါဘူး။ အစိုးရတရပ်ဟာ အဆင်းရဲဆုံးအလွှာကို ကြည့်ရပါတယ်။ သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းရပါတယ်။ အဲဒီအလွှာရဲ့ တောင်းဆိုမှုက မများပါဘူး။ နေ့စဉ် ထမင်းစားရရင်ကို ကျေနပ်တဲ့သူတွေပါ။ ဒါကြောင့် အခုလို CMP တွေ ပြန်ဖွင့်ပေးလိုက်ခြင်းဟာ သူတို့အတွက် အသက်ရှူလို့ရသွားစေပါတယ်။ ဒါကို လူတချို့က မကျေမနပ် ပြောတာတွေ ရှိနိုင်ပါတယ်။Facebook ပေါ်မှာလဲ အဲဒီ လူတန်းစားရဲ့ ကျေးဇူးတင်သံကို ကြားရမှာ မဟုတ်ပါဘူး။ အဲဒီလူ အများစုဟာ ဖုန်းတောင် မကိုင်နိုင်ကြတဲ့ လူတွေဖြစ်နေလို့ပါပဲ။ အစိုးရတရပ်ဟာ အားလုံးရဲ့ မျက်နှာကို ကြည့်ပီး အဖြစ်သင့်ဆုံး အရာကို ရွေးချယ်ရပါတယ်။

CMP တွေဟာ နိုင်ငံခြားက လာရောက်ရင်းနှီးမြုပ်နှံတာ များပါတယ်။ ဖိနပ်ချုပ်စက်ရုံ၊ အိတ်စက်ရုံနဲ့ အထည်ချုပ်တွေပါ။ ၂ ပတ်လောက်ကို သီးခံနိုင်ပေမယ့် လနဲ့ချီလာရင် သူတို့က ထွက်သွားမှာပါ။ တခြားနိုင်ငံရောက်သွားရင် ပြန်လာပါလို့ ခေါ်လို့ မဖြစ်နိုင်တော့ပါဘူး။ ကိုဗစ်က ရေရှည်သွားရမယ့် တိုက်ပွဲပါ။ ၂၀၂၂ လောက်မှာ ကိုဗစ် ပီးသွားရင် တိုင်းပြည်မှာ ဘာနိုင်ငံခြား ရင်းနှီးမြုပ်နှံမှု၊ စီးပွားရေးမှ မရှိပဲ ကျန်နေရင် အလွန်ခက်ခဲသွားပါမယ်။ ဒါကြောင့် လိုအပ်တဲ့လုပ်ငန်းတွေကို ပြန်လည်ဖွင့်ပေးပီး တိုင်းပြည်စီးပွားရေး၊ အလုပ်သမားလူတန်းစားရဲ့ စားဝတ်နေရေးကို ထိန်းညှိရပါတယ်။ အလုပ်သမားတွေကို သွေးထိုးပေးနေတဲ့ အဖွဲ့တွေလဲရှိပါတယ်။ မဖွင့်တော့လဲ မဖွင့်လို့။ ဖွင့်တော့လဲ ပိုးကူးမယ်ဆိုပီး ပြောပါတယ်။ သူတို့ လိုလားချက်က ဘာလဲဆိုတော့ အလုပ်တော့ ပိတ်ထား။ လစာတော့ ပေးပါတဲ့။ အလုပ်ရင်က မပေးနိုင်ရင် အစိုးရ ပေးရမယ်တဲ့။ အံ့ဖွယ် တောင်းဆိုမှုတွေပါပဲ။ အခုတော့ အစိုးရဟာ ဒီအခြေအနေတွေကိုပါ အကောင်းဆုံး ဖြေရှင်းပေးနေရပါတယ်။

COVID ကြောင့် ရိုက်ခတ်လာမယ့် စီးပွားရေးပျက်ကပ်ကြီးဟာ ရှောင်လို့ မရပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ လာမည့်နှစ်မှာ လူသန်းပေါင်း ၁၁၅ သန်းဟာ အငတ်ဘေးကြုံရနိုင်ပါတယ်။ သမိုင်းဆိုတာ တပတ်လည်တတ်ပါတယ်။ ၁၉၁၄ ကနေ ၁၉၁၈ အထိ ပထမကမ္ဘာစစ်ဖြစ်တယ်။ ၁၉၁၈ မှာပဲ လူသန်း ၅၀ လောက် သေကြေပီး ကမ္ဘာ့လူဦးရေတဝက်လောက် ကူးစက်ခံရတဲ့ စပိန်တုပ်ကွေးကပ်ဘေးကြီးဖြစ်တယ်။ အဲဒီအရှိန်တွေနဲ့ ၁၉၂၉ မှာတော့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးစဖြစ်ခဲ့တယ်။ ပေါင်မုန့်တလုံး စားဖို့ရဖို့ တနေကုန် အလုပ်လုပ်ရတဲ့အချိန်ကာလပေါ့။ အခု နှစ် ၁၀၀ နီးပါးကြာတဲ့အခါမှာ ကပ်ဘေးဖြစ်တယ်။ ပီးတော့ စီးပွားရေးကပ်ကြီးက ရိုက်ခတ်မှာပဲ။ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားက စစ်ဖြစ်နေတယ်။ ဆင်းရဲမှုက တအားဆိုးရွားလာရင် အဓိကရုဏ်းတွေ ပဠိပက္ခတွေ ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် အစိုးရတွေဟာ ဆင်းရဲခြင်းကို ကုစားဖို့လဲ ကြိုးစားအားထုတ်ရမယ်။

မြန်မာပြည်လို နိုင်ငံမျိုးအတွက်ကတော့ ဘီလီယံ ၁၀၀ ကို ၂ ခါထုတ်ချေးထားတယ်။ ဒါပေမယ့် ဒါကလဲ အကြီးစား ကယ်တင်မှုတော့ မဟုတ်ပါဘူး။ တိုင်းပြည်ကလဲ ဆင်းရဲတဲ့တိုင်းပြည်ကိုး။ မြန်မာအစိုးရရဲ့ အကြီးမားဆုံး စျေးကွက်အတွင်း ငွေကြေးထိုးသွင်းမှုကတော့ ဝန်ထမ်းတွေကို လခ ၂လစာ ထုတ်ချေးတာပါပဲ။ အဲဒီပိုက်ဆံဟာ အရင် ၂ ခါက ထုတ်ချေးခဲ့တဲ့ ပမာဏထက် ပိုအရေးကြီးပါတယ်။ ဝန်ထမ်းပေါင်းက သိန်းချီသလို ပိုက်ဆံပမာဏကလဲ မနည်းပါဘူး။ ပိုပီး အရေးကြီးတာက အဲဒီပိုက်ဆံက စျေးကွက်ထဲကို ချက်ခြင်းရောက်သွားမှာပါ။ ဝန်ထမ်းတွေက ပိုက်ဆံထုတ်တယ်။ လိုတာတွေ ဝယ်တယ်။ ဒီပိုက်ဆံကို ဆိုင်ရှင်က ရတယ်။ သူကတဆင့် ထုတ်လုပ်သူဆီ သွားမယ်။ အစိုးရရဲ့ ၂ဖက်စလုံး အဆင်ပြေဖို့ အကောင်းဆုံးဖြေရှင်းနည်း တခုလဲ ဖြစ်ပါတယ်။

ဒီကပ်ဘေးကာလဟာ အလွန် ခက်ခဲတဲ့ကာလဖြစ်ပါတယ်။ ဒီအချိန်မှာ နိုင်ငံခေါင်းဆောင် လုပ်တဲ့သူတွေဟာ အမျှော်အမြင်ကြီးရမယ်။ အတွေးအခေါ် ကောင်းမွန်ပီး ပညာတတ်ရပါမယ်။ လက်ရှိပါတီခေါင်းဆောင်တွေထဲတော့ အမေစုကလွဲပီး မတွေ့မိသေးပါဘူး။ ကျန်သူတွေကြည့်လိုက်ရင် သွေးမနှောဘူးတို့၊ အပြတ်နိုင်ရမယ်တို့ မဆီမဆိုင် အော်နေပီး အိတ်ထဲပဲ ထည့်ခဲ့တဲ့သူတွေ၊ တကွင်းလုံး ပတ်ကန်မယ်ဆိုပီးတော့ ဆေးဖြန်းနေရသူတွေ၊ ဆင်ဆာဖြတ်လို့ စိတ်ကောက်နေတဲ့သူတွေနဲ့ အဆင့်မှီတဲ့သူ တယောက်မှ မတွေ့ရသေးပါဘူး။ ကပ်ဘေးကာလမှာ ပညာရေးကို ဘယ်လိုပြောင်းမယ်။ ကျန်းမာရေးကို ဘယ်လိုမြှင့်တင်မယ်။ စီးပွားရေးကို ဘယ်လိုမြှင့်တက်လာအောင် လုပ်မယ်။ ဘယ်လို အစီအစဉ်တွေနဲ့ နိုင်ငံအနာဂတ်ကို ခေါင်းဆောင်မယ်။ လာမယ့် ၅ နှစ်အတွင်း အခွန်၊ ရင်းနှီးမြှပ်နှံမှုတွေ၊ နိုင်ငံတကာနဲ့ ဘယ်လိုဆက်ဆံပီး ဘယ်လို ဖြေရှင်းမယ်။ ဆင်းရဲမွဲတေမှုကို ဘယ်လိုလျှော့ချမယ်။ အစရှိတဲ့ တကယ့်နိုင်ငံရေးနဲ့ သက်ဆိုင်စွာ မဲဆွယ်စည်းရုံးတဲ့ ခေါင်းဆောင်မျိုးကို အမေစုကလွဲပီး မတွေ့ရသေးပါဘူး။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာကို နိုင်ငံရေးထင်နေကြတာ စိတ်ပျက်စရာပါပဲ။

ဒီလို ကပ်ရောဂါကာလမှာ တိုင်းပြည်ကို ခေါင်းဆောင်တဲ့သူနဲ့ အစိုးရဟာ အလွန်ပါးနပ်ဖို့လိုပါတယ်။ ပြည်သူပြည်သား အားလုံး အဆင်ပြေဖို့ ဆောင်ရွက်ရပါတယ်။ ထို့အတူ တချို့ကိစ္စတွေမှာ ဘက် ၂ ဘက် ယှဉ်လာရင် ပိုပီး အလေးပေးသင့်သူ၊ အားနည်းသူကို ဖေးမပေးရပါတယ်။ နေရာတိုင်းတော့ ၂ ဖက်စလုံးကောင်းအောင် လုပ်လို့ မရပါဘူး။ အစိုးရဟာ မြောက်မြားစွာသော ရွေးချယ်မှုတွေကြားက အကောင်းဆုံး ဖြတ်သန်းနေရပါတယ်။ ဒီလိုပါပဲ။ ပြည်သူကလဲ ရွေးချယ်မှု လုပ်ရပါတယ်။ ဘယ်အစိုးရမျိုးကို ခေါင်းဆောင်စေချင်သလဲ ဆိုတာကို ပြည်သူက ဆုံးဖြတ်ရမှာပါ။ လူ့ဘဝရဲ့ ရွေးချယ်ရခြင်းများစွာထဲမှာ ဒီအချိန်မှာလဲ မိမိကိုယ်ကျိုးထက် တိုင်းပြည်အကျိုးကို ရှေးရှူပီး အမှန်ကန်ဆုံး ရွေးချယ်မှုများကို ဆက်လက်ပြုလုပ်ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page