ကိုဗစ်ကို လူက တကယ်ဖန်တီးခဲ့တာလားဆိုတဲ့ မေးခွန်းနဲ့ သင်ခန်းစာယူရမယ့် တရုတ်အစိုးရအမှားများ

ကိုဗစ်ကို လူက တကယ်ဖန်တီးခဲ့တာလားဆိုတဲ့ မေးခွန်းနဲ့ သင်ခန်းစာယူရမယ့် တရုတ်အစိုးရအမှားများ

တရုတ်ကထွက်ပြေးလာတဲ့ ဒေါက်တာယန်လိမန်း ရေးတဲ့ ကိုဗစ် ဖြစ်စေတဲ့ပိုးဟာ လူကဖန်တီးတာဖြစ်ပါတယ်ဆိုတဲ့စာတမ်း။ ဒီအကြောင်းနဲ့ပတ်သက်ပြီးကျနော့်ကို ရေးစေချင်ကြပေမယ့် ကျနော့်အနေနဲ့ သတင်းအပြင် သူမရဲ့ စာတမ်းကိုရော၊ အင်တာဗျူးတွေကိုပါ ရှာကြည့်ခဲ့ပြီးမှ ရေးပါတယ်။

ပထမဆုံးပြောလိုတာက ဖော်လိုဝါ ၆ ‌သောင်း ကျော်ရှိတဲ့ ဒေါက်တာယန်လိမန်း ရဲ့အကောင့်ကို တွစ်တာ က ယာယီပိတ်ပင်ထားပါတယ်။ တွစ်တာ အနေနဲ့ ကိုဗစ် နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ သတင်းတွေကို မေလကစပြီး လက်မခံတော့ပါဘူး။

ကျနော်တို့အနေနဲ့ သတင်းရေးရင် သတင်းခိုင်မာဖို့နဲ့အဓိကထားပါတယ်။ ပြည်သူလူထုကို ပကတိသတင်းကိုသိစေချင်တာဖြစ်ပါတယ်။ ဒါကြောင့် ဘက်လိုက်မှုကင်းဖို့အမြဲကြိုးစားတာဖြစ်ပါတယ်။ သူမရဲ့စာတမ်းကို ကျနော်ဖတ်ကြည့်သလောက် ခိုင်မာတဲ့သက်သေပြချက်မတွေ့သေးပါ။

ကျနော်ဖတ်ကြည့်ရာမှာ ဗီဇဆက်နွယ်ခြင်းဆန်းစစ်မှုမှာ မှာ အခု ကိုဗစ်ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ အခြားဓာတ်ခွဲခန်း ၃ ခုက လင်းနို့ရဲ့ ကိုရိုနာဗိုင်းရပ်စ်တွေကို ယှဉ်ပြထားပါတယ်။ နျူကလိယပ်ထပ်တူညီမှု မှာ အဲ့ဒီလေးမျိုးစလုံးဟာ တစ်ထပ်တည်းနီးပါးတူတာကိုတွေ့ရပါတယ်။ နဂိုကတည်းက လင်းနို့ဆီက ဗိုင်းရပ်စ်နဲ့ အတော့်ကို တူတယ်လို့ပြောကြပြီးသားပါ။

သူမက ဝူဟန်ရှိ ဓာတ်ခွဲခန်းနဲ့ အခြားအဆက်အစပ်ရှိ ဓာတ်ခွဲခန်းတွေကို လွတ်လပ်စွာစစ်ဆေးဖို့ တောင်းဆိုထားတာတွေ့ရပါတယ်။ အခုလိုစုံစမ်းစစ်ဆေးမှုမျိုးက အရင်ကာလရှည်ကြာကတည်းက လုပ်သင့်ပြီး နည်းနည်းလေးတောင်မှအချိန်မဆွဲသင့်ပါတဲ့။ ဘာပဲဖြစ်ဖြစ် သူမရဲ့ကြိုးစားမှုအတွက် အသိအမှတ်ပြုပါတယ်။ သူမကို ကိုဗစ် ဘယ်ကစသလဲ မတူတဲ့ရှုထောင့်ကနေ အစဆွဲထုတ်ရဲသူအဖြစ်ချီးကျူးပါတယ်။

“သို့သော် သူမရဲ့စာတမ်းဟာ လုံလောက်တဲ့သက်သေပြချက်မဟုတ်သေးပါ။” အကယ်လို့သာ တကယ်ကြီးသက်သေပြနိုင်ခဲ့မယ်ဆိုရင် တရုတ်ပြည်ဟာလျှော်ကြေးပေးရတာနဲ့ မွဲလောက်ပါတယ်။ သူမအကြောင်း ဒီရက်ပိုင်းမှသတင်းတွေပြန်တက်လာပါတယ်။

သူမအနေနဲ့ ဗီဇဆက်နွယ်မှု အနေနဲ့ ကြည့်ပြီး ဒီဗိုင်းရပ်စ်ဟာ လူဖန်တီးတဲ့ဗိုင်းရပ်စ်အဖြစ် စာတမ်းကို အခြား ပီအိပ်ချ်ဒီ တရုတ်ပညာရှင် ၃ ယောက်နဲ့ပေါင်းရေးခဲ့တာဖြစ်ပါတယ်။ သူမတို့ကို အကူအညီပေးနေတာက ထရမ့်ရဲ့ အရင်က အမျိုးသားလုံခြုံရေးအကြံပေး စတီဗင် ဘန်နွန် တို့ထောင်ထားတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုထားပါတယ်။

သူမရဲ့ အင်တာဗျူးမှာ သူမပြောသလို ဗီဇဆက်နွယ်မှု အရ ဓာတ်ခွဲခန်းထဲမှာ လူလုပ်ဗိုင်းရပ်စ်ဖြစ်တယ်လို့ဆိုရင် ဘာလို့အခြားသိပ္ပံပညာရှင်တွေက အရင်ကမပြောတာလဲဆိုတဲ့ အမေးကိုပြန်ဖြေတာက … တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုကအရမ်းကြီးမားပြီး သူတို့ရဲ့ မိတ်ဆွေတွေက သိပ္ပံပညာရှင်လောကမှာ များလွန်းလို့ဖြစ်ပါတယ်တဲ့။

တရုတ်အစိုးရကဘာလို့အဲ့ဒီဗိုင်းရပ်စ်ကိုဖန်တီးတာလဲလို့မေးတော့ ….တရုတ်ကွန်မြူနစ်အစိုးရကိုသွားမေးမှ သူတို့ရဲ့ရည်ရွယ်ချက်အစစ်အမှန်တိတိကျကျကို သိပါလိမ့်မယ်တဲ့။ ဘာလို့ဓာတ်ခွဲခန်းထဲမှာ လူလုပ်ဗိုင်းရပ်စ်ဖြစ်တယ်လို့ထင်ရတာလဲလို့မေးတော့ ….သူမကိုယ်တိုင်က ကမ္ဘာ့ကျန်းမာရေးဓာတ်ခွဲခန်းမှာ ကိုရိုဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးလုပ်ခဲ့တာ၊ သူမကိုယ်တိုင် ဗိုင်းရပ်စ်သုတေသီ ဖြစ်တာနဲ့ သူမရဲ့တွေ့ရှိချက်အရ၊ ထို့အပြင် သူမရဲ့တရုတ်ပြည်တွင်းသိပ္ပံပညာရှင်အသိုင်းအဝိုင်းရဲ့ သတင်းအရလို့ ဖြေသွားပါတယ်။

ဒီအဖြေလောက်နဲ့တော့ သက်သေမလုံလောက်သေးပါ။ ဒါပေမယ့် တရုတ်ပြည်တွင်းမှာလည်း တရုတ်အစိုးရကို မကျေနပ်တဲ့ ပညာရှင်အသိုင်းအဝိုင်းက အတော်ရှိနေပြီဆိုတာ သိသာပါတယ်။ ကျနော့်အနေနဲ့ တရုတ်အစိုးရအပေါ် တရုတ်ပြည်တွင်းမှာ မကျေနပ်မှုကြီးထွားလာရခြင်းဟာ ….. အခုလိုကပ်ရောဂါဖြစ်ချိန်မှာ တစ်သွေးတစ်သံတစ်မိန့်နဲ့ အထက်ကအာဏာရှင်စနစ်သုံးသလို အောက်ကလည်း အထက်က အလိုကျ ပြည်သူလူထုမျက်နှာကို မကြည့်ပဲ ဖုံးဖုံးဖိဖိလုပ်တတ်တဲ့ လူတွေကြောင့် လို့မြင်ပါတယ်။

ကျနော့်အနေနဲ့ တရုတ်အစိုးရရဲ့အပစ်ကိုထောက်ပြရမယ်ဆိုရင် အခုလိုကပ်ရောဂါဖြစ်ချိန်မှာ ကမ္ဘာကိုအသိပေးမှုမလုပ်ပဲ ကြိတ်ကုပြီး #တစ်ပတ်ကျော်လောက်နောက်ကျခဲ့ခြင်းကိုထောက်ပြပါမယ်။ “အဲ့ဒီတစ်ပတ်ကျော်ကာလဟာ အလွန်ပဲစကားပြောသွားခဲ့ပါတယ်။” ဒါဟာတကယ့်ကို အားလုံးကိုထိခိုက်စေခဲ့တဲ့ အသိပေးမှုနောက်ကျမှုပါ။ နောက်တစ်ခါ ကိုဗစ် တိုက်ပွဲအတွက်ဆုတံဆိပ်တွေပေးရာမှာ ပြည်သူလူထုရဲ့တကယ့်သူရဲကောင်းအစစ် ဒေါက်တာလီကိုချန်ထားခဲ့ခြင်းပါ။ အာဏာရှင်စနစ်ရဲ့ပြယုဂ်တွေပါ။

အဲ့ဒါကိုလည်း တရုတ်ပြည်သူအတော်များများမကျေနပ်ကြပါ။ ကျနော်တို့အနေနဲ့ တရုတ်အစိုးရဘာမှားခဲ့သလဲ ငါတို့ဘာသင်ခန်းစာယူရမလဲ အမြဲတွေးရပါမယ်။

ကိုဗစ်ကို ရင်ဆိုင်ရာမှာ တာဝန်ရှိသူတွေရဲ့လက်နှေးခြင်း၊ ဆုံးဖြတ်ချက်မြန်မြန်ဆန်ဆန်နဲ့ ထကြွလုံလရှိစွာကြိုတင်ကာကွယ်မှုမလုပ်ခြင်း၊ ပြည်သူလူထုကိုအသိပေးမှုနောက်ကျခြင်း၊ အထက်ကခိုင်းမှတလွဲတွေလိုက်လုပ်ခြင်း၊ ကျန်းမာရေးအသိဉာဏ်ရှိစွာနဲ့မစဉ်းစားပဲ “ပြည်သူလူထုကိုအသိပေးသူကို” ပြစ်တင်ဝေဖန်ခြင်း၊ ကိုဗစ် ကိစ္စမှာ ပြတ်သားစွာအရေးမယူပဲ ဟိုမျက်နှာဒီမျက်နှာကြည့်နေခြင်းတို့ဟာ “လူတွေအသက်နဲ့ရင်းပြီးတန်ဖိုးကြီးကြီးပေးဆပ်ရတတ်ပါတယ်။”

တရုတ်အစိုးရတကယ်ဖန်တီးကြောင်းကတော့ အခုထိခိုင်လုံတဲ့သက်သေမရှိသေးပါ။ (ဒေါက်တာယန်လိမန်း) ကတော့ ဆက်ပြီးသက်သေပြမှုတွေလုပ်အုံးမယ်လို့ ဆိုပါတယ်။

ဒေါက်တာယန်လိမန်း ဘာတွေဆက်ပြီး သက်သေပြဖို့ကြိုးစားမလဲကိုသာ စိတ်ဝင်စားစွာကြည့်ရပါမယ်။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page