ရန်ကုန်မှာ ကိုဗစ်ရောဂါလက္ခဏာ ပြင်းထန်သူတွေ များလာကြောင်း ဒေါက်တာ ဇော်ဝေစိုး ပြောပြီ

ရန်ကုန်မှာ ကိုဗစ်ရောဂါလက္ခဏာ ပြင်းထန်သူတွေ များလာကြောင်း ဒေါက်တာ ဇော်ဝေစိုး ပြောပြီ

ကိုဗစ် ရောဂါလက္ခဏာ ပြင်းထန်သူများကို အတော်အသင့် တွေ့ရှိနေရပြီး ပြင်းထန်သူအရေအတွက် များပြားလျက်ရှိ၍ ပြည်သူလူထုအနေ ဖြင့် စည်းကမ်းချက်များကို လိုက်နာရန် အရေးကြီးနေကြောင်း ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ပြောကြားလိုက်သည်။

“ရောဂါလက္ခဏာ မပြင်းထန်သူတွေနဲ့ ရောဂါလက္ခဏာမရှိတဲ့သူတွေကို စင်တာတော်တော်များများမှာ ပို့ဆောင်ပြီး ကုသနိုင်ပေမယ့် ရောဂါလက္ခဏာ ပြင်းထန်သူတွေနဲ့ အတော်အသင့် ပြင်းထန်သူတွေကိုတော့ ဝေဘာဂီ၊ တောင်ဥက္ကလာ၊ ဖောင်ကြီး၊ ဧရာ၀တီစင်တာတွေမှာ ကုသပေးနေပါတယ်။ ပြည်သူလူထုကို မှာချင်တာက လုံး၀မပေါ့ဖို့ ပြောချင်တယ်။ အသာစီးရရှိလာပြီလို့ ပြောဖို့ စောပါသေးတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်နဲ့ပတ်သက်ပြီး စည်းကမ်းလိုက်နာခြင်းဟာ သိပ်ကိုအရေး ကြီးပါတယ်” ဟု ၎င်းက ပြောပါသည်။

ရန်ကုန်တွင် ဝေဘာဂီ၊ တောင် ဥက္ကလာ၊ ဖောင်ကြီး၊ လှိုင် (မြတ်လေး ဆောင်)၊ ရိုးမရိပ်သာ (၁)နှင့်(၂)၊ အောင် မြင့်မိုရ်အိမ်ရာ၊ ရန်ကုန်ပညာရေးကောလိပ်၊ ယဉ်ကျေးမှုကောလိပ်၊ ဧရာ၀တီ စင်တာ၊ Fortune စင်တာ၊ ဗိုလ်တထောင်စင်တာ အစရှိသည့် ကုသရေးစင် တာများ အပါအဝင် ကုသရေးဌာနပေါင်း ၁၅ ခုရှိပြီး ခုတင်ပေါင်း ၁၀၀၀၀ ကျော်ရှိ၍ လက်ရှိ ကုသနေသူဦးရေမှာ ၇၀၀၀ ကျော်သာရှိသည့်အတွက် နေရာလွတ်များရှိကြောင်း ပါမောက္ခဒေါက်တာဇော်ဝေစိုးက ဆက်လက်ပြောဆိုသည်။

“ယခုလက်ရှိက ရောဂါလက္ခဏာတွေ့ရှိသူတွေက ဆေးရုံကိုရောက်ရှိတာ နောက် ကျတယ်။ ဒါကြောင့် အမြန်ဆုံးရောဂါ လက္ခဏာပေါ်လာတာနဲ့ အမြန်ဆုံးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ယခင်က အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံရောက်ချိန်မှာ အခက်အခဲ တွေရှိခဲ့ပေမယ့် အခုအချိန်မှာ ကြိုးစားပြီးတော့ ရောက်ရှိလာတဲ့သူတွေကို သက်သောင့် သက်သာ နေရာထိုင်ခင်းရရှိနိုင်အောင် ကြိုးစားစီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ရောဂါ လက္ခဏာပေါ်လာတာနဲ့ အမြန်ဆုံးကုသမှုပေးသင့်တယ်။ အခြေခံရောဂါလက္ခဏာရှိသူ တွေအနေနဲ့ ကိုယ့်ရဲ့အခြေခံရောဂါတွေကို စဉ်ဆက်မပြတ် ကုသမှုခံယူနေဖို့လိုပါတယ်။ သွေးတိုး၊ ရင်ကျပ် စဉ်ဆက်မပြတ်ကုသမှုခံယူနေဖို့လိုပါတယ်” ၎င်းက ပြောဆိုသည်။

ကုသရေးစင်တာများသည် ဆေးရုံများမှတစ်ဆင့် လွှဲပြောင်းခြင်းဖြစ်၍ ပြည်သူ များအနေဖြင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာ သံသယရှိပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံနှင့် ရန်ကုန်အနောက်ပိုင်းဆေးရုံများ အပါအဝင် မြို့နယ်ဆေးရုံများအားလုံးသို့ သွားရောက် ပြသနိုင်ပြီး ဆေးရုံအားလုံးတွင် စစ်ဆေး ကုသ၍ရနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page