ကိုဗစ်မကူးစေရန် နေထိုင်သွားလာမှု ဆောင်ရန်/ရှောင်ရန် အသေးစိတ်အချက်များ (အားလုံး သိထားသင့်ပါတယ်)

ကိုဗစ်ကာလမှာ လူတွေ ဘယ်လိုနေထိုင်သွားလာသင့်တယ်

မနေ့က မြန်မာ့အသံ ရေဒီယိုကမေးတဲ့ ဖုန်းအင်တာဗျူးလေးတစ်ခုဖြေလိုက်တယ်၊ တစ်ခါမှ မဖြေဘူးတော့ အဆင်တော့ပြေပါ့မလားမသိဘူး။ ပြင်ဆင်ထားတာမရှိ၊ လမ်းပေါ်မှာ ကားမောင်းနေရင်း လမ်းဘေးထိုးရပ်ပြီးဖုန်းပြောတာဆိုတော့ စာရေးသလိုတော့မဟုတ်ဘူး၊ ပြောချင်ရာတွေ အကုန်ပါသွားချင်မှ ပါသွားမှာ။ သူ့မေးခွန်းလေးတွေဖြေရင်းနဲ့ စိတ်ထဲမှာ ပေါ်လာတာ လူတွေရဲ့ နေစဥ် နေထိုင်သွားလာမှုမှာ ဘယ်လိုနေရမယ်ဆိုတာ အတိအကျမသိဘူးဖြစ်နေတာကို သွားသတိထားမိတယ်။ ဒါကြောင့် ဒီပို့စ်ကိုရေးလိုက်တာ

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကတော့ Mask တပ်ပါ၊ လက်ဆေးပါ၊ ၆ ပေခွါပါ ဒါပဲသိကြတာ။ ဘာလို့ ဘာလုပ်ခိုင်းတယ်၊ ဘယ်လိုလုပ်ရမယ် ဘယ်ဟာကိုရှောင်ရမယ်ဆိုတာ ကြေငြာထားတာတွေ ရှိပေမယ့် အများစုက မသိကြဘူးရယ်။

ပြဿနာက ကိစ္စတစ်ခုကို ဘာကြောင့်လုပ်နေရတယ်ဆိုတာကို သေချာနားမလည်ရင် လူဆိုတဲ့အမျိုးဟာ မလုပ်ဘူးခင်ဗျ၊ သူများခိုင်းလို့သာလုပ်ရတာဆိုတော့ စိတ်မပါလက်မပါနဲ့လုပ်တယ်။ အကျိုးအကြောင်းသိပြီး တကယ်လက်ခံသွားပြီဆိုရင် စိတ်ပါလက်ပါလုပ်တယ်၊ စွဲမြဲပြီးလုပ်တယ်။

နောက်တစ်ခုက Stay At Home ဆိုတာ ရေရှည်မလွယ်ပါဘူး။ ဈေးတော့ ထွက်ဝယ်နေရတာပဲမဟုတ်လား။ အဲ့အချိန် ပါမလာဘူး ဘယ်သူပြောနိုင်မလဲ၊ ဘယ်သူမှမပြောနိုင်ပါဘူး။ ဒီတော့ အပြင်ထွက်ရင် ဘယ်အချိန်ဆို ဘယ်လိုသတိထားရမယ် အတိအကျသိဖို့လိုပါတယ်။ ဒါကြောင့် ဘယ်လိုနေသင့်တယ်၊ ဘာကြောင့်ဆိုတာကို အကျိုးသင့်အကြောင်းသင့်ရှင်းပြချင်လို့ ရေးလိုက်ပါတယ်။ အရေးအကြီးဆုံးအချက်ကနေ အစဥ်လိုက်ပြောသွားပါမယ်။

၁။ အိမ်မှာနေပါ (Stay At Home)

ဒါကတော့ရှင်းပါတယ်။ ဘယ်သူနဲ့မှ မတွေ့ရင် ကိုဗစ်မကူးပါဘူး။ တကယ်ကြီး ကိုဗစ်ကိုကြောက်တယ် အကူးမခံနိုင်ဘူးဆိုရင် ဘယ်သူမှ မရှိတဲ့တောထဲမှာသာ သွားနေပါ။ သေချာပါတယ် ကိုဗစ်မဖြစ်ပါဘူး (ငှက်ဖျားဖြစ်ပြီး ကြွသွားရင်တော့ ကျွန်တော်နဲ့မဆိုင်ပါ)

ဒါပေမယ့် ဖြစ်နိုင်လားဆို မဖြစ်နိုင်ပါဘူး။ အိမ်ထဲမှာ ပိတ်နေလို့ ဘာနဲ့သွားစားကြမတုန်း။ Delivery ခေါ်စားမယ်မပြောနဲ့နော် Delivery မှာ ကပ်ပါလာရင် ဘယ်နှယ့်လုပ်မတုန်း။ ဒီတော့ ဘယ်မှမသွားခြင်းဟာ လုံးဝမကူးဖို့ အာမမခံနိုင်ပါဘူး။ ဒါပေမယ့် ကူးစက်မှုကို အများကြီး လျော့ချပေးနိုင်ပါတယ်။

နေ့စဥ် အလုပ်လုပ်မှ စားရမယ့်သူတွေအတွက်ရော ဘယ်သူလာကျွေးမှာတုန်း၊ ဘယ်သူမှ လာမကျွေးပါဘူး။ ဒီတော့ အလုပ်လုပ်ဖို့ ထွက်နေရမှာပါပဲ။ လူတိုင်းမထွက်ဘူး၊ ဈေးသည်တွေလဲမထွက်ဘူး၊ ကုန်စည်သယ်ပေးနေတဲ့သူတွေလဲမထွက်ဘူး၊ သင့်အိမ်ကို Delivery လာပို့မယ့်သူလဲ မထွက်ဘူးဆို စဥ်းစားကြည့်ပါ။ သင်ဘာနဲ့သွားစားမလဲ။ မဖြစ်နိုင်ပါဘူး။

လျှပ်စစ်ရုံးက ဝန်ထမ်းတွေအလုပ်မဆင်းရင်ဘာဖြစ်သွားမယ်ထင်သလဲ။ သင်တို့အားကိုးနေတဲ့ လျှပ်စစ်မီးပါ ပျက်သွားမှာပါ။ ဘယ်လိုသွားနေကြမလဲ။ ဒီတော့ ပိုက်ဆံ တတ်နိုင်တဲ့သူတွေ မထွက်ပါနဲ့။ အပျော်အပါး အပျင်းပြေလောက်နဲ့ မထွက်ပါနဲ့။

ဒါပေမယ့် မဖြစ်မနေ အလုပ်ထွက်လုပ်နေတဲ့သူတွေကိုလဲ အပြစ်မတင်ပါနဲ့။ သင်တို့ အိမ်ထဲမှာ အေးအေးဆေးဆေး စားသောက်နေထိုင်နေနိုင်တာ သူတို့အလုပ်ထွက်လုပ်နေလို့ဆိုတာ နားလည်ပါ။ သူတို့ကို မကဲ့ရဲ့ပါနဲ့။

၂။ လူတွေနဲ့ ခွါနေပါ (Social Distancing)

ဒီအချက်ဟာ အကောင်းဆုံးနဲ့ နေ့စဥ်ဘဝမှာ လုပ်ဖို့ အလွယ်ဆုံးဖြစ်ပြီး ရောဂါကိုလဲ မကူးအောင် အပြည့်အဝကာကွယ်ပေးနိုင်မယ့်အချက်မို့ ထိပ်မှာတင်ထားပါတယ်။ ပိုးဟာ လေထဲက မပျံ့ပါဘူး၊ လူအများစု မဟုတ်တာတွေဖတ်ပြီး ကြားပြီး ကြောက်နေလို့ သတိတရ ထည့်ပြောတာပါ။ အိမ်ထဲမှာနေရင်းနဲ့ အလိုလိုပါလာပြီး မကူးပါဘူး။

ပိုးရှိတဲ့သူ အသက်ရှုတဲ့အချိန်၊ စကားပြောတဲ့အချိန်၊ ချောင်းဆိုး နှာချေတဲ့အချိန်၊ တံတွေးထွေးတဲ့အချိန်တွေမှာ ရေမှုန်လေးတွေ ထွက်ပါတယ်။ မြင်နိုင်လောက်အောင်ကြီးတာရှိသလို မမြင်နိုင်လောက်အောင် သေးတာများပါတယ်။ သူ့ရဲ့လည်ချောင်းထဲမှာခိုနေတဲ့ ကိုဗစ်ပိုးဟာ အဆိုပါ ရေမှုန်လေးတွေမှာ ပါလာပြီးတော့ လေထဲမှာ ဝဲလည်လည်နဲ့ တဖြည်းဖြည်းကြမ်းပြင်ပေါ်၊ ပတ်ဝန်းကျင်က ပစ္စည်းတွေပေါ်ကို ကျပါတယ်။

နှာချေ ချောင်းဆိုးရင် အတော်ဝေးဝေးကို ပြေးနိုင်ပြီးတော့ စကားပြောရင် နည်းနည်းဝေးပါတယ်၊ အသက်ရှုရုံနဲ့တော့ နီးနီးပဲသွားပြီး ကြမ်းပြင်ပေါ်ကျပါတယ်။ ကမ္ဘာမှာ လူတိုင်းသိနေတဲ့ ၆ ပေ အကွာဆိုတာ ချောင်းဆိုး နှာချေချိန်မှာ ရောက်နိုင်တဲ့ အကွာအဝေးပါ။ အလွယ် ပြောရရင် လူလက်တစ်ကမ်းရဲ့ နှစ်ဆကျော်လောက်ပါ။

ဒီတော့ အကြမ်းဖျင်းပြောရရင် ကိုယ့်ရှေ့မှာ လူတစ်ယောက်ချောင်းဆိုးလိုက်လို့ ၆ ပေအကွာမှာ ကိုယ်ကရှိနေတယ်ဆို လွတ်တယ်ဆိုတဲ့သဘောပါ။ ဒါဆို ရိုးရိုးစကားပြောရင်ရောဆို စကားပြောတာကလဲ ခွါဖို့လိုပါတယ်။ ဘာလို့လဲဆို စကားပြောရင် တံတွေးစင်တယ်မဟုတ်လား။ အဲ့ဒါ ပိုးသွားနိုင်တဲ့ အကွာအဝေးလို့ အကြမ်းဖျင်းမှတ်လို့ရပါတယ်။ ဒီတော့ တစ်ခြားလူကိုယ်ကို လှမ်းစကားပြောတော့မယ်ဆို ကိုယ့်ဟာကိုယ် နောက်ဆုတ်ပြီး ဝေးဝေးကပြောပါ။

ဒါမှမဟုတ်ဘဲနဲ့ စကားလဲမပြော ချောင်းလဲမဆိုးတဲ့လူတစ်ယောက်နဲ့ဆို ၆ ပေခွါစရာမလိုဘဲ ၃ ပေလောက်အထိ ကပ်လို့ရပါတယ်။ နောက်သတိထားရမယ့်အချက်က လေဝင်လေထွက်ကောင်းလား၊ အလုံပိတ်ခန်းထဲမှာလားဆိုတာပါ။ လေဝင်လေထွက်ကောင်းရင် တော်ရုံမကူးဘူးလို့ပြောလို့ရပြီး အလုံပိတ်မှာ ပိုပြီးကူးနိုင်ပါတယ်။ နောက်တစ်ချက်က အပြင်မှာ ပူတဲ့နေရာမှာလား၊ အဲကွန်းခန်းလို အေးတဲ့နေရာမှာလားဆိုတာပါ။ ပူတဲ့နေရာမှာ တော်ရုံမကူးနိုင်ပဲ အေးတဲ့နေရာမှာ ပိုကူးနိုင်ပါတယ်။

ဥပမာ အပြင်မှာ ပူနေတဲ့အချိန် ၃ ပေမှာနေပြီး မကူးနိုင်ပေမယ့် အလုံပိတ်ခန်း အဲကွန်းနဲ့ဆို ၆ ပေလဲ ကူးဖို့ဖြစ်နိုင်ပါတယ်။ ဒီသဘောပါ။ နေရောင်ရှိရင် ကူးနိုင်ဖို့ မဖြစ်နိုင်သလောက်ပါ။ နေရောင်ထဲမှာ ပိုးဟာ ခိုစရာမရှိရင် ချက်ချင်းနီးနီးသေလို့ပါ။ သလိပ်လိုမျိုး ခိုစရာရှိရင်တောင် ၆.၈ မိနစ်ပဲနေနိုင်တယ်လို့ဆိုပါတယ်။

ဒါကိုသိရင် ဘယ်လိုအချိန်တွေမှာ ဘယ်လိုခွါသင့်တယ်ဆိုတာ စဥ်းစားလို့ရပြီထင်ပါတယ်။ ဘယ်သူ့မှ အားမနာပါနဲ့ စကားပြောရင် နောက်ဆုတ်ပါ။ သူငယ်ချင်းလဲ ခွါခွါပဲပြောပါ။ ကူးတာက အဲ့လို မိတ်ဆွေသူငယ်ချင်းကချည်း အနီးကပ်ပြောလို့ကူးကြတာပါ။ ပိုးရှိသူတစ်ယောက် ကိုယ့်ဘေးကဖြတ်သွားရုံနဲ့ မကူးပါဘူး။ လိုက်နာဖို့အလွယ်ဆုံးအချက်မို့ လိုက်နာကြပါ။

၃။ လျှောက်မကိုင်ပါနဲ့

အစိုးရက လက်ဆေးပါဆိုတာ အမှန်ကတော့ ဒီအချက်ပါ။ အတိအကျသဘောမတူလို့ လျှောက်မကိုင်ပါနဲ့ပြောတာပါ။ ဟာသပြောရင် ဒုတိယလှိုင်းရန်ကုန်မှာစတုန်းက ဖြစ်တဲ့သူက အိမ်တကာပတ် အဝတ်လျှော်တဲ့သူပါ၊ သူ့လောက်ပဲ လက်ဆေးတဲ့သူရှိအုံးမလား၊ တစ်ချိန်လုံး ဆပ်ပြာကိုင်နေရတာ။ ဒီတော့ လက်ဆေးတာဟာ တားနိုင်သလားဆို နိုးပါ။ ဒါဆို ဘာလို့ လက်ဆေးခိုင်းတာပါလဲ။ ဒါကိုသိဖို့လိုပါတယ်

လျှောက်မကိုင်ပါနဲ့ဆိုတာ ၂ ချက်ရှိပါတယ်။ အရေးအကြီးဆုံးအချက်က နှာခေါင်းကို လုံးဝမကိုင်ပါနဲ့ မပွတ်ပါနဲ့။ ဒါက အဓိက အချက်ပါ။ ပွတ်လိုက်ချိန်မှာ လက်မှာပိုးကပ်ပါလာရင်ဖြစ်စေ၊ မျက်နှာမှာ ပိုးကပ်နေရင်ဖြစ်စေ နှာခေါင်းထဲကို ပွတ်ထည့်လိုက်သလိုဖြစ်သွားပြီး ဗိုင်းရပ်စ်ဝင်သွားပါတယ်။ အဲ့ဒီကနေ အသက်ရှူပြွန်ထဲမှာနေပြီး ပွါးများလာပြီး ရောဂါဖြစ်စေတာပါ။ နှာခေါင်းပြီးရင် မပွတ်ဘဲ သတိထားရမှာ မျက်စိပါ။ မျက်စိကိုပွတ်လိုက်ခြင်းဖြင့် ဝင်သွားနိုင်ချေရှိလို့ပါ။

ဒုတိယအချက်က အခြားပစ္စည်းတွေ တတ်နိုင်သလောက်လျှောက်မကိုင်ပါနဲ့။ အထူးသဖြင့် အဲကွန်းခန်းထဲက ပစ္စည်းတွေပါ။ နေပူထဲမှာရှိတဲ့ပစ္စည်းတွေက ကိုင်လို့စိတ်ချရပါတယ်၊ အပြင်အပူချိန်မှာရှိတဲ့ပစ္စည်းကလဲ ပိုးကြာကြာမနေနိုင်ပါဘူး။ အဲ့လိုကိုင်လိုက်ခြင်းအားဖြင့် အဆိုပါပစ္စည်းမှာ ကပ်နေတာမကြာသေးလို့ မသေသေးတဲ့ပိုးဟာ လက်မှာပါလာနိုင်ပါတယ်။ ကပ်ပါလာပြီးတဲ့အချိန် နှာခေါင်းပွတ်မိလိုက်ရင် နှာခေါင်းထဲ ဝင်သွားပါမယ်။

ဒါပေမယ့် တံခါးဖွင့်ဖို့လိုတယ်ဆိုတာမျိုးမှာ တံခါးလက်ကိုင်ဘုကို မကိုင်လို့မရပါဘူး။ ဘာလုပ်မလဲ။ အလုပ်လုပ်လို့ ကိုင်စရာရှိတာကိုင်ပြီးရင် ငါ့လက်ညစ်ပတ်နေပြီ နှာခေါင်းကို မပွတ်ရဘူး မျက်နှာကိုမပွတ်ရဘူးဆိုတာ သတိထားလိုက်ပါ။ ဒါပါပဲ။

လက်ဆေးခိုင်းတယ်ဆိုတာ လက်မှာ ပိုးကပ်ပါလာရင် သေသွားအောင် လက်ဆေးခိုင်းတာပါ။ ဒါပေမယ့် အမြဲဆေးဖြစ်မှာလားဆိုတော့ ဘယ်ဆေးဖြစ်မလဲခင်ဗျာ။ လက်မဆေးတာနဲ့ ပိုးကူးမှာမဟုတ်ပါဘူး။ လက်မဆေးနိုင်ချိန်မှာ နှာခေါင်းကိုသာ မပွတ်ပါနဲ့၊ ကာကွယ်နိုင်ပါတယ်။ လက်ဆေးရင် ဆပ်ပြာနဲ့ စက္ကန့် ၂၀၊ သို့မဟုတ် အရက်ပြန် သို့မဟုတ် လက်ဆေးရည်စသည်တို့ကို သုံးနိုင်ပါတယ်။

လက်ဆေးစရာမရှိရင် ဘာလုပ်ရမလဲ။ ဟုတ်ကဲ့ နေပူထဲမှာ ကိုင်ထားတဲ့လက်မျက်နှာပြင်ကို ၅ မိနစ် အပူခံနေလှမ်းလိုက်ပါ။ နွေလိုနေကျက်ကျက်တောက်ပူနေရင် ၂ မိနစ်ဆိုလုံလောက်ပြီး မိုးအုံ့နေရင်တော့ မရပါဘူး။ (စမ်းသပ်ထားတဲ့ Paper တွေရှိပါတယ်၊ နေရောင်နဲ့ဆို သလိပ်ထဲမှာတောင် 6.8 မိနစ်ပဲအသက်ရှင်ပါတယ်တဲ့၊ ဒါတောင်သူတို့နေဟာ ရန်ကုန်နေရောင်လို ကျစ်ကျစ်တောက်မပူပါ)

၄။ Mask မျက်နှာဖုံး တပ်ရမလား

ဟုတ်ကဲ့ လူတွေနဲ့ မဖြစ်မနေကပ်ရ တိုးရတော့မယ်ဆို တပ်ဖို့လိုပါတယ်။ ကညနလိုမျိုး၊ ဘတ်စ်ကားစီးတာမျိုး သွားကိုသွားရမယ် လူလဲတိုးရမယ် မသွားလို့ကလဲမရဘူး၊ Social Distancing ဆိုတာ စကားထဲတောင်ထည့်ပြောလို့မရဘူး။ ဘယ်လိုလုပ်မလဲ။

ဟုတ်ကဲ့ အဲ့အချိန်ကျရင် Mask ကိုတပ်ပါ။ သေသေချာချာ စနစ်တကျတပ်ပါ။ လမ်းပေါ်မှာ လမ်းလျှောက်သွားနေချိန် တပ်ဖို့လိုသလား။

လူမကြပ်တဲ့အချိန်ဆို မလိုပါဘူးခင်ဗျာ။ ရှေ့မှာလူတစ်ယောက်လာနေရင် အသာလေး ခွါပြီးလျှောက်လိုက်ပါ။ ကိုယ့်နောက်က လူတစ်ယောက်ပါလာရင် နည်းနည်းကွာသွားအောင် မြန်မြန်လျှောက်လိုက်ပါ။ ရပါပြီ။ ဘယ်သူမှတော့ သင့်ရှေ့မှာ တည့်တည့်ကြီး တမင်တကာ ချောင်းလာဆိုးပြီး နှာခေါင်းထဲဝင်အောင်မလုပ်ပါဘူး (လုပ်ရင်လဲ ဆွဲသာထိုးလိုက်ပါ)

နောက်တစ်ချက် နေပူကြီးထဲသွားနေချိန်မှာ တပ်ဖို့မလိုပါဘူးခင်ဗျာ။ ဘာလို့ မလိုဘူးဆိုတာကို အသားပေးပြောလဲဆို ရန်ကုန်လိုပူတဲ့ဒေသမှာ ဘယ်သူမှ နေ့လည်ခင်းကြီး Mask တစ်ချိန်လုံးတပ်မထားနိုင်ပါဘူး။ သူများကိုခိုင်းတယ်ဆို တကယ်လုပ်နိုင်ဖို့လိုပါတယ်။ မဟုတ်ရင် ဘယ်သူမှ လိုက်နာမှာမဟုတ်ပါဘူး။ အခု မတပ်ကြတာ အဲ့ဒီအချက်ပါပဲ။

Mask ကိုဘယ်လိုစနစ်တကျတပ်ရမလဲ။ နှာခေါင်းပြားကို သေချာဖိကပ်ပါ။ နှာခေါင်းနဲ့ ပါးကြားမှာ ဟပြီး လက်ပါထိုးထည့်လို့ရနေပြီဆိုရင်တော့ အဲဒီ Mask တပ်ထားတာ ဘာမှမထူးပါဘူး။ အဲဒီလို Mask မျိုး အလကားပိုက်ဆံအကုန်ခံပြီး ဝယ်မနေပါနဲ့။ နှာခေါင်းရော ပါးစပ်ပါလုံနေဖို့လိုပါတယ်။ နှာခေါင်းကြီး လွတ်နေအောင် မတပ်ပါနဲ့၊ အဲ့လိုနေမယ်ဆို မတပ်တာက ပိုကောင်းပါတယ်။

မေးစေ့အောက်ကို ဆွဲဆွဲမချပါနဲ့။ ဆွဲချမယ်ဆို မတပ်တာက ပိုကောင်းပါတယ်။ ဆွဲချလိုက် ပြန်တပ်လိုက်လုပ်ခြင်းဟာ ပိုးကို ပိတ်လှောင်ပြီး မဝင်ဝင်အောင်ရှုသွင်းနေသလိုဖြစ်လို့ ပိုကူးနိုင်ပါတယ်။ ဒါဆို ခဏချွတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။ နားသိုင်းကြိုးတစ်ဖက်ကို ကိုင်ပြီး အသာလေးဆွဲဖြုတ်ပြီး နားတစ်ဖက်မှာ တွဲလောင်းချထားတာ မေးစေ့ကိုဆွဲချတာထက် ပိုစိတ်ချရပါတယ်။ ဒါမှမဟုတ် လုံးဝ ဖြုတ်ပြီး လက်မှာကိုင်ထားပါ။

Mask ကိုဖြုတ်ထားချိန်မှာ အခြားလူတစ်ဦး စကားလာပြောတာမျိုး မဖြစ်စေပါနဲ့၊ အတွင်းဖက် အဖြူသားကို လက်နဲ့လုံးဝမကိုင်ရသလို အပြင်ဖက် အပြာသားအစိမ်းသားကိုလဲ လက်နဲ့မထိရပါဘူး။ အတွင်းဖက်အဖြူသားကိုင်မိရင် လွှင့်ပစ်ပြီး အသစ်ကို သုံးပါ။ မလွှင့်ပစ်ချင်ရင် နာရီဝက် နေလှမ်းပါ။ အပြင်ဖက်အပြာသားအစိမ်းသားကို ကိုင်မိရင် ချက်ချင်းလက်ဆေးပါ။ အပြင်ဖက် အပြာသားအစိမ်းသားကို ကိုင်ကိုင်ပြီး ဆွဲချလိုက် ပြန်တင်လိုက်လုပ်နေကြလို့ သတိသေချာပေးတာပါ ထိမိရင် လက်ဆေးပါ။ မဟုတ်ရင် အဲဒီ Mask ကြီး မတပ်တာပိုကောင်းပါတယ်။

ပြန်တပ်မယ်ဆိုလဲ နားသိုင်းကြိုးကနေကိုင်ပြီး ပြန်တပ်ရပါမယ်။ အတွင်းအပြင် လုံးဝလုံးဝ မကိုင်ပါနဲ့ မထိပါစေနဲ့။ စကားပြောရင် လျှောလျှောကျနေတဲ့ mask မျိုး မသုံးပါနဲ့ ရိုးရိုးအဝတ် Mask သုံးရင် သိပ်မလုံတာမို့ ခွါခွါနေတာနဲ့ တွဲပြီး သုံးပါ။ Mask ကိုတစ်ရက်သုံးပြီး နှမြောလို့ လွှင့်မပစ်ဘဲ ပြန်သုံးချင်တယ်ဆို နေလှမ်းလို့ရရင် နာရီဝက် နေလှမ်းပါ။ လှမ်းလို့မရရင် ပူတဲ့နေရာမှာ နှစ်ရက်လောက်ပစ်ထားလိုက်ပါ။ ပိုးသေပါတယ်။ အဓိက အသိပေးလိုတာက Mask တပ်ထားတယ်ကွဆိုပြီး အတင့်မရဲပါနဲ့။ အဲ့ကျမှ Mask ကြီးတပ်ရက်နဲ့ ကူးမှာပါ။ ကိုယ်တပ်ထားတာ မလုံဖို့များပါတယ်။ ဒီတော့ ခွါခွါနေတာကို ဘယ်တော့မှ မမေ့ပါနဲ့။

Mask နဲ့ ပတ်သက်ပြီး နောက်ဆုံးအချက်က လေ့ကျင့်ခန်းလုပ်မယ် ပြေးမယ် ပင်ပန်းတဲ့အလုပ်တွေလုပ်ရမယ်ဆို လုံးဝ မတပ်ပါနဲ့။ မောဟိုက်လာပြီ အသက်ရှူပြင်းလာပြီဆိုတဲ့အချိန် ကိုဗစ်မကူးဘဲ အသက်ရှူကြပ်ပြီး သတိမေ့နေလိမ့်မယ်။

အချုပ်က မတပ်ထားချင်ရင် ခွါခွါနေတာကို အတိအကျလိုက်နာပါ။ မလိုက်နာနိုင်မယ့် နေရာသွားရင် တပ်ပါ။ သေချာမတပ်တပ်ရင်၊ ဆွဲဆွဲချနေမယ်ဆိုရင် မတပ်တာ ပိုကောင်းပါတယ်။ (ခြင်ထောင်ထဲ ခြင်ဝင်နေမယ်ဆို ဘယ်လိုဖြစ်မလဲ သိတယ်မဟုတ်လား)

၅။ အစားအသောက် စုံအောင်စားပါ၊ ဆင်ခြင်စားပါ

ဘာလို့ပြောရလဲဆို ကိုဗစ်ဖြစ်ရင် အားရှိအောင်ဆိုပြီး စွတ်စားနေကြလို့ပါ။ ပြီးတော့ စားတာတွေကလဲ ကျန်းမာရေးကောင်းစေတာမဟုတ်ဘဲ ကျန်းမာရေးထိစေတာတွေချည်းပဲ မြင်နေရလို့။ ပြီး စားကြသောက်ကြပြီး ဝိတ်တွေတက် ဝက်တွေဖြစ်။ ကိုဗစ်ရဲ့ သေဆုံးနှုန်းက အဝလွန်တဲ့သူတွေမှာ ပိုများပါတယ်။ Obesity ဖြစ်ရင် ကိုဗစ်ဝင်ရင် သေနိုင်ပါတယ်။ ခြောက်တာမဟုတ်ပါဘူး။ စွတ်စားလို့ အားမရှိဘဲ ဝက်ဖြစ်လာမှ သေမှာပါ။ ဒီတော့ အစားအသောက်ကို အားရှိအောင် ဘယ်လိုစားရမလဲ၊ ဘာတွေရှောင်ရမလဲ

လတ်ဆတ်တဲ့ အသီးအရွက်များများစားပါ။ အသား၊ ငါး နည်းနည်းစားပါ။ ဒိန်ချဥ် သောက်ပါ။ ရေများများသောက်ပါ ငရုတ်သီးစတဲ့ အစပ်လျော့ပါ အငန်စားတာလျှော့ပါ အချိုစားတာလျှော့ပါ ဆီနဲ့ အဆီစားတာ လျှော့ပါ ကြာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာများ ရှောင်ပါ (ဝက်အူချောင်း၊ ကင်မ်ချီအစရှိသည်) နိုင်ငံခြားကလာတဲ့ တာရှည်ခံအောင်လုပ်ထားတဲ့မုန့်မှန်သမျှ ရှောင်ပါ။ အရက် ဘီယာရှောင်ပါ အချိုမှုန့် ကြက်သားမှုန့်ရှောင်ပါ အရောင်တင်မှုန့် ငရုတ်သီးမှုန့်ရှောင်ပါ

အစားအသောက်ဆိုတိုင်းလဲ အားမဖြစ်ပါဘူး။ အားဖြစ်စေတဲ့အစာကို လုံလောက်မျှတစွာ စားမှ အားဖြစ်တာပါ။ ပိုသွားရင်လဲ အားမဖြစ်ဘဲ အဆီဖြစ်ပြီး ခန္ဓာကိုယ်ကို ဝန်ပိပါတယ်။ မဟုတ်တာတွေစားမိရင်လဲ အူလမ်းကြောင်း၊ အသည်း၊ ကျောက်ကပ်စတာတွေဟာ အဆိုပါ အဆိပ်တွေကို စွန့်ထုတ်ဖို့ အလုပ်အများကြီးပိုလုပ်ရပါတယ်။ မြန်မြန်မစွန့်ထုတ်နိုင်ရင်လဲ ခန္ဓာကိုယ်ထဲမှာ ပြဿနာပေးပါတယ်။ ဒီသဘောကို သိဖို့လိုပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ခြင်းဟာ စားသမျှအစားအစာတွေကို အားဖြစ်စေသလို ဗိုင်းရပ်စ်ကို သတ်နိုင်တဲ့ တစ်ခုတည်းသော နည်းဖြစ်တဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို သဘာဝအလျှောက် တက်စေတဲ့နည်းဖြစ်လို့ပါ။ လေ့ကျင့်ခန်း ဘယ်လိုလုပ်ရမလဲ … ဒါက လူအများစု မသိတဲ့နည်းပါ။ လေ့ကျင့်ခန်းလုပ်တယ် လမ်းလျှောက်တယ်ဆိုပြီး နှေးနှေးလေးနဲ့ ချွေးမထွက်အောင်နေပြီး တစ်နေ့တစ်နေ့ အကြာကြီး အချိန်ဖြုန်းနေတဲ့သူတွေ အများအများကြီးတွေ့ဖူးလို့ပြောတာပါ။

လေ့ကျင့်ခန်းလုပ်တာရဲ့ အဓိကအချက်က ချွေးများများထွက်ဖို့လိုပါတယ် မောဟိုက်နေဖို့လိုပါတယ် နာရီဝက်နဲ့အထက် ချွေးထွက်မောဟိုက်နေဖို့လိုပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းဆိုတာ အရေးမကြီးပါဘူး။ ခုန်ပေါက်ပြေးလွှားပြီး လိုက်တိုင်းပြေးတိုင်းကစားနေလဲ ရပါတယ်။ ဒါကြောင့် ကလေးတွေဆို များများ သောင်းကျန်းလေ ကျန်းမာရေးကောင်းလေဖြစ်နေတာပါ။

ဘာလို့ ချွေးထွက် မောဟိုက်ဖို့လိုပါသလဲ။ မမောဘဲလုပ်ရင် ဘာလို့အကျိုးမရှိဘူးလဲ။ ဟုတ်ကဲ့ အဓိက အချက်ကတော့ နှလုံးကြောင့်ပါ။ နှလုံးဆိုတာ ကြွက်သားပါပဲ။ ကြွက်သားဆိုတာ ကျင့်လေလေ ခံနိုင်ရည်ရှိလာလေလေဖြစ်ပြီး အသုံးမပြုလေလေ ကျုံ့သွားလေလေ ခံနိုင်ရည်နည်းလာလေလေပါ။ နှလုံးက ဘာအရေးကြီးလဲ။ ဖျားရင် ကိုယ်ပူတက်လာရင် တက်လာသလို နှလုံးဟာ သာမာန်ထက် ပိုခုန်ရပါတယ်။ သင်တို့ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန် မောသလိုကို နာရီတိုင်း နေ့တိုင်းဆက်တိုက် အဖျားမကျမခြင်း အနားမရဘဲ ခုန်ရပါတယ်။ အဲ့လို ပင်ပန်းပါတယ်။ အဲ့လိုခုန်ရတဲ့အချိန်မှာ နှလုံးဟာ အလေ့အကျင့်မရှိဘူးဆိုရင် နှလုံးဖေါက်ပြီး ပြဿနာတက်ပါတယ်။ ဒါဟာ လေ့ကျင့်ခန်းရဲ့ အကောင်းဆုံးအကျိုးကျေးဇူးပါ။
နှလုံးတစ်ခုတည်းလားဆိုတော့မဟုတ်ပါဘူး။ ခန္ဓာကိုယ်အဆီကျဖို့ကစလို့ ကိုယ်ခံအားတက်စေတာ၊ ကင်ဆာကာကွယ်တာ သွေးတိုးဆီးချိုကာကွယ်တာ၊ ဖြစ်နေရင်လဲ ထိန်းပေးတာတွေက အစ သင့်ရဲ့ အရေပြားနဲ့ အသားအရည်လှပဖို့အထိ အကုန်ကျိုးရှိပါတယ်။

ယောက်ျားလေးတွေအတွက်ဆို လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းဟာ ယောက်ျားဟော်မုန်း Androgen လယ်ဗယ်ကို တက်စေတဲ့အတွက် ဆေးသောက်စရာမလိုဘဲ ဟိုဒင်းအားကောင်းစေတဲ့အထိ အကျိုးရှိပါတယ် (ဒါကတော့ ယောက်ျားတွေလုပ်ချင်အောင် ဆွယ်တာပါ၊ တကယ်ကြီးကို အားကောင်းစေပါတယ်)

ဒါကြောင့် လေ့ကျင့်ခန်းမှန်မှန်လုပ်သူတွေဟာ သာမာန်လူတွေလို ညောင်းတာ ကိုက်တာကစလို့ အလိုလို မောပန်းနေတာမျိုးတွေအပါ ရောဂါဝင်ဖို့ ခက်တာအထိ အကျိုးကျေးဇူးအများကြီးရှိနေတာပါ။ ဘာလို့ နာရီဝက် အနည်းဆုံးလုပ်ရတာလဲ ….

ခန္ဓာကိုယ်ဟာ အလုပ်တွေအများကြီးလုပ်ပြီး မောပန်းလာတဲ့အချိန် ၁၅ မိနစ်အထက်ရှိပြီဆိုမှ အဆီဖြိုခွင်းခြင်းနဲ့ အချို့ လုပ်ဆောင်ချက်တွေ စလုပ်ပါတယ်။ ဒါကြောင့် ဝိတ်ချတဲ့သူတွေဟာ ၁၀ မိနစ်လေးလုပ်ပြီး မောတယ်ဆိုပြီး အကြာကြီးနား နောက် ၁၀ မိနစ်နေမှ ပြန်လုပ်ဆိုရင် ဘာမှ အကျိုးမရှိပါဘူး။ စက္ကန့် ၃၀ လောက် နား၊ ပြန်လုပ် ဒီလိုသွားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် ၁ နာရီနဲ့ ၂ နာရီကြားလုပ်ပေးတာ အကောင်းဆုံးပါ။

ဒီတော့ အကျိုးများစွာရှိပြီး ကိုဗစ်ကိုလဲ ခံနိုင်ရည်ရှိစေတဲ့ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ဖို့ လုံးဝ လုံးဝမမေ့ပါနဲ့။ ကြောက်တတ်ရင် လေ့ကျင့်ခန်းလုပ်ပါ။ အပျင်းထူမယ်ဆိုရင်တော့ စောစောသေလိုက်ပါ။

၇။ အိပ်ရေးဝဝအိပ်ပါ၊ စောစောအိပ်ပါ

ကိုယ်ခံအားကောင်းဖို့ အရေးအကြီးဆုံးထဲမှာ Bio rhythm လို့ခေါ်တဲ့ အိပ်စက်ခြင်းကို အချိန်မှန်ဖို့ဟာ အရမ်းအရေးကြီးပါတယ်။ ည ၉ နာရီလောက် အိပ်နိုင်ရင် အကောင်းဆုံးပါ ည ၁၂ နာရီ မကျော်ပဲ အိပ်ကို အိပ်ရပါမယ် ၅ နာရီ ၆ နာရီ မနက် စောစောထနိုင်လေ ကျန်းမာရေးအတွက် ကောင်းလေပါပဲ

တစ်နေ့ ၈ နာရီအိပ်ပါဆိုတာထက် ဘယ်လောက်ပျင်းနေတဲ့အချိန်၊ အားနေတဲ့အချိန်ဖြစ်ဖြစ် အိပ်မငိုက်ဘူးဆိုရင် ရွှင်ရွှင်လန်းလန်းရှိတယ်ဆိုရင် လုံလောက်တဲ့အိပ်စက်ခြင်းလို့မှတ်ယူရမှာပါ။ ကော်ဖီသောက်လို့ ရွှင်လန်းနေတာမဆိုလိုပါ။

၈။ ဆေးလိပ် အရက် ကွမ်းယာ ရှောင်ပါ

ခန္ဓာကိုယ်ကို ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ အလေ့အကျင့်တွေ ဖျောက်ရမှာမို့ပါ။ အထူးသဖြင့် ဆေးလိပ်ဟာ ကိုဗစ်မှာ ပြဿနာအတက်ဆုံး အဆုတ်ကို ထိလို့ပါ။ အရက်ကတော့ အသည်းနဲ့ အစာအိမ်လမ်းကြောင်းပါ။ ကွမ်းကတော့ အစာအိမ်လမ်းကြောင်းပါ။ အသက်ရှည်ချင်ရင် ရှောင်ပါ။ အများကြီးမပြောလိုပါ။ မရှောင်နိုင်ရင်တောင် လျှော့ပါ။ အရမ်းစားချင် သောက်ချင်မှ အာသာပြေလောက်ပဲ သောက်ပါစားပါ။

အပေါ်မှာ ပြောခဲ့တဲ့ ၈ ချက်ဟာ နေ့စဥ်ဘဝမှာ ကိုဗစ်နဲ့ ယှဥ်တွဲနေထိုင်ရေးအတွက် အလိုအပ်ဆုံးအချက်တွေပါ။ ဒါတွေကို လိုက်နာနေထိုင်မယ်ဆို ကိုဗစ်ကိုယ့်ဆီကို မလာအောင် အတတ်နိုင်ဆုံး တားဆီးပြီးသားဖြစ်သလို လာခဲ့ရင်လဲ ခဏနဲ့ ပျောက်အောင် ဖျားကိုမဖျားလိုက်ပဲ ပြန်ကောင်းသွားအောင် အထောက်အပံ့ဖြစ်စေမယ့်နည်းတွေပါ။

လိုက်နာဖို့လဲ ဘာမှမခက်အောင် သေချာရှင်းပြပြီး ရေးပေးထားပါတယ်။ ဘယ်လိုနေရမလဲပြောပြီးရင် လူတိုင်းမေးနေကြ မေးခွန်းတွေကို FAQ အနေနဲ့ ဆက်ရေးပေးပါမယ်။

၁။ အိမ်မှာ ရောဂါအခံရှိတဲ့ လူကြီးမိဘတွေနဲ့ တူတူနေရင် ဘာလုပ်ရမလဲ

အမေးအများဆုံးမေးခွန်းပါ။ ဟုတ်ကဲ့ အပေါ်မှာရေးထားတဲ့ ခွါခွါနေခြင်းကို အတိအကျလိုက်နာဖို့အရေးအကြီးဆုံးပါပဲ။ ကိုယ့်အနားကို လုံးဝ မလာပါစေနဲ့၊ ကိုယ်ကလဲ လုံးဝမကပ်ပါနဲ့ စကားပြောရင် ဝေးဝေးကပဲပြောပါ ပစ္စည်းတစ်ခုခုပေးမယ်ဆို တစ်နေရာရာမှာ တင်ထားခဲ့ပါ ပန်းကန် ရေခွက်စတဲ့ ပစ္စည်းတူတူသုံးတာကိုရှောင်ပါ လူကြီးတွေကို လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေခိုင်းပါ သူတို့ကို တတ်နိုင်သလောက် လေ့ကျင့်ခန်းလုပ်ခိုင်းပါ လူကြီးမို့ မရိုမသေဖြစ်မှာစိုးတယ်တို့၊ မိဘကို အနားကပ်ပြီးချွဲမယ်တို့ လုံးဝလုံးဝ မေ့လိုက်ပါ။

၂။ အိမ်ခန်းကျဥ်းကျဥ်းလေးထဲမှာ အယောက် ၂၀-၃၀ ပြွတ်သိပ်နေရင် ဘယ်လိုလုပ်ရမလဲ

တည့်တည့်မညှာတမ်းပြောရရင်တော့ ဒီလိုနေတဲ့လူတွေကို ဘယ်လိုမှ လုပ်မရပါဘူး။ ကျနော်တို့မှမဟုတ်ဘူး စင်္ကာပူလိုနိုင်ငံတောင် ဒါမျိုးကို ဘာမှလုပ်မရပါဘူး။ အတတ်နိုင်ဆုံးလိုက်နာရမှာတွေ ညွှန်းရရင် လေဝင်လေထွက် အရမ်းကောင်းပါစေ၊ တတ်နိုင်သလောက် တံခါးပြတင်းပေါက်အကုန်ဖွင့်ထားပါ။ နေ့စဥ် နေရောင်ရပါစေ၊ အခန်းထဲ နေထိုးပါစေ၊ ပိတ်ကာမထားပါနဲ့ စကားသိပ်မပြောပါနဲ့။ ချောင်းဆိုး နှာချေမယ်ဆို အပြင်ထွက်ပါ။ ဒါမှမဟုတ်လဲ အဝတ်နဲ့အုပ်ပြီးဆိုးပါ။

၃။ အဲကွန်းခန်းနဲ့နေတယ်ဆို ဘာတွေလုပ်ရမလဲ

နေ့စဥ် အခန်းကို လေဝင်လေထွက်ကောင်းအောင် နာရီဝက်ခန့် ဖွင့်ပေးပါ အဲကွန်းရဲ့ လေစစ်ဇကာကိုနေ့စဥ် ဆပ်ပြာနဲ့ စက္ကန့် ၃၀ အနည်းဆုံးကြာအောင် ဖြုတ်ဖြုတ်ဆေးပေးပါ နေရောင်ပြနိုင်ရင် ပိုကောင်းပါတယ် နေရောင်မပြနိုင်ရင် နေ့စဥ်မဟုတ်တောင် တစ်ပတ်တစ်ခါလောက် ကြမ်းတိုက်၊ စားပွဲတွေ မျက်နှာပြင်တွေကို သုတ်တာမျိုးလုပ်ပေးပါ လေကို အခန်းထဲမှာ လုံမနေပါစေနဲ့

၄။ လူတွေတိုးဝှေ့နေတဲ့ကြား မဖြစ်မနေသွားပြီးရင် ဘာလုပ်ရမလဲ

ချက်ချင်းလုပ်နိုင်တာ ဆပ်ပြာနဲ့ သေချာလက်ဆေးပါ၊ မျက်နှာကို မပွတ်ပါနဲ့ အိမ်ပြန်ရောက်ရင် အင်္ကျီကို ချွတ်ပြီး ချက်ချင်းဆပ်ပြာရေထဲ ထည့်ပါ ခေါင်းလျှော် ရေချိုးပါ (နေပူထဲကပြန်ပြန်လာခြင်းမလုပ်ပါနဲ့၊ အဲဒါမှတန်းဖျားမှာ၊ ရေမချိုးခင် အရိပ်ထဲမှာ နာရီဝက်အနည်းဆုံးနေပါ၊ ရေဝဝသောက်ပါ ရေခဲရေမသောက်ရ၊ ဆီးသွားပါ၊ ချွေးထွက်နေရင် ခြောက်သွားတဲ့အထိစောင့်ပါ) ဆပ်ပြာနဲ့ မျက်နှာသစ်ပါ (မျက်နှာသစ်ချိန်မှာ မျက်လုံးမှိတ်၊ အသက်အောင့်ထားပါ) အဲဒီနေ့ညကို စောစောအိပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ ည ၉ နာရီခန့် အိပ်ခြင်းသည် အကောင်းဆုံးဖြစ်ပြီး ၁၂ နာရီမကျော်ပါစေနှင့်

၅။ အသက်ကြီးတဲ့ ရောဂါအခံရှိတဲ့ လူကြီးတွေဘယ်လိုနေရမလဲ

အလုပ်လုပ်စရာလဲမလိုတဲ့အရွယ်တွေမို့ အိမ်ထဲမှာပဲ နေတတ်အောင်နေပါ။ တရားမှတ်နေပါ။ စာဖတ် ရုပ်ရှင်ကြည့်နေပါ။ လျားလျား လျားလျား လျှောက်သွားမနေအောင် ထိန်းပါ။ နေရာတကာ ဝင်မပါမိအောင်ထိန်းပါ။ သူတို့ကတော့ ဝင်ရင် သေဖို့များတာမို့ မဝင်အောင်ပဲ သူတို့ဟာသူတို့ အတတ်နိုင်ဆုံးကာကွယ်ရမှာပါ။ ကလေးတွေပြောလဲ နားထောင်မှာမဟုတ်ပါဘူး။

၆။ ကလေးတွေကို စိတ်ပူတယ်

ဟုတ်ကဲ့ကလေးတွေဟာ ဘာမှကို စိတ်ပူစရာမရှိတာပါ။ ကိုဗစ်ဝင်လဲ ဖျားတဲ့အဆင့်တောင် ရောက်ဖို့မလွယ်ပါဘူး။ သေဖို့ဆိုတာ အဝေးမှ အဝေးကြီးပါ။ ကိုယ့်ဟာကိုယ်သာ စိတ်ပူပါ။ ချွင်းချက်အနေနဲ့တော့ နှလုံးရောဂါလိုမျိုး ရှိတဲ့ကလေးကတော့ အန္တရာယ်များပါတယ်။

၇။ ဘာဆေးသောက်ရမလဲ

သိပ်သောက်ချင်သပဆို စီဗစ်သောက်ပါ ၅၀၀ မီလီဂရမ်ထက်ပိုစရာမလိုပါဘူး။ တခြားဘာဆေးမှ လျှောက်မသောက်ပါနဲ့ မသောက်တတ်ရင် ဘေးဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ဝန်ထုတ်ဝန်ပိုးဖြစ်စေပါတယ်။ မြန်မာဆေးတွေ လျှောက်မသောက်ပါနဲ့ စွဲမသောက်ပါနဲ့။ ကျောက်ကပ်ထိတဲ့ဆေးအရမ်းများလို့ပါ။

ထပ်မေးချင်တာတွေရှိရင်လဲ မေးခဲ့ပါ။

ကိုဗစ်ဟာ ရှုမိတိုင်း ဖြစ်တာမဟုတ်ပါဘူး။ ရောဂါဖြစ်စေနိုင်လောက်တဲ့ ပမာဏကို ရှုမိမှ ဖြစ်တာပါ။ မဆိုစလောက်ကလေးပဲ ဝင်ရင် ခန္ဓာကိုယ်က တိုက်ထုတ်ပါတယ်။ ကိုယ်ခံအားကောင်းရင် ပိုများများတိုက်ထုတ်နိုင်ပါတယ်။ ဒီသဘောကိုသိဖို့လိုပါတယ်။

နေထိုင်စားသောက်ပုံတွေ ပြောင်းလိုက်ပါ။ ကိုဗစ်နဲ့ ယှဥ်တွဲနေထိုင်နိုင်သွားမှာပါ။ မပြောင်းနိုင်ရင်တော့ ကိုဗစ်မဟုတ်လဲ တခြားရောဂါဝင်ပြီး အသက်ရှည်မှာမဟုတ်ပါဘူး

ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page