ကိုဗစ်ကာလ ရန်ကုန်ဆေးရုံကြီးမှာ နာတာရှည်လူနာတွေ ကြုံတွေ့နေရတဲ့ ဒုက္ခများ

ကိုဗစ်ကာလ ရန်ကုန်ဆေးရုံကြီးမှာ နာတာရှည်လူနာတွေ ကြုံတွေ့နေရတဲ့ ဒုက္ခများ (ကျန်းမာရေးဝန်းထမ်းတွေကို အပြစ်တင်ခြင်း မဟုတ်ပါ)

ကျွန်မ အမေ ဆီးချို အသည်း ကျောက်ကပ်ဝေဒနာရှင် ဆီးချို အတက်အကျ မငြိမ်မှုကြောင့် ၁၅ ရက်နေ့ က အသိလွတ်နေလို့ ပြနေကျ ဆရာဝန်နဲ့ ပြဖို့ရာ အကယ်ဒမီ ဆေးရုံ သွားခဲ့ပါတယ်။ ဆေးရုံရောက်တော့ ကားပေါ်ကတောင်အဆင်း မခံဘဲ ရန်ကုန်ဆေးရုံကြီး တန်းလွှတ်ပါတယ်။

ဆေးရုံကြီး ရောက်ချိန် ဆီးချိုဝေဒနာသည် တာမွေမြို့နယ် လည်း ဆိုရော xray ရိုက်ခိုင်းပါတယ်၊ အဆုတ်အနေအထား မကြိုက်ပါဘူးဆိုပြီး ကိုဗစ် သံသယ ထဲ ထည့်လိုက်ပါတယ်၊ အမေ့မှာ ချောင်းဆိုး၊ အနံ့ပျောက် ၊ အဖျား ဘာမှ ရှိမနေပါဘူး၊ ၂နာရီ ဝန်းကျင်လောက် စောင့်ပြီး သကာလ မှာ စောင့်ကြည့်လူနာဆောင်(ရန်ကုန်ဆေးရုံကြီး) သွားခိုင်းပါတယ်၊ အပေါက်မှာ ပြောပါတယ် လူနာစောင့်တယောက်လိုက်ခွင့်ရှိပါတယ်တဲ့၊ ဒါပေမယ့် လုံးဝ ပြန်ထွက်လို့ မရတော့ပါဘူးတဲ့၊ ကျွန်မ အမေနဲ့ အထဲ ဝင်ခဲ့ပါတယ်၊ အဲ့ချိန်ထိ အမေ့ကို အချိုရည်တိုက်အစားကျွေး ကိုယ့်ဘာသာ လုပ်ထားရပါတယ်။

အထဲရောက်မှ မြင်ရက်စရာမရှိပါဘူး၊ လမ်းသွားလို့ရတဲ့ လမ်းကြောင်း ကလွဲ အကုန်အပြည့်ပါ ၊ တချို့က အမေ့လို သူတို့ရောဂါ serious ဖြစ်လို့ ပြနေကျ ဆေးရုံတွေ (SSC, Grand Hantha, ဝိတိုရိယ)တွေကလည်း ဒီလွှတ်လို့ လာရတဲ့သူတွေရှိသလို၊ အနံ့ပျောက် ချောင်းဆိုးတွေ ဒုနဲ့ဒေး ပါ ကုတင်ပေါ်တွေမှာတော့ oxygen ပေးထားရတဲ့သူတွေရယ် ကြမ်းတပြင်လုံး ဘေးသံခုံတန်းတွေ အကုန်လုံးမှာ အကုန်ပြွတ်သိပ် နေရာယူထားကြပါတယ် ၊အဲ့ပြွတ်သိပ်နေသူ အယောက် ၇၀ခန့်အတွက် ဘေစင်နဲ့တွဲလျက် အိမ်သာ တစ်လုံးရှိပါတယ်၊ ရေချိုးခန်းမရှိပါ၊ ရေမဆင်းနိုင်တဲ့ဘေစင်တလုံး လူနာကုတင်တွေကြားမှာ ရှိပါတယ်။

ဆေးဝယ်ဖို့အတွက် အပြင်မှာ ကိုယ့်လူတယောက်ရှိနေမှ ပြေပါတယ်၊ အိမ်က ပို့ချင်တာ အိမ်ကိုပြန်ထည့်ပေးချင်တာ အပေါက်က security မှဆစ်ဆင့် လုပ်ပေးပါတယ်၊ သော့အချိန်ပြည့် ခတ်ထားပါတယ်။

အမေကတော့ wheelchair ပေါ်မှာ တညလုံး ငုတ်တုတ်ပါ ကျွန်မ ကြမ်းပေါ်မှာ ခင်းထိုင်ပါတယ်၊ ည၁၀ခွဲလောက်မှာ သောက်ရမယ့်ဆေးပေးပါတယ်၊ မနက် ၆နာရီကျော်မှာ ကုတင်နေရာလေး ရပါတယ်၊ ၁၀နာရီ (၁၆.၉.၂၀၂၀)မှာ swab ယူ ပါတယ်၊ ကြားချိန်တွေ မှာ အမေ့ကို treatment ကောင်းကောင်းပေးလို့လည်း အသိအမှတ်ပြုပါတယ်၊ အမေကတော့ ဆီးချိုတွေတက်လိုက် ကတုန်ကယင်တွေ ဖြစ်လိုက် ဆရာမ ပြေးခေါ် ဆေးထိုးချ အရမ်းကျသွားလိုက် ကတုန်ကယင် ပြန်ဖြစ်လိုက် ပြေးခေါ်လိုက် အချိုရည်တွေ တိုက်ပါဆိုတိုက်လိုက် အစားကျွေးလိုက် လုပ်နေရပါတယ်၊ အသိလည်းတချက်တချက်လွတ်နေတတ်ပါတယ်၊ အဲ့လိုမျိုးနဲ့ အမေဟာ လှုပ်ရှားမှု အဆင်မပြေတော့ပါဘူး၊ အိမ်သာပေါက်နားထိ wheelchair တွန်းသွားပြီး တွဲပြီး အိမ်သာပေါ် ထိုင် ထ လုပ်ဖို့တောင် တော်တော် ခဲယဉ်း နေခဲ့ပါပြီ။ diaper နဲ့ ပဲ ထားပါတော့တယ်၊ အိမ်သာတလုံးတည်း ပြုံတိုးနေရတဲ့ အနေအထား မှာ အမေ့ကိုလည်း သည်းခံ ခိုင်းခဲ့ပါတယ်၊ အလေး စွန့်မှသာ မဖြစ်မနေ သွားကြပါတယ်။

၁၈ ရက်နေ့ နေ့ခင်းထိ ဆေးရုံက ဘာမှ မပြောပါဘူး၊ သူများတွေတော့ တဖွဲဖွဲ သွားနေကြတာပေါ့ + တွေ၊ နေ့ခင်း ၂နာရီလောက်မှာ အဖေ က ကျွန်မဆီ ဆက်ပြီး အမေ + ဖြစ်ကြောင်း ခဏနေ ဖောင်ကြီး ပို့ဖို့ ကား လာခေါ်မှာ ဖြစ်ကြောင်း ပြောပါတယ်၊ သမီးလည်း လိုက်သွားလို့မရပါဘူးတဲ့ ဒီလိုခြေနေမျိုးနဲ့ အမေ့ကို ကျွန်မ ဘယ်လို ထည့်ရပါမလဲ ၊ အဲ့ချိန်မှာပဲ ဆေးရုံကလူနာစောင့်နာမည်တွေ ခေါ်ပါတယ်၊ လူနာစောင့်တွေ Q center သွားဖို့ ကားရောက်နေပါပြီ ဆိုပြီး ၊ အမေ့ ကို ဘယ်လိုလုပ်ရမလဲ၊ အဲ့ချိန် ကျွန်မလို လူနာစောင့် (သူ့အမေလေဖြတ်နေသူ + ဖြစ်) က ဒီလူနာကို ဘယ်လိုထားခဲ့ပြီး လိုက်ရမလဲ မလိုက်နိုင်သေးဘူး ဝိုင်းပြောကြပါတယ်၊ အာ့ဆို Q center ပို့မယ့် နောက်ဆုံး ကား နဲ့ တော့ လိုက်သွားပေးပါလို့ ဆေးရုံက request လုပ်ပါတယ်၊ ၃နာရီ မှာ ဖောင်ကြီး ကားပေါ်ကို အမေ့ကို အတင်းပွေ့တင်ရပါတယ်၊ စိတ်မချမှုများစွာနဲ့ ဘေးက လူငယ်တွေကို အဆင်းကျရင် ကူညီပေးဖို့မှာနေမိပါတယ်၊ ဆေးရုံကြီးက nurse ကလည်း ကားပေါ် လူလိုက်စစ်ရင်း အမ ဆင်းတော့လေတဲ့ ဟိုရောက်ရင် ကူမယ့်သူတွေ ရှိပါတယ်တဲ့ ၊ အမေကတော့ အားတင်းထားပုံပါပဲ သူ့ကိုယ်သူလည်း ဘာခြေနေကြီး ဖြစ်သွားလဲ မသိလိုက်ပုံပါပဲ ။

ဖောင်ကြီး ရောက်ချိန်မှာ ကားပေါ်က ဆင်းသူတွေထဲ အမေပဲ မနည်း ဆင်းပြီး အထုပ်တွေနဲ့ ငုတ်တုတ်ပေါ့နော် သူမလျှောက်နိုင်တော့ပါဘူး ၊ တကြော်ကြော် သူပြောပါတယ်ပေါ့ သူမလျှောက်နိုင်ကြောင်း သူ့ဘယ်သူမှ အဖတ်မလုပ်ပါဘူးပေါ့နော်၊ ဆိုက်ကားသမားက လာတွဲပြီး အထုပ်မတော့ အဲ့လူကို ကားဆရာက အော်ထုတ် ပါရောတဲ့ အမေလို သူတို့က အမေတို့ကို ထိလို့ မရဘူးလေလို့ အော်တဲ့ အေဟုတ်မယ်နော်တဲ့နင်ပြောမှ သဘောပေါက်တယ်တဲ့ ၊ အာ့ကြောင့် ဘယ်သူမှ သယ်ပေး လုပ်ပေးမယ့်သူမရှိတာပေါ့တဲ့ လေဖြတ်နေတဲ့အန်တီကြီးဆို ငိုငိုပြီး သူ့သားကို ဖုန်းဆက်ပေးပါ လုပ်နေတာတဲ့ ၊ နောက်ဆုံးမှ ငါတို့ နှစ်ယောက်ကို လျှောက်လို့မရဘူးလား ဆိုပြီး ခဏစောင့်ခိုင်းတယ် ၊ အဲ့ချိန် မိုးတွေ မိကြပါရောတဲ့၊ ဆရာဝန်တယောက်ရောက်လာပြီး ဘယ်လိုခံစားနေရလဲ ဘာညာ မေး ဆီးချိုရှိကြောင်း သိရမှ သွေးချိုတိုင်းတာကျနေလို့ အချိုရည်တိုက် အထုပ်သယ်ဘာညာ wheelchair နဲ့ အဆောင်ပို့ လုပ်ပေးပါတယ်တဲ့။

အဆောင် မှာ ထမင်း က သွားယူရတယ်ပြောပါတယ် ၊ ရေက ရေစင်မှာ သွားဖြည့်ရတယ် ပြောပါတယ်၊ ဘေးက လူကတော့ ဟိုနေ့က ယူ လာပေးတယ် ပြောပါတယ်၊ အိမ်သာ ဝေးလို့ သူမသွားနိုင်ပါဘူး ပြောပါတယ်၊ diaper ထဲ အကုန်စွန့် wet tissue နဲ့ သန့်စင်ဖို့ ပြောထားပါတယ်၊ Brand ဘူး ensure ဘူးတွေ ကို ကုတင်နား လာသူ ကြုံတဲ့ သူ ဖောက်ခိုင်း ဆိုတာမျိုး မှာထားပါတယ်။

သွေးချိုတိုင်း၊ pressureတိုင်း၊ ဆေးယူ သူအားတင်းပြီးတော့ သွားရှာပါတယ်၊ wheelchairလေးနဲ့ဆိုကောင်းမှာပဲ၊ အခန်းထဲ လာတိုင်းပေးရင်ကောင်းမှာပဲ၊ ငါခဏခဏသွားရတာ တအားမောလို့ပါ ဆိုပြီး ပြောရှာပါတယ်၊ ကျွန်မ အမေ လူမမာကိုပဲ အားတင်းရုန်းကန် ခိုင်းထားပါတယ်။

စာအရှည်ကြီး နဲ့ဖြစ်ကြောင်းကုန်စင် ဖော်ပြရခြင်းသည် +လူနာအခြေအနေကို မသိဘဲ အမျိုးမျိုး ပြစ်တင်ဝေဖန်နေမှုများရှိသည်တကြောင်း၊ အနံ့ပျောက်သူများ ဆေးရုံကြီး သွားမည်ဆိုပါက အခြေအနေအရပ်ရပ်အား သိရှိရန်၊ ထိုကဲ့သို့ ဘေးတွင် အကူလိုနေသူ + လူနာများအတွက် သာမက လူမမယ်ကလေး + များအတွက် မိသားစု ဝင် တစ်ဦးဦး မှ လိုက်လံ လုပ်ကိုင်ခွင့်ပေးသင့်ကြောင်း၊ ထိုသို့ လုပ်ကိုင်ပေးရမှုအတွက် နောင်အကျိုးဆက်များအား မိသားစုဝင်များမှ ကြည်ဖြူစွာ လက်ခံနိုင်ပါကြောင်း၊ မဟုတ်ပါက ထိုကဲ့သို့ အကူလိုသူ (+) လူမမာများနှင့် (+)လူမမယ်ကလေး များအတွက် မည်သို့ စဥ်းစား ဆုံးဖြတ် ပေးထားသည့် plan ရှိ၊ မရှိ Plan ရှိမှရပါမည် ၊ ခုက တချိန်မဟုတ်တချိန် ထိုကဲ့သို့ အလားတူ ဖြစ်စဥ် များရှိနိုင်ပါသည်၊ ကျွန်မ အမေကဲ့သို့ မည်သူမျှ စိတ်မဆင်းရဲစေလိုပါ။ လေဖြတ်နေသူများ (oxygen) လိုနေသူများ၊ အသည်းအသန် ဝေဒနာ ခံစားနေရသူများ ICU ထဲတွင် ထားသော်လည်း ကျွန်မ အမေကဲ့သို့ လူမျိုးများ အတွက် အမှန်ပင် အခက်အခဲရှိနေပါသည်။

အေးမင်းသန်း

မှတ်ချက်။ ခုဆိုရင်တော့ ဖောင်ကြီးမှာ လက်မှတ်ထိုးပြီး လိုက်လာလို့ ရပါပြီ..

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page