ရန်ကုန်တွင် ကိုဗစ်ကို ထိန်းချုပ်နိုင်ရန် အချိန် ၂ ပတ်သာ လိုအပ်ဟု လူမှုရေးဝန်ကြီး ပြော

ရန်ကုန်တွင် ကိုဗစ်ကို ထိန်းချုပ်နိုင်ရန် အချိန် ၂ ပတ်သာ လိုအပ်ဟု လူမှုရေးဝန်ကြီး ပြော

ရန်ကုန်တိုင်းအတွင်း ကိုဗစ် ရောဂါပြန့်ပွားမှုကို အမှန်တကယ် ထိန်းချုပ်နိုင်ဖို့ အချိန်နှစ်ပတ်သာလိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။ ပြည်သူလူထုအနေနဲ့ နှစ်ပတ်အတွင်းအိမ်ထဲမှာနေပါက ရောဂါပြန့်ပွား မှုကို ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ ဦးနိုင်ငံလင်းက အခုလိုပြောပါတယ်။

“တကယ်ထိန်းချုပ်မယ်ဆိုရင် နှစ်ပတ်ပဲလိုတယ်။ အဲဒီနှစ်ပတ်အတွင်းမှာ အိမ်ထဲမှာဘဲနေလိုက် ဘာမှမဖြစ်တော့ဘူး။ လူတိုင်းသိနိုင်တဲ့ ကိစ္စတစ်ခုရှိတယ်။ သင်္ကြန်မှာ ကျွန်တော်တို့တွေ တစ်ယောက်မှအပြင် မထွက်ဘဲ လမ်းတွေမှာ ဘာကားမှမရှိဘဲ နေလိုက်တာ ကျွန်တော်တို့ ပထမလှိုင်း (First wave) ကောင်းကောင်းကျော်လွှားနိုင်ပါတယ်။ အခု ဒုတိယလှိုင်းမှာလည်း ပြည်သူလူထုက အိမ်ထဲမှာဘဲနေ နှစ်ပတ်ပဲနေ အဲဒါတစ်ချို့ကလည်းပြောပါတယ် အစိုးရက ထုတ်ပါလားပေါ့ ညွှန်ကြားချက် အစိုးရဆိုတာကလည်း စားဝတ်နေရေးကို ကြည့်ရသေးတယ်။

ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ ကိုဗစ် ကာကွယ်ရေးလမ်းကြောင်းဟာ ကျွန်တော်တို့က စားဝတ်နေရေးနဲ့ ထိန်းချုပ်ရေးကို ဒွန်တွဲပြီးတော့ ချိန်ညှိပြီးသွားရတာ ပြည်သူတွေ ဘာဘဲဖြစ်ဖြစ် စားဝတ်နေရေးအတွက် ငတ်ပြတ်နေတဲ့ အခြေအနေ တွေရှိလာတာကို ကျွန်တော်တို့ကြားနေရတယ်။ အဲဒါ ကျွန်တော်တို့ စိတ်မကောင်ဘူး။ အဲတော့ ကျွန်တော်တို့မှာ အဲလိုသွားရတဲ့အတွက် ကြောင့်မို့လို့ အတတ်နိုင်ဆုံးအပြင်ထွက်ဖို့ လိုအပ်လို့ အပြင်ထွက်ဖို့ လိုအပ်တယ်။ အပြင်မထွက်လို့ မရတော့ဘူးဆိုမှ ထွက်ပါ။ ထွက်တဲ့ အခါကျရင် Mask ကို လုံလုံခြုံခြုံတပ်ပါ။ နောက်တော့ ပြန်လာလို့ရှိရင် လက်ဆေးပါ။ ဒါအများကြီး ကျွန်တော်တို့ ညွှန်ကြားချက်တွေထုတ် ထားတာရှိတယ်။ အဲဒါတွေကိုလိုက်နာပေးပါ။ အဲဒါဆိုရင် အမြန်ဆုံး ထိန်းချုပ်နိုင်မှာပါ” လို့ ဦးနိုင်ငံလင်းကပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းအတွင်းမှာ ရောဂါပိုးကူးစက်နှုန်းဟာ ဆက်လက်မြင့်တက်လျက်ရှိနေပါတယ်။ ရောဂါကုသရေးအပိုင်းမှ ာနိုင်နိုင်နင်းနင်းလုပ်နိုင်ပေမယ့် ကာကွယ်ထိန်း ချုပ်ရေးမှာ အခက်အခဲရှိတာကြောင့် ပြည်သူလူထုအနေနဲ့ အပြည့်အဝ ပူးပေါင်း ပါဝင်ဖို့လိုတယ်လို့ ဦးနိုင်ငံလင်းက အခုလိုဆက်ပြောပါတယ်။

“အဓိကအခက်အခဲက ဘာလဲဆိုရင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု ပြည်သူလူထုက အများပြည်သူသွားတဲ့နေရာတွေ လူစုလူဝေး ဖြစ်တဲ့ နေရာတွေ မသွားနဲ့ဆို သွားတယ်။ Mask တပ်ဆိုရင် Mask ကို လုံလုံခြုံ ခြုံမတပ်ဘူး။ ဒါမျိုးတွေပေါ့။ အဲဒါကပြည်သူလူထုကို အပြစ်ပြော တာမဟုတ်ဘူး။ အဲလိုမျိုးဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ အခက်အခဲရှိတယ်။ ကျွန်တော်တို့ ထိန်းချုပ်ရခက်ခဲတယ်။

ပြည်သူလူထု ပူးပေါင်းပါဝင်မှုအပြည်ရှိရင် ကျွန်တော်တို့လည်း ထိန်းချုပ်မှုအပြည့်ရနိုင် တယ်။ အဲတော့ ကျွန်တော်တို့ အရင်တုန်းက Second wave ကို နိုင်နိုင်နင်းနင်း ထိန်းနိုင်တယ် အခုလည်း ကျွန်တော်တို့ ထိန်းတယ် မထိန်းနိုင်ဘူးလို့မပြောဘူး ထိန်းနိုင်တယ်။ ဒါပေမယ့် ပြည်သူလူထုက ပိုပြီးတော့ ကြပ်ကြပ်မတ်မတ်လေး ပြည်သူလူထုက ဂရုစိုက်ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကပိုပြီး ထိန်းနိုင်မယ်” လို့ ဦးနိုင်ငံလင်းကပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေအရ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောဂါပိုးကူးစက်ခံထားရသူ ကိုးသောင်း သုံးထောင်ကျော်ရှိနေပြီး ရန်ကုန်တိုင်းဟာ ပိုးကူးစက်နှုန်းအများဆုံးဖြစ် နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page