ကိုဗစ်နဲ့ အတူ ပြောင်းလဲတော့မယ့် မြန်မာပြည်ရဲ့ အနာဂတ်လားရာ

ဗျူဟာနဲ့ လားရာ

မနေ့က ဆေးရုံတွေနဲ့ ကုသရေးစင်တာတွေကနေ လူနာပေါင်း ၂၀၀၀ ကျော်ကို ပြန်ပေးဆင်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ COVID တိုက်ဖျက်ရေးနေ့စွဲတွေထဲမှာ အများဆုံးအရေအတွက်ပါ။ ဘာလို့ ဒီလိုဆင်းပေးလိုက်ရတာလဲ။ ဘာတွေပြောင်းလဲသွားလို့ဆိုတာကို ရှင်းပြပါမယ်။

အဓိကကတော့ ရက် ၁ ရက် ရှေ့တိုးလိုက်တာဖြစ်ပါတယ်။ အရင်က လက္ခဏာမပြသူဆို ၁၁ ရက်ထားရာက အခု ၁၀ ရက်ကိုပဲ တိုးလိုက်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက ရက်ကို စတင်တွက်ပုံပါ။ အများစုက ပိုးရှိတယ်လို့ အကြောင်းကြားတဲ့နေ့ကို ပိုးတွေ့တဲ့နေ့လို့ မှားပီးမှတ်နေကြပါတယ်။ တကယ်တမ်းကတော့ swab ယူတဲ့နေ့က စတွက်ရမှာပါ။ ဥပမာ ၁ ရက်နေ့မှာ swab လာယူတယ်။ ၃ ရက်နေ့မှာ အဖြေသိရတယ်။ ၅ ရက်နေ့မှာ ဆေးရုံရောက်တယ်ဆိုရင် swab စယူတဲ့အချိန်က ပိုးရှိတဲ့အချိန်မို့ သူဟာ ၅ ရက် ရှိနေပါပီ။ ဆေးရုံမှာ နောက် ၅ ရက် ၆ ရက်လောက်နေလိုက်ရင် ပြန်လို့ရပါပီ။ ဒီလိုပါပဲ။ အနံ့ပျောက်လူနာတွေအနေနဲ့လဲ စပီး အနံ့ပျောက်တဲ့နေ့က စရေတွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆေးရုံဆင်းတဲ့လူနာတွေ များလာတာဖြစ်ပါတယ်။

နောက်တခုကတော့ အခုထိ ကုသဖို့ အစွမ်းကုန်လုပ်နေကြတာကိုပါပဲ။ ဘာလို့ ဒီလူနာတွေကို အိမ်မှာမထားသလဲပေါ့။ အချိန်ကျရင်တော့ ပြောင်းမှာပါ။ တကယ်တော့ လူနာအတွက်က အိမ်မှာ ဘယ်လောက်ကောင်းကောင်း ထားနိုင်သည်ဖြစ်စေ အားပေးသည်ဖြစ်စေ၊ ခံစားချက်က မတူပါဘူး။ ဆရာဝန်တယောက်က ကောင်းသွားမှာပါလို့ အားပေးတဲ့စကားဟာ သူ့အတွက် ကြီးစွာသော စိတ်အင်အားကို ရရှိစေပါတယ်။ ဆေးရုံမှာ နေရခြင်းဟာ သူ့အတွက် လုံခြုံတယ်လို့ ခံစားရတတ်ပါတယ်။ လူနာတိုင်းက ဒီလိုပါပဲ။ ဒါကြောင့်လဲ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေဟာ ကြံ့ကြံ့ခံပီး ကုသပေးနေကြတာ ဖြစ်ပါတယ်။

တခြားတိုင်းပြည်တွေမှာဆို စစ်ဆေးခကအစ ငွေပေးရပါတယ်။ Q ဝင်ရင်လဲ ပိုက်ဆံပေးရပါတယ်။ ဆရာဝန်လာကြည့်ဖို့ဆိုလဲ ငွေကုန်တာတွေ ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအတွက်လဲ အဲဒီလိုဆို ပိုပီး သက်တောင့်သက်သာ ရှိမှာ အမှန်ပါပဲ။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်က ဆင်းရဲပါတယ်။ အလယ်အလတ်လူတန်းစားနဲ့ ဆင်းရဲသားလူတန်းစားတွေက ဒီလောက် ငွေပမာဏ မရှိရှာပါဘူး။ အဲဒီလိုမှ စစ်ရမယ်ဆို ဘယ်သူမှ မစစ်နိုင်ပါဘူး။ အခု ထိုးပေးနေတဲ့ Remdisivir ဆေးမျိုးဆို ဒေါ်လာ ၅၀ လောက် တန်ကြေးရှိပါတယ်။ အောက်ဆီဂျင်ဆိုလဲ အလကားမရပါဘူး။ ပြည်သူအများစုက ဒီလောက် မတတ်နိုင်ကြပါဘူး။

ချမ်းသာတဲ့ သူဌေးတယောက်က သူ့အဖေကို ဆေးရုံမှာ ကောင်းကောင်းထားမယ်။ အကောင်းဆုံးဆေးတွေ သုံးပေးမယ်။ အောက်ဆီဂျင်တွေ ရှူခိုင်းမယ်။ ဒီအချိန်မှာပဲ တနေ့လုပ် တနေ့စားရတဲ့ နွမ်းပါးတဲ့ အလုပ်သမလေးကတော့ သူမရဲ့ အဖေကို ဆေးရုံတင်နိုင်မှာမဟုတ်ပါဘူး။ မောကြပ်နေလဲ အောက်ဆီဂျင်ရမှာ မဟုတ်ပါဘူး။ ထိုင်ပဲ ကြည့်နေရမှာပါ။ သူမအတွက်လဲ သူမရဲ့ အဖေဟာ အဖိုးတန်မှာပါ။ ဒီလိုအဖြစ်မျိုးတွေ မဖြစ်စေဖို့ လူ့အသက်တချောင်းစီတိုင်းကို တန်ဖိုးထားလို့ အမေစုက ပြည်သူတွေအားလုံးအတွက် နိုင်ငံတော်ကပဲ အကုန်ကျခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ရောဂါအခြေအနေပေါ် မူတည်ပီး အားလုံးဟာ တန်းတူ ကုသမှုကို ရရှိနိုင်ပါတယ်။ အောက်ဆီဂျင်တွေ၊ အထူးကုဆရာဝန်တွေရဲ့ ကုသမှုတွေ၊ ICU မှာ သုံးစွဲတဲ့ဆေးတွေ အကုန် အလကားရရှိနိုင်ပါတယ်။ တကမ္ဘာလုံးမှာ အစိုးရက ပေးတဲ့ စောင့်ရှောက်မှုအကောင်းဆုံးနိုင်ငံထဲမှာ မြန်မာပါပါတယ်။ ဒါ့အပြင် Remdisivir ဆေးကိုလဲ အလုံးရေ ၁၅၀၀၀ ဝယ်ထားပါတယ်။ လူတယောက်ကို ၆ လုံး သုံးစွဲပေးရပါတယ်။ ဒါတွေဟာ အမေစုရဲ့ စွမ်းဆောင်မှုတွေပါ။ ရွေးကောက်ပွဲမှာ သူမ မနိုင်ရင်တော့ ဘာဆက်ဖြစ်မလဲ မသိပါဘူး။

အခုဆိုရင် ဥရောပတိုက်မှာကော ကမ္ဘာတဝှမ်းမှာ ပိုးကူးစက်မှုတွေ ပြန်မြင့်တက်လာပါတယ်။ တကယ့်လက်တွေ့ကို ပြောရမယ်ဆိုရင်တော့ ကာကွယ်ဆေးဟာ နှစ်ကုန်လောက်မှာ ရနိုင်တယ်ဆိုတာ မှန်ပါတယ်။ ဆွေးနွေးမှုတွေအရလဲ မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ၂၀% ဟာ ကာကွယ်ဆေးရမှာပါ။ ၁၀ သန်းလောက်ပေါ့။ အဲဒီဆေးကို ကျန်းမာရေးဝန်ထမ်းတွေက ဦးစားပေးရရှိပါမယ်။ ကျန်တာက နိုင်ငံအကြီးအကဲတွေ၊ လူကြီးတွေ အစရှိသဖြင့်ပေါ့။ မြန်မာတပြည်လုံးကို ထိုးပေးနိုင်ဖို့က မလွယ်သေးပါဘူး။ နောက်နှစ်ကုန်လောက်မှ အားလုံးကို ထိုးပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ဟာ လားရာအသစ်ကို ရှာဖို့လိုပါတယ်။ လာမယ့်တနှစ်လုံး အိမ်ထဲမှာပဲ ငုတ်တုတ်ထိုင်နေကြမလား။ ဒါဟာ လက်တွေ့နဲ့ ဝေးကွာလွန်းပါတယ်။ အိမ်မှာ အနေကြာရင် လူတွေဟာ စိတ်တိုတယ်။ စိတ်ဓာတ်ကျတယ်။ WHO ရဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာ ထုတ်ပြန်ချက်အရဆို ကမ္ဘာပေါ်မှာ စက္ကန့် ၄၀ တိုင်း လူတယောက်ဟာ သူ့ကိုယ်သူ သတ်သေနေပါတယ်။ ဒီတော့ ဒါတွေကနေ ရုန်းထွက်ရပါလိမ့်မယ်။

သူများတိုင်းပြည်တွေမှာ ရောဂါရှိလင့်ကစား ပုံမှန်ပဲ သွားလာနေထိုင်နေကြတယ်။ အင်္ဂလန်မှာ တင်းကြပ်မှုတွေ လုပ်ထားပေမယ့် ဘောလုံးပွဲတွေ ကန်နေကြတုန်း။ စားသောက်ဆိုင်တွေ ဖွင့်နေဆဲပါ။ ပြင်သစ်မှာလဲ လူသောင်းချီ ကူးစက်ပေမယ့် တင်းနစ်ပွဲတွေ ကျင်းပပီး ပရိသတ်တွေတောင် Mask တပ်ပီး ဝင်ကြည့်ခွင့်ပေးနေပါတယ်။ မြန်မာပြည်မှာလဲ ကျနော်တို့ဟာ ဒီလမ်းကိုပဲ သွားဖို့ ကြိုးစားရမှာပါ။ ရောဂါကို ထိုက်သင့်သလောက် ထိန်းချုပ်နိုင်ပီဆိုရင် လူတိုင်း လူတိုင်းဟာ လုပ်ငန်းတွေ ပြန်လည်စတင်ကြပါမယ်။ Mask ကို အမြဲတပ်ထားမယ်။ ခွာခွာလေးနေပီး လက်မကြာခဏဆေးမယ်။ လာမည့်နှစ်ကို ဒီလို ပုံစံအသစ်နဲ့ပဲ အကောင်းဆုံးဖြတ်ကျော်ရပါလိမ့်မယ်။ ဒါက တကယ်ကို လက်တွေ့ကျကျ ဖြတ်သန်းရမယ့် အခြေအနေကို ရှင်းပြခြင်းဖြစ်ပါတယ်။ ဒီရောဂါဟာ နေ့ချင်း ညချင်း ကူးစက်သူ မရှိတော့ပဲ ပျောက်သွားမှာ မဟုတ်ပါဘူး။ ဒီရောဂါနဲ့ ယှဉ်တွဲနေထိုင်ပီး တိုက်ပွဲဝင်ရမှာက အသေအချာပါပဲ။

ဒီကပ်ရောဂါက ကမ္ဘာကို အတွေးအမြင်အသစ်တွေ အများကြီး ချပေးလိုက်ပါတယ်။ လူသားတွေဟာ စစ်လက်နက်တွေနဲ့ နောက်ဆုံးပေါ်နည်းပညာတွေမှာ ငွေကြေးမြောက်မြားစွာ မြှပ်နှံထားတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့လူအကုန်ကို သတ်ပစ်နိုင်တဲ့ စစ်လက်နက်တွေရှိတယ်။ ကျည်ဆံတောင့်တွေ မရည်မတွက်နိုင်အောင် များတယ်။ ဒါပေမယ့် ကပ်ရောဂါစဖြစ်တော့ တကမ္ဘာလုံးမှာရှိတဲ့ Ventilator အရေအတွက်က ၁ သိန်းတောင် မရှိချင်ပါဘူး။ ၃၅ ကျပ်လောက်ပဲ တန်တဲ့ Mask လဲ အလုံအလောက်မရှိပါဘူး။ ကျနော်တို့ တိုင်းပြည်အနေနဲ့လဲ အနာဂတ်ကာလတွေအတွက် ကုတင် ၁၀၀ လောက်ပဲဆန့်တဲ့ ဝေဘာဂီတို့ တောင်ဥက္ကလာဆေးရုံတို့လောက်နဲ့ မရနိုင်တော့ဘူးဆိုတာကို ဒီကပ်ရောဂါ သင်ပေးခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ လူနာ ထောင်ချီဆန့်တဲ့ ဖောင်ကြီးလို ကူးစက်ဆေးရုံတွေ ၂ ရုံလောက် အနည်းဆုံးရှိနေအောင် တည်ဆောက်ထားရပါလိမ့်မယ်။ ကျန်းမာရေးဘတ်ဂျတ်ကိုလဲ မြှင့်တင်ရပါမယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ကပ်ရောဂါတွေဟာ အနာဂတ်ကာလတွေမှာလဲ ဆက်ဖြစ်နေမှာက အသေအချာမို့ပါပဲ။

နိဂုံးချုပ်ရရင်တော့ ကျနော်တို့ဟာ အခု တတ်နိုင်သလောက် ကြိုးစားနေတယ်။ ထိန်းချုပ်လို့တော့ မရသေးဘူး။ အစိုးရဟာ ကျန်းမာရေးနဲ့ စီးပွားရေးကြားမှာ ချိန်ပီး သွားနေရတယ်။ ထိန်းချုပ်လာနိုင်ခဲ့ရင်လဲ အရင်လို တပြည်လုံးကို ခရီးပတ်သွားတာမျိုး၊ Mask မပါပဲ နေချင်သလို သွားလာနေတာမျိုး မလုပ်နိုင်သေးပါဘူး။ အဲဒီအနေအထားကနေ တတိယလှိုင်းတွေ ဖြစ်မလာအောင် ဆင်ခြင်ပီး နောက် တနှစ်လောက်ကို စည်းကမ်းတကျနဲ့ ဖြတ်ကျော်ရပါဦးမယ်။ တဖက်မှာလဲ ကာကွယ်ဆေးတွေကို ရသလောက် ဖြည်းဖြည်းချင်း ထိုးပေးလာပီး အားလုံးနီးပါး ထိုးပေးပီးမှသာ ဒီကပ်ရောဂါဟာ ပီးဆုံးမှာဖြစ်ပါတယ်။ အဲဒီအချိန်မှလဲ တကမ္ဘာလုံးက နိုင်ငံတွေနဲ့ ချိတ်ဆက်သွားလာနိုင်တဲ့ အပြည်ပြည်ဆိုင်ရာလမ်းကြောင်းတွေက ပြန်ပွင့်မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ပညာရေး၊ စီးပွားရေးနဲ့ လူမှုရေးတွေမှာ ဘာတွေ ဆက်လုပ်ကြမယ်ဆိုတာကို အခုထဲက ကြိုတင်စဉ်းစားပြင်ဆင်နိုင်စေဖို့ ဖြစ်လာမယ့် လားရာတွေရဲ့ အကြောင်းကို ရေးသားလိုက်ရပါတယ်။

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page