ကိုဗစ်လူနာတသန်းကျော် လာတဲ့ အင်္ဂလန်မှာ လော့‌ဒေါင်း တလ ချမှတ်လိုက်ပြီ

ကိုဗစ်လူနာတသန်းကျော် လာတဲ့ အင်္ဂလန်မှာ လော့‌ဒေါင်း တလ ချမှတ်လိုက်ပြီ

ကိုဗစ် ကပ်ရောဂါကူးစက်မှု ဒုတိယလှိုင်း ပြန့်ပွားလာသည့် ဥရောပတဝန်းတွင် ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနိုင်ငံများနည်းတူ ဗြိတိန်သည်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အသွားအလာ ပိတ်ပင်မိန့်ကို အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်လိုက်ရပြီဖြစ်သည်။

ယင်းကဲ့သို့ နိုင်ငံတဝန်း လော့ဒေါင်းချ ပိတ်ပင်မှုသည် အခြေအနေ အလွန်ဆိုးရွားစေမည်ဟုဆိုကာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်က ပိတ်ပင်တားမြစ်ရေး တောင်းဆိုချက်များ သီတင်းပတ် အတော်ကြာ လက်မခံဘဲနေခဲ့ရာမှာ ကိုဗစ်အတည်ပြုလူနာ ၁ သန်းပြည့်မြောက်လာချိန်တွင် ပိတ်ပင်မိန့် ထုတ်ပြန်လိုက်ရခြင်းဖြစ်သည်။

ဗြိတိန်သည် ဥရောပတွင် ကိုဗစ်ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံဖြစ်ပြီး တစ်ရက်လျှင် လူနာသစ် ၂၀၀၀၀ ကျော်ရှိနေပြီး အဆိုးဆုံးအနေဖြင့် သေဆုံးသူ ၈၀၀၀၀ အထိ ရှိနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

ယင်းအခြေအနေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ပင်မှုကို ကြာသပတေးနေ့သန်းခေါင်ယံမှ စတင်ကာ ဒီဇင်ဘာလ ၂ ရက်အထိ တစ်လကြာ ထားရှိမည်ဖြစ်ကြောင်း မစ္စတာဂျွန်ဆင်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ငြိမ်းချမ်းချိန်ကာလ ဗြိတိန်တွင် အတင်းကျပ်ဆုံးပိတ်ပင်မှုတစ်ခုဖြစ်လာသည့် ညွန်ကြားချက်အရ ပြည်သူများသည် ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးလေ့ကျင့်ခန်း၊ မရှိမဖြစ်ပစ္စည်းနှင့်ဆေးဝါးဝယ်ခြမ်းမှုတို့ကဲ့သို့ တိကျသည့်အကြောင်းရင်းမပြနိုင်သည့်ကိစ္စများမှလွဲ၍ အိမ်မှာပင်နေရမည်ဖြစ်သည်။

ယင်းကဲ့သို့ စည်းမျဉ်းချမှတ်ခြင်းမပြုပါက နိုင်ငံတွင် တစ်ရက်အတွင်း ထောင်ပေါင်းများစွာသေဆုံးသည်ကို မြင်လာရနိုင်ကြောင်း ဝန်ကြီးချုပ်၏ ဆေးဘက်ဆိုင်ရာအရာရှိချုပ် ခရစ္စဝှစ်တီနှင့် သိပ္ပံအကြံပေးအရာရှိချုပ် ပက်ထရစ် ဗားလန့်စ်တို့က ပြောဆိုခဲ့သည်။

ဗြိတိန်၏ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ ယောနသန်ဗန်တမ်းက ရောဂါသည် ထိန်းချုပ်မရသည့် အနေထားကို ရောက်ရှိနေပြီဖြစ်ပြီး ဆေးရုံများတွင် မနိုင်မနင်း ဖြစ်လာနိုင်ချေ ရှိနေကြောင်း ပြောဆိုထားသည်။ အစိုးရ၏ သိပ္ပံဆိုင်ရာအကြံပေးအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Scientific Advisory Group for Emergencies – SAGE အဖွဲ့ကလည်း အစောပိုင်းကတင်ပြထားသည့် အဆိုးဆုံးအနေအထားသို့ ရောက်လာနေပြီ ဖြစ်ကြောင်း သတိပေးခဲ့သည်။

ပိတ်ပင်မှုကာလအတွင်း အလုပ်ယာယီရပ်နားခံ အလုပ်သမားများသည် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်ရန်ပုံငွေမှ လစာ ၈၀ % ခံစားခွင့် ရရှိမည်ဖြစ်သည်။ မရှိမဖြစ်ဈေးဆိုင်များ၊ ကျောင်းများ တက္ကသိုလ်များ ဆက်လက်ဖွင့်လှစ်ရမည်ဖြစ်ပြီး လက်ရွေးစင်အားကစားပွဲများလည်း ဆက်လုပ်ခွင့်ရသည်။ အပျော်တမ်းအားကစားပွဲများ ရပ်ဆိုင်းရန် တောင်းဆိုမည်ဟုဆိုသည်။

ဘီယာဆိုင်၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်မပေးတော့ဘဲ ပါဆယ်သာဝယ်ယူခွင့်ပေးတော့မည် ဖြစ်သည်။ ပြည်ပသွားလာမှုကို အလုပ်အတွက်သွားလာမှုကိုသာ အားပေးမည်ဆိုသည်။ ဘုရားကျောင်းများကို တစ်ဦးချင်း ဝတ်ပြုသူအတွက်သာ ဖွင့်လှစ်ထားမည်ဖြစ်ပြီး အသုဘအခမ်းအနားများကိုလည်း တက်ရောက်သူအရေအတွက် ကန့်သတ်လိုက်သည်။

ကိုဗစ်ရိုက်ခတ်မှုကြောင့် ကမ္ဘာ့ဆဌမမြောက် အကြီးဆုံးစီးပွားရေးဖြစ်သည့် ဗြိတိန်စီးပွားရေးသည် ရာခိုင်နှုန်း ၂၀ ထိ စံချိန်တင်ထိုးကျခဲ့ပြီဖြစ်သည်။ ကိုဗစ်ကြောင့် သေဆုံးသူ ၄၆၀၀၀ ကျော် ရှိလာပြီဖြစ်သည့် ဗြိတိန်သည် ယင်းသေဆုံးမှုဇယားတွင် အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် မက်ဆီကိုတို့နောက် ပဉ္စမနေရာတွင် ရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page