ကိုဗစ်အလွန် ကမ္ဘာ့စီးပွားရေးအလားအလာနဲ့ အခြေအနေ မကောင်းတော့တဲ့ မြန်မာ့စီးပွားရေး

ကိုဗစ်အလွန် ကမ္ဘာ့စီးပွားရေးအလားအလာနဲ့ အခြေအနေ မကောင်းတော့တဲ့ မြန်မာ့စီးပွားရေး

တိုက်တင်းနစ် မြုပ်တော့ သင်္ဘော က အကုန်ဆွဲချသွားတာပဲ၊ လူရော၊ ပစ္စည်းတွေရောပဲ၊ အလေးဆုံးက အောက်ဆုံးမှာ။ ဘာနဲ့တူလဲဆိုတော့ အိမ်သာ ရေဆွဲချလိုက်သလိုပဲ၊ ဝဲကတော့ထိုးပြီး အကုန်နစ်တာ။ ကြိုသိတဲ့လူက မနစ်ခင် အသက်ကယ်လှေနဲ့ ဝေးဝေး လှော်ထားနိုင်မှ အသက်ချမ်းသာတာ။ ဒါတောင် အနီးကလှေတွေ ဆွဲချသွားသေးတာ။

ကျွန်တော်တို့ ကမ္ဘာရဲ့ စီးပွါးရေးလည်း တိုက်တန်းနစ်လို မြုပ်သွားမှာ။ ဘယ်သူပါမလဲ အကုန်လုံးဗျို့၊ မြန်မာလည်းပါမယ်၊ အကုန်လုံးပဲ။ အကြီးဆုံးကုမ္ပဏီတွေက အောက်ဆုံးမှာ။

ပြောပြမယ်။ ရန်ကုန်က ကုန်စည်ထုတ်လုပ်မှု မှာ တနိုင်ငံလုံးရဲ့ ၆၀ ရာနှုံးအထက် ထုတ်ပေးနေတာ။ အခု ရန်ကုန် မြွေကိုက်နေတယ်။ ကိုဗစ်ကြောင့်ကျမ်းမာရေးအသုံးစားရိတ်ပိုသုံးနေရတယ်၊ ဘီလီယံပေါင်းများစွာ တနေ့တနေ့ကုန်တယ်။ ကြိုတင်ဘတ်ဂျက်ရာထားတာ မရှိဘူး။ အရေးပေါ်သုံးရတာ။ ကာကွယ်ဆေး အတွက် လူ ၅၄ သန်းကိုထိုးပေးဖို့ ဘီလီယံပေါင်းများစွာ ထပ်ကုန်ဦးမယ်။ အလကားရတောင် သယ်ယူစားရိတ် နဲ့ ကုန်ကျစာရိတ် ကွင်းဆက်ကြီးရှိနေတယ်။

mask ဖိုးတင် တရက်တရက် တရာ နှစ်ရာနဲ့ လူပေါင်း ၁၀ သန်းလောက်တပ်နေရတယ်ထား… တနေ့ သန်း နှစ်ထောင်လောက် ကုန်မယ်။ သုံးလလောက်တပ်နေရရင် သန်းပေါင်း တသိန်းရှစ်သောင်း၊ ဘီလီယံ ၁၈၀ လောက် လွှင့်ပစ်လိုက်ရတဲ့ အဝတ်စုတ်ဖိုးကုန်မယ်။ ပြန်မရတဲ့ငွေတွေ။ ဝန်ထမ်းတွေအိမ်မှာနေခိုင်းပြီး လစာပေးရတာ တလတလ ဘီလီယံပေါင်းများစွာ၊ သူတို့ဆီက လုပ်အားမထွက်လာဘူး။ အားလုံးပေါင်းလိုက်ရင် ဒီကပ်ကြီး ပြီးသွားတာနဲ့ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ကပ် က တိုင်းပြည်ထဲက ဆွဲနှုတ်သွားပြီ။ ဘယ်ကငွေတွေလဲဆိုတော့ တိုင်းပြည် လည်ပါတ်တဲ့ ငွေတွေ။ တိုင်းပြည်ကိုမောင်းနေတဲ့ ငွေ ဖြစ်တဲ့ စက်ဆီလျော့ရင် ပုံမှန်ဘယ်မောင်းနိုင်ပါ့မလဲ။ ခရီးလည်း မရောက်တော့ဘူး။ ဒါကြောင့် အကုန် ထိသွားပါလိမ့်မယ်။ အနည်းနဲ့အများပဲ။

အခုဒုတိယလှိုင်းမှာ အွန်လိုင်းက ထမင်း ဟင်းတောင်ရောင်းဖို့ အားမရှိကြတော့ဘူး၊ အစားအသောက်ပို့တဲ့လုပ်ငန်းလည်း ဝန်ဆောင်မှုသိပ်မရ။ အနုပညာသမားတွေလည်း ညစ်နေလို့ တပိုင်တနိုင်တောင်မဖျော်ဖြေနိုင်။ စီးပွါးရေးသမားကလည်း ဒုတိယလှိုင်းက အတော်ဆိုးတယ် ညည်းနေကြပြီလေ။ ချိုးခြံချွေတာတော့ အဝတ်အထည် နဲ့ အလှကုန် တန်ဖိုးကြီးပစ္စည်း စျေးကွက်ကလည်း ဇောက်ထိုးပဲ။ တိုင်းပြည်ကလုပ်ငန်းရှင်တွေကလည်း ဘဏ်တိုးတောင်မဆပ်နိုင်တော့တဲ့အခြေအနေ။ ဘဏ်တွေလည်း လည်ပါတ်ငွေကျဆင်းမယ်။ ပညာရေးကလည်း မရေရာ၊ အဆင့်မြင့် သင်တန်းတွေလည်း တက်တဲ့သူ နည်းလာမယ်။ ခရီးသွားလုပ်ငန်းဆို မြေပေါ်ဘုန်းဘုန်းလဲ ပြိုကျသွားပါပြီ။ တိုင်းပြည်ကို ငွေအလကားလာပေးတဲ့ ခရီးသွားတွေလည်း နောင် တနှစ် အတွင်း မမျှော်လေနဲ့။ တိုင်းပြည်က တနေ့လုပ်တနေ့စားက အများဆုံးလူတန်းစား။

အခုရွေးကောက်ပွဲကာလ၊ ကိုယ်ယုံကြည်ရာ ကိုယ်မဲဆွယ်ရင်း ပျော်ကြ ပြုကြ။ ရွေးကောက်ပွဲပြီး သုံးလေးလ မှာ လူတွေက မျှော်လင့်ချက်နဲ့ အစိုးရသစ်ကို စောင့်ကြမယ်။

ဒီလူ ၅၄ သန်း တနှစ်လောက်အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့နိုင်ငံ၊ အခွန်ကလည်းသိပ်မရ၊ ပြဿနာတွေက သောင်းခြောက်ထောင်နဲ့ ဘယ်လိုကောင်းလာမှာလဲ? ချက်ခြင်းမကောင်းတာနဲ့ ၆လ ၇ လ လောက်ရောက်တော့ ထုံးစံအတိုင်း ကိုယ်မဲပေးခဲ့တဲ့ အစိုးရသစ်ကို ဆဲကြ ဆိုကြပေါ့… ဟိုဝန်ကြီးက ဟိုလိုမလုပ်လို့၊ ဒီဌာနက ဒီလို ဖြစ်လို့ နဲ့ ဆဲရင်း ဆိုရင်း သံသရာတပါတ်လည်မှာပဲ။ အသစ်တက်မဲ့အစိုးရက ရေသည်ယောင်္ကျားလို မြို့ရိုးပေါ်က သူရေထမ်းရောင်း စုထားတဲ့ ပဲဝက်မျှရှိသောအသပြာနဲ့ အိမ်ရှေ့မင်းလုပ်ရမှာ။ အတော်ရုန်းကန်ရမယ်ဗျ။ လက်ရှိအခြေအနေက မြန်မာပြည် သိကြားမင်းဆင်းအုပ်ချုပ်တောင် သူ့နတ်မိဘုရားလေးယောက် နားကပ်ပေါင်ပြီး အုပ်ချုပ်ရမှာ။ ဒီအခြေအနေမှာ အလွန်ခွန်အားရှိပြီး တိုင်းပြည်ကို ရှေ့သို့သာတက်လော မဆုတ်ကြနှင့် ဆိုတဲ့ နောင်ရိုးဘုရင် ဦးဆောင်မှု လိုချင်ပါသည်။

အခုကတည်းက နည်းမျိုးစုံနဲ့ သင်္ဘောနဲ့အတူ မြုပ်မသွားအောင် အသက်ကယ်လှေ နဲ့ အားကုန်လှော်ထားနိုင်ရင်တော့တမျိုး၊ လှော်ဖို့လည်း တရာမှာတယောက် အားမရှိဘူး။ ကမ္ဘာ့စစ်ပြီးခေတ် စီးပွါးရေး ပေါ်လစီတွေ ပြန်လေ့လာထားမှဗျ။ ခါးပတ်သာပတ်ထားကြပေတော့။ တနိုင်ငံထဲမဟုတ်ဘူး၊ တကမ္ဘာလုံး မြုပ်တဲ့ပွဲ ဆို တော့ နည်းနည်း ဖြေတွေးရမှာပေါ့။

သက်သာဖို့ ဘာလုပ်ကြမှာလဲ ဆိုတော့ ဒုတိယလှိုင်းကော တတိယလှိုင်းကော အတိုဆုံးနှုံးနဲ့ ဖြတ်နိုင်အောင် ကြိုးစားကြမှဗျ။ mask တပ်၊ လူအုပ်စု ရှောင်၊ အလုပ်မလုပ်ရဘူး မဟုတ်ပါဘူး သတိကြီးကြီးနဲ့ လုပ်ကြရမှာ။ မြုပ်လည်း ကမ်းမြင်ရတဲ့နေရာ မြုပ်နိုင်အောင် မာလိန်မှုးက မြုပ်ရက်နဲ့ အသားကုန်မောင်း၊ ကိုယ်တွေကလည်း ဇနက္ကမင်းသားလို ခုန်ချဖို့ ပြင်၊ သက်လုံမွေး။ ထိတာကတော့ နိုင်ငံ မွဲလေ ထိလေပဲ။ အားလုံးနားလည်ပြီး ကြံ့ကြံ့ခံနိုင်မှာရယ်…

ကဲဗျာ… စိတ်ဓါတ်တက်ကြွအောင်ရေးပါဆိုမှ … စိတ်ဓါတ်ကျစရာတွေ ပြောမိပြန်ပြီ။ အတော်အဆိုးမြင်တဲ့လူလို့သာမှတ်လိုက်ဗျာ။ စိတ်မပျက်ကြပါနဲ့၊ ခေတ်ပျက်သူဌေးဆိုတာလည်းရှိတာပဲ။ နိုင်ငံက ဆင်းသွားလည်း ကိုယ်ကြိုးစားရင် ဖြစ်ပါတယ်။

အိပ်မပျော်လို့ထင်ရာမြင်ရာတွေရေးတယ်သာမှတ်လိုက်ကြပါဗျာ။ လက်ကလည်း အားနေ ဒီဖုံးပဲ ပွတ်နေတော့တာပဲ။

Kyaw Swa Min

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page