ကိုဗစ်ကာလမှာ သံဃာတော်တွေ အာပတ်မသင့်စေရန်အတွက် လှူဒါန်းနည်းများ

ကိုဗစ်ကာလမှာ သံဃာတော်တွေ အာပတ်မသင့်စေရန်အတွက် လှူဒါန်းနည်းများ

မှန်ကန်စွာ လှူတတ်ကြစေရန် နှင့် ရဟန်းသံဃာကို အပြစ်မဖြစ်စေရန်….တင်ပြပါသည်။ (ဖတ်ရန်ကြာချိန် – ၄ မိနစ်)

သံဃာတော်များကို ကပ်လှူသော လှူဖွယ်ပစ္စည်းများသည် တစ်မွန်းတည့်၊ တစ်ရက်၊ တစ်ပတ် စသည်ဖြင့် မှန်ကန်သော အချိန်ကာလ အကန့်အသတ်နှင့် သင့်လျော်စွာ သုံးစွဲခွင့်ရရှိကြစေရန် ပစ္စည်းအမျိုးအစား အလိုက် ခွဲ၍လှူဒါန်းသင့်ပါသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊သိမ်ဆင်းလောင်းပွဲများတွင်အလှူရှင် အများစု သည်ဆွမ်းဆန်၊ဆီ၊ဆပ်ပြာ၊သွားပွတ်တံ၊သွားတိုက်ဆေး၊ လိမ်းဆေး၊ ဖယောင်းတိုင်၊ သပိတ်၊ သင်္ဃန်း၊ထီး၊ဖိနပ်၊၀တ္ထုငွေ၊ ကိတ်မုန့်၊စားဖွယ် စသည် အမျိုးမျိုးကို ရှမ်းပွဲဟု စုပေါင်းထည့်သွင်းပြီး တစ်မျိုး၊ ခြင်းအတွင်းထည့်သွင်းက တစ်နည်း၊ အလွန်ဖြူစင်သော ရဟန်းအသစ်ကို အပ်စပ်သည်ရော ၊ မအပ်စပ်သည်ပါ ရောနှောပြီး တစ်ဖုံ လှူဒါန်းကြ သောကြောင့် သန္နိဓိကာရက သိက္ခာပုဒ် အရ အပြစ် အာပတ်သင့်ကြရပါသည်။

ဝိနည်းတော်အရ ဆိုရသော် ကာလရှည် ရက်ရှည် ကာလိက ပစ္စည်းများနှင့် ရက်တို ကာလိက ပစ္စည်းများရောနှော အလှူခံရပါက ရဟန်းသည် ရက်တိုပစ္စည်းသုံးစွဲခွင့် ကာလ အတိုင်းသာ ကျန်ပစ္စည်း အားလုံးကို သုံးစွဲရတော့သည်။

ထင်ရှားအောင်ပြောရလျှင်- ကိတ်မုန့်နှင့် ထွန်းရွှေဝါလိုလိမ်းဆေးကို အတူတူလှူပါက လိမ်းဆေးကိုလည်း ကိတ်မုန့်ကဲ့သို့ မွန်းမတည့်မီ မနက်ပိုင်းတွင် အကုန်သုံးရတော့ပေမည်။ ထို့ကြောင့် သံဃာတော်များ ဝိနည်းစည်းကမ်းနှင့် အညီ သုံးဆောင်နိုင်စေရန် ကာလအလိုက် ခွဲကာလှူဒါန်းတတ်ရပါမည်။

သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းနှင့် သုံးစွဲအပ်သော ကာလအပိုင်းအခြားများ

ကာလိက (၄) မျိုး
၁။ ယာဝကာလိက (အရုဏ်တက်ချိန်မှ မွန်းလွဲချိန်ထိ နေ့တစ်ဝက်သာသုံးဆောင်အပ်သည့် စားသောက်ဖွယ်ရာများ)
ထမင်း၊ ဆန်မုန့်ညက်၊ မုန့်အမျိုးမျိုး၊ အသားဟူသော ဘောဇဉ်(၅)ပါး၊ သစ်သီး၊ ကြံစသော ခဲဖွယ်အမျိုးမျိုးနှင့် နွားနို့၊ နို့ဆီ၊ လ္ဘက်ရည်၊ ကော်ဖီစသည့်အနည်မှုန်ပါ သောက်ဖွယ်အမျိုးမျိုးတို့သည် နံနက်အရုဏ်ကပ်လှူချိန်မှ မွန်းလွဲချိန်ထိသာ ဘုန်းပေး သုံးဆောင်နိုင်ပြီး ပိုလျှံသော အစားအစာအားလုံးကို နောက်နေ့တွင် မစား အပ်ပါ။

၂။ ယာမကာလိက (အကပ်ခံပြီးနောက် နောက်တစ်နေ့ အရုဏ်မတက်မီအချိန်ထိ သုံးဆောင်နိုင် သည့် ဖျော်ရည်အမျိုးမျိုး)

ရဟန်းတော်တို့နှင့်အပ်စပ်သော ဖျော်ရည်ရှစ်မျိုးမှာ ၁။ သပြေသီး ၂။ သရက်သီး ၃။ သပျက်သီး (မုဒရက်သီး) ၄။ ဖက်သက်သီး ၅။ သစ်မက်သီး ၆။ တောငှက်ပျောသီး ၇။ အိမ်ငှက်ပျောသီး ၈။ ကြာစွယ်စသည်တို့ကို ဖျော်ရည်ပြုလုပ်၍ သုံး ဆောင်နိုင်ပါ သည်။ တစ်ခြားသော မန်ကျည်းဖျော်ရည်၊ ဇီးဖျော်ရည်၊ ရှောက်ဖျော်ရည်၊ သံပရာ ဖျော်ရည်၊ လိမ္မော်ရည်တို့ သည်လည်း ဖျော်ရည်ရှစ်မျိုးကဲ့သို့ ပြုလုပ်ရသော အနုလော ဖျော်ရည်များအဖြစ် ရဟန်းတို့နှင့် အပ်စပ်ပါသည်။

သို့သော် မီးနှင့်ချက်ပြီးပြုလုပ်သော ဖျော်ရည်များမှာ (ယာဝကာလိကော) အမျိုးအစားဖြစ်သွား၍ မွန်းလွဲပြီးနောက် မသောက်အပ်ပါ။ ထို့အတူ အုန်းနို့၊ ပိန္နဲသီး၊ ဖရဲသီး၊ သခွားသီးစသည်တို့ဖြင့် ပြုလုပ်ထားသော ဖျော်ရည်များကိုလည်း မသောက် အပ်ပေ။
ရဟန်းတော်များသည် ရေကိုကျိုချက်နိုင်သော်လည်း ကိုယ်တိုင်ဖျော်ခြင်း၊ ၊ စစ်ခြင်းတို့ကို မပြုလုပ်အပ်ပါ။ ဖျော်ရည်ကိုသုံးဆောင်ရာတွင်လည်း အကြောင်းမဲ့ သက်သက်အာဟာရဖြစ်အောင် သောက်သုံးလျှင်အပြစ်ဖြစ်ပါသည်။ ဆာလောင် မွတ်သိပ်၍ သောက်လျှင် အပြစ်မဖြစ်ပါ။

ထို့ကြောင့် အလှူရှင်များသတိပြုသင့်သည်မှာ မွန်းလွဲပိုင်း ညနေလှူဒါန်းရန် ဖျော်ရည်ပြုလုပ်သောအခါ ရေစိမ်း၊ ရေအေးဖြင့်သာ ဖျော်စပ်ပါ။ သံဃာတော်များ အမှန်တကယ် ဆာလောင်လောက်သည့်အချိန်မှသာ လှူဒါန်းပါ။ အရုဏ်တက်ချိန်ထိ သုံးဆောင်လောက်သော ပမာဏကို ချင့်ချိန်လှူဒါန်းပါ။

အထူးသတိပြုရန်မှာ တစ်နေ့တည်းကုန်အောင် မသုံးဆောင်နိုင်သော ဖျော်ရည်ပုလင်းများ၊ ဗူးများကို ရဟန်းတော်များသို့ တိုက်ရိုက်မကပ်ဘဲ ကိုရင်၊ ကျောင်းသား၊ ကပ္ပိယများထံတွင်အပ်နှံ၍ အလိုရှိချိန်တွင် ဆပ်ကပ်လှူဒါန်းစေ ခြင်းဖြင့် ရဟန်းတော်များ အတွက်လည်း ဝိနည်းတော်နှင့်အပ်စပ်ပြီး အလှူရှင်များ အတွက် လည်း အလှူသန့်ရှင်းခြင်းအကျိုးထူးကို အမှန်ရရှိစေပါလိမ့်မည်။

၃။ သတ္တဟကာလိက (အကပ်ခံပြီးနောက်(၇)ရက်အတွင်းသာ သုံးဆောင်အပ်သော ပစ္စည်းများ)

ထောပတ်၊ ဆီဦး၊ ဆီအမျိုးမျိုး၊ ပျားရည်၊ တင်လဲဟူသော ဆေး(၅)မျိုး၊ ထိုဆေး(၅)မျိုးနှင့်ပြုလုပ်ထားသော အင်္ဂလိပ်ဆေး၊ စတုမဓူ၊ လျက်ဆားစသော တိုင်းရင်းဆေးတစ်ချို့သည် (၇)ရက်အတွင်းသာ သိမ်းဆည်းသုံးဆောင်မှီဝဲအပ်ပါသည်။

တင်လဲအုပ်စုတွင်ပါဝင်သော သကြား၊ သကာ၊ ထန်းလျက်တို့နှင့်တကွ အထက်ပါ ဆေး အမည်များကို အာဟာရအတွက် အဆာပြေသုံးဆောင်ခြင်း မပြုအပ်ပဲ အစာမကြေခြင်း၊ လေထခြင်း၊ အားကုန်ခမ်းခြင်းစသော ရောဂါဝေဒနာများအတွက်သာ သုံးစွဲအပ်ပါသည်။ ထို့ကြောင့် သံဃာတော်များကို (၇) ရက်အတွင်းသာ သုံးဆောင်အပ်သည့် ဆေးဝါးများလှူဒါန်းလိုပါက ကပ္ပိယကာရကတို့နှင့် တိုင်ပင်ကာ(၇)ရက်အတွင်း သုံးလောက်ရုံမျှ လိုအပ်သလောက်သာ ခွဲ၍ခွဲ၍ လှူဒါန်းသင့်ပါသည်။

၄။ ယာဝဇီဝက (အကပ်ခံပြီးနောက် တစ်သက်လုံး သုံးဆောင်နိုင်သော ဆေးဝါးပစ္စည်းများ)

ဆေးဖော်စပ်ရာတွင်အသုံးပြုနိုင်သော မန်းကျည်းရွက်အကြမ်း၊ ကင်ပွန်းရွက် အကြမ်းစသော အရွက်၊ အခေါက်၊ အမြစ်၊ အဥနှင့် ဆေးအဖြစ်သုံးစွဲရန်ရည်ရွယ်သော ဆား၊ ချင်းစိမ်း၊ ငရုပ်၊ ကြက်သွန်စသော ဆေးဖက်ဝင်ပစ္စည်းပါဝင်ပါသည်။
တစ်ချို့ အင်္ဂလိပ်ဆေး၊ မြန်မာဆေးဝါးများသည်လည်းရောဂါဝေဒနာကုသနိုင်ရန် ယာဝဇီဝကအဖြစ် သိမ်းဆည်းသုံးဆောင်နိုင်ပါသည်။

ဤနေရာတွင် မြတ်စွာဘုရားရှင် ညွှန်ပြတော်မူသော အခါခပ်သိမ်းသုံးဆောင်မှီဝဲ နိုင်သည့် ဆေးနည်းတစ်ရပ်ကိုဖော်ပြလိုပါသည်။ ယင်းဆေးနည်းမှာ ဆီးဖြူသီး၊ သျိသျှားသီး၊ သဖန်းခါးသီးတို့ကို နွားမကျင်ငယ်ရည်ဖြင့် ရက်သတ္တပတ်ခန့် (ကြာလေကောင်းလေ)စိမ်ပြီးလျှင် ရဟန်းတို့အား ဆေးအဖြစ် မှီဝဲသောက်သုံးပါက သည်းခြေနာနှင့်တကွ ဝေဒနာအပေါင်းတို့ကိုနိုင်နင်းသည်ဟု ညွှန်ပြခဲ့ပါသည်။

ထိုသို့ မဆင်ခြင်မိပါက ရဟန်းတော်များသည် သန္နိဓိကာရက သိက္ခာပုဒ်အရ အပြစ် အာပတ်သင့်ကြရမည် ဖြစ်သောကြောင့် သတိပြုကြစေရန် “ဓမ္မစက္ကဦးမောင်မောင်၏ သံဃာတော်များနှင့် ပြောဆိုဆက်ဆံနည်းစာအုပ်” မှ ထုတ်နှုတ်ဖော်ပြလိုက်ရပါသည်။

ချမ်းသာကြပါစေ
နန်းဝေ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page